Showing posts with label ခရီးသွားဆောင်းပါး. Show all posts
Showing posts with label ခရီးသွားဆောင်းပါး. Show all posts

Wednesday, March 20, 2013

မလေးရောက် ပြောစရာလေးများ အပိုင်း-၁




ဒါ ဓမ္မဂါးဒင်းလို့ခေါ်တဲ့ Samnak Sambodhi Buddhist Temple ပါ။

သီဟိုဠ်ကနေ သူငယ်ချင်းများဖြစ်ကြသော ကိုနတ်၊ ကိုသောမတို့နဲ့အတူ ၂၇ ရက် နေ့ နံနက် ၇-၂၅ Flight ဖြင့် မလေးကိုထွက်ခဲ့ကြပါတယ်။ အလည်အပတ် ဆိုပါတော့။ မလေးဆိုတဲ့အတိုင်းပါပဲ လေယာဉ်ထွက်ချိန်ကိုစောင့်နေတဲ့ Waiting Roomထဲလဲ ရောက်ရော တကယ်ကိုအံ့သြစရာမြင်ကွင်းကို တွေ့လိုက်ရတယ်။ စောင့်နေတဲ့ အခန်း ထဲမှာ ခရီးသည်တော်တော်လေးကိုများပါတယ်။ လေးငါးရာလောက်ထိရှိမယ်ထင် တယ်။ အားလုံးနီးပါးက ဘာသာခြားမွတ်ဆလင်တွေပဲ ဖြစ်နေတာလေ။ ကျန်တာဆိုလို့ ကိုယ်တွေနဲ့ သီရိလင်္ကာ ဘုန်းတော်ကြီး သုံးပါးလောက်ပဲရှိမယ်ထင်တယ်။ တကယ်ကို အံ့သြမိတာလေးပါ။

သူတို့တစ်တွေက နေရာအပြည့်ထိုင်နေတော့ ကိုယ်တွေအတွက် ထိုင်စရာနေရာ မရှိဘူးဆိုပါတော့။ ဒီလိုဖြစ်ချိန်မှာ ချစ်စရာကောင်းပြီး အတုယူစရာကောင်းတဲ့ ဘာသာ ရေးကိုအလေးထား ရဟန်းသံဃာတော်များကို ဦးစားပေးလေ့ရှိတဲ့သီဟိုဠ်ရဲ့  လေယာဉ် ၀န်ထမ်းလေးများက အရင်ထိုင်နေတဲ့ ဘာသာခြား မွတ်ဆလင်ခရီးသည် များကို နေရာ ရွှေ့ခိုင်းကာ အရှင်တို့ကို နေရာပေးပါတယ်။ အရှင်ကတော့ အားနာတတ် စာနာ တတ်တဲ့လူဆိုတော့ မိမိရဲ့ဝါသနာအတိုင်း If no seat, no matter for us, let take a seat. လို့ပြောလိုက်မိသေးတယ်။
ဒီတော့ သူငယ်ချင်းဖြစ်သူ မစ္စတာကိုနတ်က လက်ညိုးညွန်ပြတယ် နံရံကစာတမ်းလေးကို။ for only Reverence and Clergy. တဲ့။ ဒီတော့မှ သြော် ဟုတ်သားပဲလို့ ပြန်ပြောလိုက်တယ်။ ဒါလေးတွေကလဲ ဗုဒ္ဓဘာသာ ၀င်တွေအတွက် အတုယူကျင့်သုံးစရာတစ်ချက်ပဲပါပဲ။

နောက်လေယာဉ်ပေါ်က အဖြစ်ပျက်လေးတွေလဲ ရှိသေးနေပါသေးတယ်။ လေယာဉ်ပေါ်ရောက်လို့ သူ့နေရာကိုယ့်နေရာ ထိုင်ကြတဲ့အခါ သူငယ်ချင်းသုံးပါး တစ်ပါးတစ်နေရာဆီဆိုပါတော့။ အရှင်ကတော့ ကုလားဒကာ နှစ်ယောက်ကြား ရောက်ပြီး ကိုသောမကတော့ ရှေ့ရောက်သွားတယ်။ အင်း ကိုနတ်ကတော့ အစတော့ တစ်ယောက်တည်းဖြ စ်နေတယ်လေ။ နောက်ဆုံးတန်းကဆိုပါတော့။ ခရီးသည်တွေ စုံပြီလဲဆိုရော မွတ်ဆလင်စုံတွဲ ကိုနတ်နားကိုရောက်လာတယ်။ အမျိုးသားက “ငါ ငါ့ဇနီးသည်နဲ့အတူထိုင်ချင်တယ်။ မင်းနေရာလဲပေးလို့ရမလား”တဲ့။ တကယ်တော့ သူ့အမျိုးသမီးနဲ့ မစ္စတာကိုနတ်နဲ့က ထိုင်ခုံအတူဖြစ်သွားပြီး အမျိုးသားက တစ်နေရာ ဖြစ်နေတော့ သူကလာပြီး ကိုနတ်ကို တောင်းဆိုတာပါ။ နောက်တော့ သီရိလင်ကန် အဲယားလိုင်းက ၀န်းထမ်းတွေက ပြေလည်အောင်လုပ်ပေးလိုက်ပါတယ်။ ဒီတော့ ကိုနတ်နဲ့ အရှင်နဲ့က တူတူဖြစ်သွားတာပေါ့။

စဉ်းစားမိလိုက်တယ်…သြော်..လူတွေ..လူတွေ ကိုယ်ချစ်တဲ့သူနဲ့ ခဏတာ လေးတောင် ခွဲမနေချင်ကြဘူးကို။ နောက်ကျ အပြီးပိုင်ခွဲရမှာဆိုတာကို မေ့ပြီး သွားတူ လာတူစားတူ အမြဲတမ်းနေချင်နေတာပါလားလို့ပေါ့။ နောက်…. ဒီမွတ်ဆလင်ဘာသာ ခြားကုလားတွေ သူတို့အမျိုးသမီးတွေကိုတော့ သူများနဲ့ခဏလေး ပေးထိုင်ရမှာကို ကြောက်လိုက်ကြတာ သူများသ္မီးပျို- မိန်းမပျိုလေးတွေကျ ဖျက်ဆီးချင်လိုက်ကြတာ လို့။ ဒါလဲ သတိထားရမှာပါ။

နောက်…. လေယာဉ်ပြန်သန်းချိန်အတော်လေးလဲ ကြာလာရော ရာသီဥတု မသာယာမှုကြောင့် လေယာဉ်တစ်ဆင်းလုံး ကျလိုက်တက်လိုက်နဲ့ လှုပ်ခါရမ်းနေတယ်။ အတော်လေးကိုကြမ်းပါတယ်။ တစ်ခါမှဒီလိုမျိုးမကြုံဖူးဘူးဆိုပါတော့။ လေယာဉ်မယ် လေးတွေတောင် လွတ်နေတဲ့နေရာအချို့ကို ၀င်ထိုင်ပေးနေရတယ်။ ရင်တော့နည်း နည်းလေးထိတ်သွားတယ်။ ခေါင်းမူးသွားလို့ လေယာဉ်က ကပ်တဲ့နံနက် စာတောင် မဘုဉ်းလိုက်ရဘူးဆိုပါတော့။ Kl လေဆိပ်ကိုရောက်သည်ထိ ခေါင်းမူးကပြေဘူးလေ။

လေဆိပ်ရောက်တော့ Immigration ၀င်ပေါ့။ တစ်ယောက်တစ်နေရာဆီ ၀င်လိုက်ကြတယ်။ ပတ်စ်ပို့ပြ လေယာဉ်လက်မှတ်ပြပေါ့။ ဖြစ်ချင်တော့ ဘာကြောင့်ရယ် တော့မသိဘူး။ အရှင်နဲ့ကိုသောမကို ရုံးခန်းထဲထိသွားခိုင်းလို့ ခပ်တည်တည်နဲ့ ဒိုးလိုက်ရ သေးတယ်။ ခေါင်းမူးခြုံထားတဲ့ ရုံးအရာရှိထင်ပါရဲ့ အရှင်ကိုထိုင်တဲ့။ ဒီကလဲခပ် တန်းတန်းပဲ ထိုင်ပစ်လိုက်တယ်။ တည်းမည့်ကျောင်းလိပ်စာနဲ့ ဘယ်လောက်နေမလဲ၊ ဘယ်ကိုပြန်မှာလဲ မေးတယ်။ ဒီကကောင်ကလဲ လိပ်စာကိုလွတ်တန်းရွတ်ပြလိုက်တယ်။ သီဟိုဠ်ကလာတဲ့ကျောင်းသားဖြစ်ကြောင်း မြန်မာကိုပြန်မှာဖြစ်ကြောင်း ပြောလိုက် တယ်။ ဒါကို…သူက သီဟိုဠ်ကိုမပြန်ဘူးလားတဲ့ ထပ်မေးနေလို့ မင်းလက်မှတ်ကို သေချာကြည့်လေ..လို့ ပြောလိုက်တယ်။ တကယ်တော့ ဘာမှမဟုတ်ပါဘူး အဆင်ပြေ သွားပါတယ်။ သက်သက်ရစ်တာပါ။

သတိထားမိတာလေးတစ်ချက်တွေ့ခဲ့တယ်… မလေးရှားဆိုတာ မွတ်ဆလင်တွေရဲ့နိုင်ငံဆိုတဲ့အတိုင်း သီဟိုဠ်လေယာဉ်ပေါ်က ဆင်းလိုက်တာနဲ့ အကုန်းလုံးခေါင်းခြုံတွေချည်ပဲ။ နှမြောစရာကောင်းလိုက်တာ။ အင်း အသားဖြူပြီး မြန်မာနဲ့တော့ နည်းနည်းဆင်သားဗျ။

ဗီဇာထု အိတ်ရွေး ကားငှါးဓမ္မဂါးဒင်းကျောင်းသို့သွား ကျောင်းရောက်။ ဆရာ တော်နဲ့ သူငယ်ချင်းဖြစ်သူ အိန္ဒာဝုဓ, ဒကာတော်ကျောင်းသားထွက်လာ။ ဆရာတော် ဒေါက်တာအိန္ဒကကို ဦးချ နုတ်ဆက် စကားပြောပေါ့။ ဒေါက်တာဆရာတော်ဆိုပေမဲ့ လူလတ်ပိုင်းအရွယ် သဘော မနောကောင်းပွင့်လင်းပါတယ်။ ဓမ္မဂါးဒင်းဆိုသော နာမည် ကိုသုံးပြီး ပြည်ပကို ပညာသင်ထွက်လာခဲ့ပေမဲ့ တစ်ခါမှမမြင်ဖူးပါဘူး။ ပုံတွေ အင်တာ နက်တွေမှာတော့ တွေ့နေမြင်နေရပါတယ်။ ပုံတွေအရတော့ ဥပဓိရုပ် ကောင်း ကောင်း ခန့်ခန့် ညားညားဖြစ်ပြီး မာနကြီးမယ်ထင်ထားတာ။ အခုလိုနဖူးတွေ့ဒူး တွေ့ တွေ့ရ တော့မှ ပုံထဲကနဲ့ မတူပဲ အသားဖြူပြီး မာန်မာနမရှိတာ လူငယ်တွေနဲ့ ဆက်ဆံ ပေါင်းသင်း တတ်တာတွေကို တွေ့ခဲ့ရပါတယ်။ ဒါကလဲ အထင်နဲ့ လက်တွေ့ဟာ အမြဲတမ်း မမှန်နိုင်ဘူး တစ်ထပ်တည်းမကျနိုင်ဘူးဆိုတဲ့ သဘောလက္ခဏာတစ်ခုပါ။

ဆရာတော်က “ဦးဇင်းတို့ နောက်ကျလှပါလား။ နေ့ဆွမ်းချိန်မ်ီမယ်ထင်နေတာ။ ဘာဖြစ်နေလို့လဲ” လို့ စိတ်ပူပန်ခြင်းတွေနဲ့ မေးပါတယ်။ အရှင်တို့ကလဲ immigration မှာ ၀င်နေရပုံကိုပြောပြလိုက်တယ်။ ဒီတော့မှ အော်…တပည့်တော်က ဘာများဖြစ်နေလဲ တစ်ခုခုများဖြစ်နေလား ဆိုပြီး ပူနေတာတဲ့။ တစ်ခါတစ်လေဆို ဒီမှာက အသွား အပြန်လက်မှတ်မဟုတ်ရင် သူတို့သံသယရှိရင် ငွေးတောင်းပြီး လေယာဉ် ပေါ်ပြန်တင် ပေးလိုက်တာလို့ ဆရာတော်က မိန့်သေးတယ်။

နောက်ပြီး… ဦးကေလ၀လာတုန်းကတော့ သူတစ်ပါးတည်းမို့ ဒီကကျောင်းသား ကို သွားကြိုခိုင်းတယ်။ ဦးဇင်းတို့ကျ သုံးပါးဆိုတော့ စိတ်ချရတာမို့ မကြိုခိုင်းလိုက်ဘူး လို့လဲ ပြောပါသေးတယ်။ ဒီမှာက သုံးပါးဆိုရင်တော့ မလုပ်ရဲဘူး။ တစ်ပါးတည်းဆို ကားသမား တွေက သိပ်စိတ်မချရဘူးတဲ့။ လုယက်မှုတွေလုပ်တယ်တဲ့။ ဒကာတော် ကျောင်းသားက အထုတ်တွေသည်လို့ပြီး အရှင်တို့လဲ ဆရာတော်ကိုနုတ်ဆက်ဦးချပြီး မိမိတို့နားရမဲ့အခန်းကို အရှင်အိန္ဒာဝုဓက လိုက်ပို့ပေးခဲ့တယ်။

အခန်းရောက်တော့ ဒုလ္လရဟန်းဝတ်နေတဲ့ ဦးဇင်းနှစ်ပါးနဲ့တွေ့တယ်။ သူတို့နဲ့ စကားလေးဘာလေးပြောပြီး ဒီညတော့ မိမိတို့လဲ လေယာဉ်ပန်းတာကြောင့် စောစော အနားယူဖြစ်ခဲ့ကြတယ်။

မနက်မိုးလင်းတော့ အာရုဏ်ဆွမ်းဘုဉ်းဖို့ အောက်ကြွတော့ မြန်မာအလုပ်သမားတွေ လေးငါးယောက်ကိုတွေ့ရတယ်။ အရှင်တောင် အံ့သြမိတယ်။ ပြည်ပဖြစ်တဲ့ မွတ်ဆလင်နိုင်ငံမလေးမှာ မိမိတို့မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းမှာ အခုလိုမြန်မာဗုဒ္ဓဘာသာတွေ ၀င်ထွက်နေတာတွေ့ရတော့ ဂုဏ်ယူပြီး ပီတိဖြစ်မိသလို သူတို့လေးကိုချီးကျူးမိပါတယ်။ ဆရာရော ဒကာရောတော်ပါပေ တယ်လို့။

ရောက်တဲ့နေ့က အရှင်တို့တစ်တွေ ဆွမ်းနဲ့ဝေးခဲ့တာမို့ ဗိုက်ကဆန္ဒပြနေပေမဲ့ အရုဏ်ဆွမ်းကပ်မဲ့ အလှူရှင်တွေ မရောက်သေးလို့ အပြင်မှာခဏတာစောင့်ရင်း သူတို့ အဖွဲ့နဲ့ စကားပြောဖြစ်တယ်။ သူတို့တစ်တွေက ဒီကိုရောက်တာ လေးငါးခြောက် နှစ်ရှိပြီဖြစ်ကြောင်း၊ ညပိုင်းအလုပ်ဆင်းပြီး မနက်ပိုင်း ဒီကျောင်းမှာ ဝေယျာဝစ္စကုသိုလ် လာယူကြောင်း ပြောပြပါတယ်။ ဒီတော့ အရှင်ကလဲ ၀မ်းသာတဲ့အကြောင်း ပြည်ပ-မွတ်ဆလင်နိုင်ငံမှာ အလုပ်လုပ်ရင်း ဘာသာရေးကို မျက်ခြေမပြတ်တဲ့အတွက် သာဓုခေါ်ချီးကျူးကြောင်း၊ အတိုင်းမသိဂုဏ်ယူပါကြောင်း၊ ကောင်းတဲ့အကျင့်စရဏလဲ ဖြစ်ကြောင်း ပြန်ပြောမိပါတယ်။

မကြာလိုက်ဘူး အရုဏ်ဆွမ်းအလှူရှင် ဇနီးသည်မောင်နှံရောက်လာကြတယ်။ မိမိတို့လဲ အထဲဝင်ပြီး ဘုဉ်းပေးပေါ့။ ဆရာတော်ရဲ့ဆုပေးလေးကလဲ ကောင်းသား။ ဘာတဲ့ သံသရာဝဋ်ဆင်းရဲမှ ကင်းလွတ်ပါရခြင်းအကျိုးငှါ ဆက်ကပ်လှူဒါန်းပါ၏။ ထိုကောင်းမှုကြောင့် ဇနီသည်မောင်နှံသည်လည်း သက်ဆုံးတိုင်ပေါင်းရပါစေသားတဲ့။ ဆုပေးလေး လန်းတယ်။ ဒါပေမဲ့ ကိုယ်တွေနဲ့တော့ မဆိုင်ဘူးဖြစ်နေတယ်လေ။

နောက်….ဆွမ်းဘုဉ်းပြီး စောစောကအလုပ်သမားလေးတွေနဲ့ စကားဆက်ပြောဖြစ်တယ်။ သူတို့တစ်တွေရဲ့ ဘ၀အကြောင်း၊ ဒီကျောင်းမှာ ဘာသာရေးဆို သတို့လက်မနှေး တဲ့အကြောင်း၊ သူတို့ အဖွဲ့လေးစုပေါင်းပြီး ကြွေပြားခင်းမဲ့အကြောင်း၊ သင်္ကြန်းပွဲလေးလုပ်မှာဖြစ်တဲ့အကြောင်း၊ ဆရာတော်ဦးကေလ၀- စာရိုက်ရအောင်ဆိုပြီး ကွန်ပျူတာလပ်တော့လေးတစ်လုံး စုပြီးလှူလိုက်ကြောင်း၊ အသံကောင်းပြီးတရားဟောကောင်းကြောင်း ပြောပြကြပါတယ်။

နောက်… မကြာပါဘူး။ ခြေထောက်မှာ ကျောက်ပတ်တီးစီးထားတဲ့ ဒုက္ခိတ ကောင်းလေးတစ်ယောက်ကို တွေ့ရပါတယ်။ ဒါနဲ့ သူကိုအင်တာဗျူးဝင်လိုက်တယ်။ ကိုယ်နိုင်ငံသားတစ်ယောက်ပဲ မဟုတ်လား။ ဘာဖြစ်တာလဲ မေးတော့၊ ဆိုင်ကယ် မှောက်တာတဲ့။ ငါးရက်နေ့မြန်မာပြည်ကို ပြန်မာဖြစ်ကြောင်း၊ ဒီကဆရာဝန်က နောက် ငါးလနေမှ ပြန်လာပြဆိုလို့ အဆင်မပြေကျောင်း၊ ခြေထောက်က ပိုပိုပြီးယောင် လာကြောင်း၊ ဖြစ်တာက ၁၉ ရက် ၂ လပိုင်းကဖြစ်တာ ပြန်လာပြရမှာက ငါးလပိုင်းမှ ဆိုတော့ ဘယ်ဟုတ်တော့မလဲ။ သူရောက်တာက တစ်နှစ်ပဲ ရှိသေးတယ်။ ဒီလိုမျိုးမကျန်းမာဘူးဆိုတော့ မလွယ်ဘူးပေါ့။

ဒီတော့ ခန္ဓာရှိရင် ရောဂါဖြစ်တာ ရှိတာ သဘာဝဆိုပေမဲ့။ ကျန်းမာရေးတော့ အထူးဂရုစိုက်ဖို့လိုပါတယ်။ ဘာပဲလုပ်လုပ် ကျန်းမာရေးကောင်းနေမှပါ။ အလုပ်ပဲလုပ်လုပ်၊ ပညာပဲသင်သင်၊ တရားပဲအားထုတ် အားထုတ်၊ စစ်ပဲတိုက်တိုက် ကျန်းမာနေမှပါ။ ဒါကြောင့်လဲ မြတ်ဗုဒ္ဓက “အာရောဂျံ ပရမံ လာဘံ-ကျန်းမာခြင်းသည် လာဒ်ကြီးတစ်ခုပဲ”လို့ မိန့်ခဲ့တာပဲ မဟုတ်လား။ အခုလို ပြည်ပမှာဆိုတော့ ပိုပြီးတော့ ကျန်းမာရေးကို ဂရုစိုက်ရမှာပါ။ ကိုယ့်မြေကိုယ့်ရေ ကိုယ်အမေ့အိမ်မှ မဟုတ်တာ ဒါကို သိရမှာပါ။ ကဲ..ပြောစရာတွေတော့ အများကြီးပဲ သင့်အတွက် မနက်ဖန်ဆက်ရန်ပေါ့။

အားလုံးကျန်းမာ-လန်းဖြာ-၀မ်းသာ-ချမ်းသာ-ဘာသာစိတ်-သာသနာစိတ်ရင်မှာ ကိန်းပါစေလို့..အမေ့မေတ္တာရှင်-ခေတ္တ
Samnak Sambodhi Buddhist Temple
Jalan 38, Taman Desa Jaya, 52100 Kuala Lumpur, Federal Territory of Kuala Lumpur, Malaysia









အရှင်သောမနဲ့

မလေးရောက်ပြောစရာလေးများ အပိုင်း-၃


တကယ်တော့ အရှင်ဟာ ဒေသန္တရဗဟုသုတရရှိဖို့ ခရီးသွားလေ့ရှိပါတယ်။ မိမိရောက်ဖူးသည်ဖြစ်စေ၊ မရောက်ဖူးသည်ဖြစ်စေ အခွင့်သင့်တဲ့အခါ သွားလိုက်တာပါပဲ။ ၀ါသနာပါသလို မြတ်ဗုဒ္ဓကလဲ “ စရထ ဘိက္ခဝေ၊ စာရိကံ ဒေသေထ” ဟု မိန့်ခဲ့သည်မဟုတ်ပါလား။
         
 မိမိရောက်သည့် နေရာဒေသတိုင်းမှာလဲ အမှတ်တရဓာတ်ပုံလေးတွေရိုက်လေ့ရှိပါတယ်။ အမှတ်တရ ဆိုတာထက် တကယ့်တော့ မိမိသွားရောက်ခဲ့သည့် နေရာဒေသတစ်ခု၏ သမိုင်းအတွက်ဆို ပိုမှန်ပါလိ့မ်မယ်။ Diary ရေးလေ့ရေးထသိပ်နည်းနဲ့တဲ့ အရှင်အတွက် ဒီဓာတ်ပုံလေးတွေက အတိတ်ကသမိုင်းဖြစ်စဉ်ကို ပြန်လည် ဖော်ပြပေးပါတယ်။ ဒါကြောင့်လဲ ရောက်သည့်နေရာတိုင်း မှတ်တမ်းတင် ဓာတ်ပုံလေးတွေကို ရိုက်နေရသည် ဆိုပါတော့။
          
ဒီဓာတ်ပုံလေးတွေကနေတစ်ဆင့် အရှင်သွားရောက်ခဲ့သည့် နိုင်ငံတစ်ခု နေရာဒေသတစ်ခု၏ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေ၊ ပညာရေး၊ နိုင်ငံရေး၊ အမျိုးသားရေး ယဉ်ကျေးမှု အခြေအနေတွေကို သိနိုင်မြင်နိုင်တွေးဆနိုင်ပါတယ်။ တကယ်တော့ နိုင်ငံတစ်ခု၏ သမိုင်းကိုစာပေဖြင့်ပြန်လည်ဖော်ပြနိုင်သလို ဓာတ်ပုံဗွီဒီယိုမှတ်တမ်းများဖြင့်လဲ ပြန်လည်ဖော်ပြနိုင်ပါတယ်။ ဒါက အရှင်၏ အယူဆသာဖြစ်ပါတယ်။
        
  အခုမလေးရောက်ပြောစရာလေးများ ခေါင်းစဉ်အောက်မှာလဲ ဓာတ်ပုံများစွာကို အင်တာနက်စာမျက် နှာမှာ တင်ပြပေးခဲ့ပါတယ်။ အမြင်အမျိုးမျိုး၊ ခံစားမှုအမျိုးမျိုး ရှိသည့်အနက် အရှင်ကတော့ အကောင်း ဘက်ကနေ၊ အကျိုးရှိမဲ့ဘက်ကနေ မြင်ပြီးခံစားမိခဲ့ပါတယ်။ ဓာတ်ပုံကို ဓာတ်ပုံအမြင်ဖြင့်ပင် ခံစားမယ် ဆိုရင်တော့ ကြည့်သူမြင်သူတွေအတွက် တစ်စုံတစ်ခုသောအကျိုးက နတ္ထိသာဖြစ်နေပေလိမ့်မည်။ ဒီတော့ အင်တာနက်စာမျက်နှာပေါ်က ပုံတွေကိုခံစားတဲ့အခါ ဒီဓာတ်ပုံရဲ့ အဓိပ္ပါယ်ပေါ်အောင်ခံစားရမှာပါ။ ဒါမှလဲ တစ်စုံတစ်ခုသောအကျိုးက ဧကန်ဖြစ်မှာပါ။
          
အရှင်ရဲ့ မလေးရောက်ပြောစရာလေးများထဲမှာ တင်ဖြစ်လိုက်တဲ့ ဓာတ်ပုံတွေကို ပြန်လည်ခံစား ကြည့်မယ်ဆို မလေးရှားနိုင်ငံ၏ ၁။ ဘာသာရေးဆိုင်ရာဓာတ်ပုံများ။ ၂။ ပညာရေးဆိုင်ရာဓာတ်ပုံများ။ ၃။ စီးပွား ရေးဆိုင်ရာဓာတ်ပုံများ။ ၄။ နိုင်ငံရေးဆိုင်ရာ ဓာတ်ပုံများ။ ၅။ အမျိုးသားရေးဆိုင်ရာဓာတ်ပုံများကို တွေ့မြင် နိုင်ပါတယ်။
          
ဘာသာရေးအခြေအနေကို ကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံဟာ ယနေ့အနေထားအရ အစ္စလန် ဘာသာကိုကိုးကွယ်သော မွတ်ဆလင်နိုင်ငံတစ်ခုသာဖြစ်သည်။ မွတ်ဆလင်ကြီးစိုးသော ဒီနိုင်ငံမှာ အခြားသော ဘာသာတွေအတွက် နေရာတစ်ခုရဖို့သိပ်ကိုခက်ခဲပါတယ်။ ဒီမိုကရေစီနိုင်ငံမို့ အခြားသောဘာသာတွေအ တွက် နေရာလေးတစ်နေရာရသည်ထားအုံး ပေးဆပ်ရတဲ့အရင်းနှီးတွေက အတော်လေးကိုများပြားလွန်းပါ တယ်။
          
မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာအခွင့်အရေးအနေနဲ့ကြည့်မယ်ဆိုရင် အတိုင်းတာတစ်ခုထိ အောင်မြင်နေ သည်ဟုဆိုနိုင်သော်လည်း ဘာသာရေးခေါင်းဆောင် မြန်မာရဟန်းတော်များအနေနဲ့ အတော်လေးကို ခက်ခဲ ပင်ပန်းစွာ သည်းခံစိတ်အပြည့်ဖြင့် ကြိုးစားနေရဆဲဖြစ်သည်။ တစ်ချို့ မြန်မာရဟန်းတော်များ ဦးဆောင်နေ သော ဗုဒ္ဓဘာသာကျောင်းများဆို မိမိလက်မိမိခြေမဟုတ်ပဲ တရုပ်ဗုဒ္ဓဘာသာအဖွဲ့အစည်း၏ လက်အောက်မှာ သာရှိနေပေသည်။ သို့သော်လည်း မွတ်ဆလင်နိုင်ငံဖြစ်သော မလေးရှားမှာ ဗုဒ္ဓဘာသာသာသနာပြန့်ပွားအောင် ကြိုးစားဆောက်ရွက်နေသော မြန်မာရဟန်းတော်များကို ချီးကျူးဂုဏ်ယူရမည်သာဖြစ်သည်။
        
  ဒီရဟန်းတော်၊ ဆရာတော်များ၏ ကျေးဇူးကြောင့်ယခုဆို မလေးရှားမွတ်ဆလင်နိုင်ငံမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းများကို တွေ့မြင်နေရခြင်းဖြစ်ပါသည်။ ဒီသာသနာပြုဆရာတော်များ၏ သာသနာပြုဆောင်ရွက်ချက်များကြောင့် မလေးရောက်မြန်မာအလုပ်သမားများ၊ စီးပွားရေးပညာရှင်များသည် လည်း ဘာသာစိတ်သာသနာစိတ် အပြည့်ဖြင့် ပစ္စည်းလေးပါးထောက်ပံ့ကာ ဆရာတော်များနဲ့ညီညာစွာ လက်တွဲပြီး ဗုဒ္ဓဘာသာသာသနာပြန့်ပွားအောင် ပါရမီဖြည့်ဆည်းနိုင်ကြပါသည်။
        
  ထိုသာသနာပြုဆရာတော်များ၏ အဆုံးမများကြောင့် မြန်မာအလုပ်သမားများသည် အားလပ်ရပ် အလုပ်နားရက် စနေတနင်္ဂနွေနေ့တွေမှာ မြန်မာရဟန်းတော်များရှိရာ ဗုဒ္ဓဘာသာကျောင်းများသို့ သွားရောက် လှူဒါန်း၊ ဝေယျာဝစ္စလုပ်၊ အဆုံးအမတရားများကိုနာယူလေ့ရှိပါသည်။ အခါကြီးရက်ကြီးနေ့များမှာလည်း မြန်မာဗုဒ္ဓဘာသာဝင်များ သာသနာပြုကျောင်းများမှာစည်ကားလျှက်ရှိနေပါသည်။ ကထိန်ပွဲ၊ ၀ါဆိုပွဲ၊ နှစ်သစ်ကူး သင်္ကြန်ပွဲများတွင်လဲ ကြေးစည်သံတေ၀၀ဖြင့် ဓမ္မသံများ၊ သာဓုခေါ်သံများ နှစ်ထောင်းအားရကြားနေရပါသည်။ နောက်… လူမှုရေးပရဟိတအသင်းအဖွဲ့များလည်း ဖွဲ့စည်းတည်ထောင်ထားကြပါသည်။ သာသနာပြု ဆရာတော်များက ဓမ္မစကူးလ်သင်တန်းများပို့ချပေးခြင်း၊ ဗုဒ္ဓစာပေအဆုံးများသင်ကြားပေးခြင်း၊ ၀ိပဿနာ သင်တန်းများပို့ချပေးခြင်း၊ ရိပ်သာစခန်းများဖွင့်၍ လက်တွေအားထုတ်ခိုင်းခြင်းဖြင့် ဘာသာရေး၊ သာသနာရေး ရာများကို ဆောက်ရွက်နေသလို၊ မလေးရောက် မြန်မာဗုဒ္ဓဘာသာ အလုပ်သမားများ၊ စီးပွားရေး သမားများ သည်လည်း ပြည်ပမွတ်ဆလင်နိုင်ငံမှာ ရောက်နေသော်လည်း ကျောင်းမဝေး၊ ဘာသာရေးမကွယ်၊ ရဟန်း သံဃာများကို ကိုးကွယ်ဆည်းကပ်နေသောကြောင့် အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါသည်။
         
 နောက်… ပညာရေးဆိုင်ရာဆိုလဲ ဒီနိုင်ငံမှာကား မိခင်ဘာသာစကားဖြစ်တဲ့ မလေးဘာသာကို အဓိက ထားပြီးသင်ကြားပေးပါတယ်။ သူ့နိုင်ငံမှားကျောင်းတတ်မည်၊ တက္ကသိုလ်တတ်မည်ဆိုလျှင် မဖြစ်မနေ သူ့ဘာသာကိုသင်ယူရပါသည်။ အခြားသောဘာသာစကား မည်မျှပင်ကျွမ်းကျင်နေအုံးတော့ သူတို့မလေး ဘာသာကိုမကျွမ်းကျင်၊ မလေးစကားကို မပြောတတ်ဘူးဆိုပါက ဘွဲ့ဒီဂရီများရဖို့သိပ်ကိုခက်ခဲပါတယ်။ ဒီလို ပညာရေးမှာ သူ့တို့မိခင်ဘာသာစကားကို အလေးထားသတ်မှတ်ထားခြင်းသည် သူတို့နိုင်ငံ၏ တိုးတက်ရာ တိုးတက်ကြောင်း နည်းလမ်းကောင်း တစ်ခုပင်ဖြစ်နေပါသည်။
       
   International Languageဖြစ်တဲ့ အီဘာသာစကားကို ရေးနိုင်ပြောနိုင်ဖတ်နိုင်သောလည်း မလေး လူမျိုးများကား သူတို့မိခင်ဘာသာစကားကိုပဲ အဓိကထားပြောဆိုကြပါသည်။ အီစကားကိုကား မဖြစ်မနေ အခါမှသာပြောဆိုလေ့ရှိကြည်ပါသည်။ နောက်… အခြားသောနိုင်ငံက အလုပ်သမားအများစုသည်လည်း သူတို့ မလေးစကားကိုပင်ပြောဆိုကြပါသည်။ ဘယ်နေရာသွားသွား၊ ဘာပဲလုပ်လုပ်၊ ဘယ်သူနဲ့ပဲပြောပြော သူ့နိုင်ငံ မှာတော့ သူတို့ဘာသာစကားတတ်မှသာ အဆင်ပြေပါသည်။ ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ English တောင် မလေးလိုနိုင်ငံမျိုးမှာ သိပ်အလုပ်မဖြစ်တာ၊ အသုံးမ၀င်တာကိုတွေ့ရမှာပါ။ မြန်မာအလုပ်သမားအများစု အင်္ဂလိပ်စကားမပြောတတ်ပဲ မလေးစကားကိုသာ ပြောဆိုတတ်တာကိုတွေ့ရမှာပါ။ နောက်ဆုံး.. မလေးမှာဖွား မြန်မာကလေးများ၊ မလေး-မြန်မာကပြားကလေးများ မြန်မာစကားမပြောတတ်ပဲ မလေးစကားကိုသာပြောဆို နေကြပါတယ်။ ဒါကြောင့်လဲ မလေးမှာရီးသွားရတာ မလေးစကားမတတ်ရင် သိပ်အဆင်မပြေဘူး လို့ပြောရ မှာပါ။
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ…!
အမေ့မေတ္တာရှင်-ခေတ္တ-မလေး

ဂုဏ်ယူလိုက်စမ်းပါ!

Saturday, February 16, 2013

အလင်္ကာပန်းတို့ လန်းစန်းရာမြေ သို့ ချင်နိုင်း-ချီဒါးဘရမ်းဌာနေ




           
အလင်္ကာပန်းတို့ လန်းစန်းရာမြေဆိုသည်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်းဖြစ်ပါသည်။ အိန္ဒိယ နိုင်ငံတောင်ပိုင်းမှာ တည်ရှိသော Chennai and Chidanbaram ဆိုသော တမီးလူမျိုးအများစု နေထိုင်ကြသော ဒီဒေသကြီးများမှာ အလင်္ကာပန်းတို့ လန်းစန်းနေကြပါသည်။
          အလင်္ကာပန်းဆိုသည်မှာ သီရိလင်္ကာတက္ကသိုလ်ကြီးများမှ မာစတာအောင်မြင်ပြီး PhD-ဒေါက်တာတည်းဟူသော အဆင့်မြင့်ဘွဲ့ဒီဂရီများကို ခက်ခက်ခဲခဲလေးလာ သင်ယူနေသော မြန်မာကျောင်းသား ရဟန်းတော်များကို ဆိုခြင်းဖြစ်ပါသည်။ ထိုဒေါက်တာလောင်းတည်းဟူသော PhD ဘွဲ့ကိုလေ့လာသင်ယူနေကြသော မြန်မာကျောင်းသားရဟန်းတော်များသည် ခက်ခက်ခဲခဲလေလာ သင်ယူနေရသော်လည်း ဒီအိန္ဒိယတောင်ပိုင်းမှာရှိသော ချင်နိုင်းနဲ့ ချီဒန်ဘရမ်မြို့တော်ကြီးများမှာ လန်းစန်းနေကြပါသည်။
          အိန္ဒိယမှာ ဒေါက်တာဘွဲ့လေ့လာရတာ လွယ်သယောင်ယောင်ရှိသော်လည်း နေရာတိုင်း တက္ကသိုလ်အသီးသီးတိုင်းမှာ အခက်အခဲကိုယ်စီတော့ ရှိနေကြသည်သာ။ ကိုယ်မြေ့၊ ကိုယ့်ဌာနေမှ မဟုတ်တာ ဘယ်လောက်ပဲလွယ်တယ်ပြောပြော ခြွေးတွေ၊ အားတွေ၊ ငွေတွေ မရင်းပဲတော့ ဒေါက်တာတည်းဟူသော ဘွဲ့ဒီဂရီကိုတော့ အောင်ပန်ဆင်နိုင်မည် မဟုတ်ပါ။
          ဟာသလူရွှင်တော်တွေ ပြောသလိုပြောရအုံးမယ်…စပ်မိစပ်ရာ ဘာညာကွိကဆိုသလိုပေါ့။ ကိုယ့်မြေ ကိုယ့်ဌာနေမဟုတ်တဲ့ သူများပြည် သူများဌာနေမှာ ပညာသင်ရတာနဲ့ ပက်သက်လို့ နည်းနည်းပါးပါးပေါ့။ ဒီအကြောင်းကို ပညာတော်သင် သူငယ်ချင်းများနဲ့ မကြာမကြာပြောမိပါတယ်။ လောကယ်ကျောင်းသားများနဲ့ ဖောရိန်းကျောင်းသားများအပိုင်းပေါ့။ အခု လက်လှမ်းမှီသလောက် ပြောရမယ်ဆိုရင် မြန်မာကျောင်းသားရဟန်းတော်များ B.A, M.A, M.Phil., PhD စသော ဘွဲ့ဒီဂရီများကို လေ့လာသင်ယူနေကြသော သီရိလင်္ကာနှင့် အိန္ဒိယဆိုပါတော့။ ဒီနိုင်ငံက တက္ကသိုလ်တွေမှာတော့ သူတို့နိုင်ငံသူ သား လောကယ်ကျောင်းသားများကို အခွင့်ရေးတွေပေး ထားပါတယ်။ တက္ကသိုလ်ဖီးကြေးတွေ သက်သာတာ၊ စိတ်တိုင်းကျဆောင်ရွက်ပေးတာ စသည်ပေါ့။ ဖောရိန်းကျောင်းသားဆိုတဲ့ ကိုယ့်တွေကျတော့ ဈေးကြီးပြီး မာမာပြောဆိုတယ်လေ။ ဘာဆိုဘာမှ အခွင့်ရေး မရှိပါဘူး။
          ကိုယ့်အမိမြေက တက္ကသိုလ်ကြီးများမှာတော့ နိုင်ငံခြားသား ဖောရိန်းကျောင်းသားဆို သိပ်ကို အခွင့်ရေးတွေပေးထားတာ။ စားစရာ၊ နေထိုင်စရာ၊ ပညာသင်လဲ အခမဲ မဟုတ်ပါလား။ မိသားစုစကားနဲ့ပြောရရင် ဖူးဖူးမုတ်ထားတယ်ဆိုပါတော့။ အမိမြေမှာ အမိမြန်မာလောကယ် ကျောင်းသားတွေ ရဟန်းတော်တွေ ဖောရိန်းကျောင်းသားတွေလို အခွင့်ရေးရ မရတော့ မသိဘူး။ သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံမှာတော့ လောကယ်ကျောင်းသားတွေကို အခွင့်ရေးအများကြီး ပေးထားပါတယ်။ စပ်မိလို့ပြောမိလိုက်တယ်။ မှားချင်လဲ မှားမယ်၊ မှန်ချင်လဲမှန်မယ်၊ ကြိုက်ချင်လဲ ကြိုက်မယ်၊ မုန်းချင်လဲ မုန်းမယ်ပေါ့ဗျာ။
          ကဲ..ဆက်လိုက်အုံးမယ် ရှေ့ကိုလေ။ ချင်နိုင်းနဲ့ ချီဒန်ဘရမ်အကြောင်းပေါ့။ ချင်နိုင်းမြို့ဆိုသည်မှာ စီးပွားရေးမြို့တော်လို့လဲ ပြောကြပါတယ်။ သေးတယ်ထင်ရသော်လည်း မြို့ကြီးတစ်မြို့ပါပဲ။ ဒီမြို့မှာကား တမီးလူများ-ဟိန္ဒူဘာသာဝင်များ အများစုနေထိုင်ကြပါတယ်။ စကားကလဲ အိန္ဒိယမြောက်ပိုင်း ဂယာဘက်နဲ့ အတော်လေးကို ကွဲပါတယ်။ မတူဘူးဆိုပါတော့။ နောက်ပြီး..သီရိလင်္ကာနိုင်ငံနဲ့ အနီးကပ်ဆုံး အိန္ဒိယနယ်စပ်မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အိန္ဒယနိုင်ငံရဲ့ ခံတပ်မြို့တစ်မြို့ဆိုလဲ မမှားပါဘူး။ ဒီအတွက်ကြောင့် ချင်နိုင်းမြို့လေးကို ၀င်ရ ထွက်ရတာ သိပ်တော့ မလွယ်ဘူး။ အတော်လေးကို စစ်ဆေးတယ်။ ကိုယ်တွေကိုရော ဘုန်းကြီးလို့ သိမယ်မထင်ဘူး။
          သီဟိုဠ်နဲ့လဲ ရန်ငြိုးရန်စရှိတော့ အတော်လေးကို သတိထားနေရတယ်။ မြန်မာကျောင်းသား ရဟန်းတော်တွေကို ဆာဒူးကြီးတွေလို့ ထင်ထင်နေလို့ မြန်မာကျောင်းသား ရဟန်းတော်တွေလဲ အတော်လေးကို နေရထိုင်ရတာ အဆင်မပြေရှိလှပါတယ်။ ရင်းရင်းနီးနီးလဲ နေလေ့မရှိဘူးလေ။ ဒီတော့ ဒီလိုနေရာမျိုးမှာ ပညာသင်ရတာ လွယ်တယ်ပြောလို့ရမလား။ မရပါဘူး။ သိပ်ကိုခက်ခဲပါတယ်။ သီဟိုဠ်ထက် အစစအရာရာ ခက်ခဲတဲ့ ဒီနေရာမျိုးမှာ အဆင့်မြင့် ဒေါက်တာဘွဲ့ဒီဂရီကို လေ့လာသင်ယူနေသော အလင်္ကာပြန် ညီတော်နောင်တော်ကြီးများအတွက် ဂုဏ်ယူသလို စာလဲ စာနာမိပါတယ်။ ပညာရေးအတွက်မို့ ပျော်ရာမှာမနေ တော်ရာမှာနေ…ပေါ့။
          ဘာပဲပြောပြော အရှင်ကတော့ ဒီချင်နိုင်းမြို့လေးနဲ့ ချီဒန်ဘရမ်းမြို့လေးကို ရောက်ရှိခဲ့ပြီးပါပြီ။ ကိုယ်ကတော်လို့ တတ်လို့တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ ပညာသင်ယူနေကြတဲ့ အလင်္ကာပြန် ညီတော်နောင်တော်ကြီးများရဲ့ စေတနာ၊ မေတ္တာ၊ အကူအညီတွေကြောင့်ပါ။ ချင်နိုင်းမြို့လေးကိုတော့ အသွားအပြန်ဝင်ဖြစ်ခဲ့ပါတယ်။ ဦးတည်ရာနေရာဖြစ်တဲ့ ဒေလီကိုအသွား ချင်နိုင်းလေဆိပ်ကို ရောက်တော့ Arrival Card ဖြည့်ရတယ်။ သွားမဲ့နေရာလိပ်စာ အတိကျမဖြည့်နိုင်တဲ့အတွက် ပြဿနာတက်ပြီး မနက်ပိုင်း Flight မမီလိုက်ဘဲ ညနေပိုင်းလေယာဉ်ကိုစောင့်နေရတော့တယ်။ ကိုလံဘိုကနေ ချင်နိုင်းကိုရောက်ချိန်က မနက်-၇နာရီလေ။ ညနေ-၅နာရီလေယာဉ်ဆိုတော့ လေဆိပ်မှာတစ်ယောက်တည်း ယောင်ချာချာပေါ့ဗျာ။
          ဒါနဲ့ လက်မှတ်ကောင်တာတစ်ခုမှာ အကူညီတောင်းပြီး နောင်ကြီးညေယျဆီဖုန်းဆက် ပြောလိုက်ရတယ်။ သူဆီကိုဖုန်းသာဆက်လိုက်ရတယ်။ သူနေတာက Chidanbaram မှာဆိုတော့ အတော်လေးကို ဝေးသေးတာ။ ဒီတော့ ဘယ်လိုမှသူမလာနိုင်းဘူးလေ။ ဒါပေမဲ့ နောင်ကြီးက ချင်နိုင်းမှာ ကျောင်းတက်နေကြသော နောင်ကြီးတေဇ၀န္တ၊ ဦးကုသလ၊ ဦးဥတ္တမ၊ ဦးသြဘာတို့ကို ဖုန်းဆက်ပေးတယ်။ ဒီလိုနဲ့ Taxy ကိုခေါ်ပြီး အလင်္ကာပြန်နောင်ကြီးများရှိရာ အိမ်ဂေဟာကို ၀င်ဖြစ်ခဲ့ပါတယ်။ နောင်ကြီးများအားလုံး ဖော်ရွှေကြပါတယ်။ ကူညီကြပါတယ်။ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ သူတို့အိမ်ဂေဟာလေးကိုရောက်တော့မှ အရှင်လဲ အမောတွေ သောကောတွေ ပြေခဲ့ရပါတယ်။
          အလင်္ကာပြန်နောင်တော်ကြီးများဖြစ်သည့်အတိုင်း အတော်လေးကို သဘောမနော ကောင်းကြပါတယ်။ ငှါးနေရာအိမ်ဂေဟာလေးက အလှတန်ဆာတွေ ဆင်မထားသော်လည်း နောင်ကြီးများရဲ့ စေတနာ၊ မေတ္တာအကြင်နာ၊ အကူအညီတွေကြောင့် သိပ်ကိုသာယာလှပ နေခဲပါတယ်။ မတူညီတဲ့ လူမျိုးတစ်ခု၊ ဘာသာတစ်ခု၊ တိုင်းပြည်တစ်ခုမှာ အခက်ခဲများစွာနဲ့ ပညာရေးအတွက် ဘ၀ကိုခေတ္တစတေးနေကြရသော်လည်း အချင်းအချင်းသမဂ္ဂ- ညီညွတ်မှုကြောင့် အပြုံးပန်းနဲ့အတူ အောင်ပန်းကိုခူးဆွတ်နိုင်ကြပါတယ်။
          ဒီချင်နိုင်းက အရောင်ခပ်မွဲမွဲအိမ်ဂေဟာလေးကာ သာယာအေးချမ်းပြီး ပျော်စရာကောင်းတဲ့ ဥယျာဉ်လေးတစ်ခုပါပဲ။ နေထိုင်နေကြတဲ့ ဥယျာဉ်မှူးကြီးများကလဲ အလင်္ကာပြန် ရဲရဲတောက် အာဇာနည်တွေပါပဲ။ ဒီအိမ်ဂေဟာလေးကား သေးငယ်ပြီး အလှဂုဏ်တွေကင်းနေသော်လဲ အရှင်တို့လို့ ခရီးသွားတွေအတွက် ခဏတာခိုနားရာ ဧည့်ဂေဟာလေးတစ်ပါ။ ဧည့်လာဂမုန်းပင် ဆိုက်မထား သော်လည်း ၀ါဆိုမိုးလို ရွှေဧည့်သည်များက ရောက်လာမဆဲ တသဲသဲဆိုပါတော့။ မြန်မာနိုင်ငံက ဘုရားဖူးတွေ ၀င်ရောက်တည်းခိုသလို၊ သီဟိုဠ်ကို အလည်ပတ်သွားကြသော အိန္ဒိယမြန်မာ ကျောင်းသား ရဟန်းတော်များ၊ အိန္ဒိယကို အလည်ပတ်လာကြသော သီဟိုဠ်မြန်မာကျောင်းသား ရဟန်းတော်များနှင့် အိန္ဒိယကို ဒေါက်တာဘွဲ့အတွက် လာရောက်လေ့လာကြသော မြန်မာကျောင်းသား ရဟန်းတော်များလဲ ၀င်ရောက်ခိုနားလေ့ရှိကြပါတယ်။ လာရောက်သူတိုင်းအားလုံး ပျော်ရွှင်အေးချမ်းမှုတွေ ခံစားကြရပါတယ်။ အစိမ်းအကျက် မခွဲသလို မာန်မာနဆိုတာလဲ ဒီအိမ်ဂေဟာလေးမှာ မရှိပါဘူး။ မောတယ်ပန်းတယ်ဆိုတာလဲ မရှိပဲ ကူညီပေးတတ်ပါတယ်။ ဒါကြောင့်လဲ နောင်ကြီးညေယျက “တကယ်တော့ ဒီအိမ်ဂေဟာလေးက ဘူတာရုံကြီးတစ်ခုလိုပဲ ခရီးသွားတည်းခိုသူတွေများတယ်။ နောက်ပြီး စားစရာ၊ သောက်စရာရိက္ခာအပြည့်အစုံ ထည့်ထားတဲ့ ဂိုဒေါင်ကြီးတစ်ခုလဲ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့..အရှင်ကတော့ အိမ်ဂေဟာရှင်တွေရဲ့ ဧည့်ဝတ်ဒဏ်တွေ ခံစားရမှုအတွက်လဲ ခံစားမိခဲ့ပါသေးတယ်။ ဧည့်သည်တစ်ယောက်အတွက် အိမ်ရှင်ရဲ့ တာဝန်တွေက မသေးလှဘူး မဟုတ်ပါလား။ ကျေးဇူးများပြားလှပါတယ်။
          ဒီအိမ်ဂေဟာလေးမှာ ဒေလီကိုအသွား တစ်နေ့တာတည်းခိုနေထိုင်ခဲ့ပြီး၊ သီဟိုဠ်ကိုအပြန် ခရီးလမ်းမှာတော့ သုံးရက်တာခိုနားခဲ့ပါတယ်။ ဒီအိမ်ဂေဟာလေးမှာ ခိုနားစဉ် သီဟိုဠ်ပြန် နောင်ကြီးများရဲ့ ပညာသင်ကြားမှု ပုံရိပ်တစ်ချို့၊ နေထိုင်စားသောက်မှုပုံရိပ်တစ်ချို့ကိုလဲ လက်တွေ့သိမြင်ကြားသိခဲ့ရပါတယ်။ အတုယူအားကျစရာတွေကို တွေ့ခဲ့သလို၊ ခက်ခဲမှုတွေကိုလဲ မြင်တွေ့ခဲ့ရပါတယ်။ ယဉ်ကျေးမှုမတူညီတဲ့ လူ့အသိုင်းဝိုင်းကြားမှာ အခက်ခဲတွေကို အန်တု လို့ကြိုးစားရင်း ရည်မှန်းချက်ပန်းတိုင်းဆီသို့ သီဟိုဠ်ပြန် နောင်ကြီးများကား ရင်ဆိုင်ကျော်လွှား နေဆဲပဲပါ။ သူတို့အတွက် အောင်မြင်မှုပန်းတိုင်ကလဲ လက်တစ်ကမ်းအလိုမှာပဲ ရှိနေပါတယ်။
          ဒီအိမ်ဂေဟာလေးကနေ သီဟိုဠ်ပြန်နောင်ကြီးများဖြစ်သော နောင်ကြီးညေယျ၊ ရွှေမန်းသား၊ ကိုတက်တိုး၊ ကိုနိုဗယ်လ်၊ ကိုဇနကနဲ့ အဘပဏ်တို့နေထိုင်ရာ Chidanbaram-အနားမလိုင်းနား တက္ကသိုလ်မြေကို လှမ်းခဲ့ပါတယ်။ ချင်နိုင်းနဲ့ချီဒန်ဘရမ်းဆိုတာ အခေါ်သာနီးပေမဲ့ အတော်လေးတော့ ဝေးသား။ သီဟိုဠ်မှာပညာသင်စဉ်က နောင်ကြီးညေယျတို့ပညာသင်ကြားရာ အနားမလိုင်းနား တက္ကသိုလ်ဆိုတာ ချင်နိုင်းမှာလို့တွေးခဲ့တာ သိပ်မဝေးဘူးပေါ့။ အခုတကယ်လဲ သွားရော Hight Wayမှာပြေးနေတဲ့ Express ကားကြီးနဲ့တောင် ငါးနာရီလောက်စီးရတယ်။ ကိုယ်မရောက်ဖူးတဲ့ ခရီးဒေသမို့ စိတ်ဝင်စားစရာတွေနဲ့အတူ ရင်မောစရာတွေလဲ ဖြစ်ခဲ့ပါတယ်။ ချီဒန်ဘရမ်းသို့သွားရာ ဟိုက်ဝေးကားလမ်းမကြီးဘေးမှာ စိမ်းဆိုနေတဲ့ လယ်ကွင်းတွေ၊ စပါးပင်တွေကို တွေ့ခဲ့ရပါတယ်။ ကိုယ်ကတောသားဆိုတော့ လယ်တောကြီးများကိုတွေ့တိုင်း ရွာကိုသတိရမိတယ်ဗျာ။
          ချီဒန်ဘရမ်းမြို့လေးသည်လဲ တမီးလူမျိုး-ဟိန္ဒူဘာသာဝင်များနေထိုင်ရာ မြို့လေးတစ်မြို့ပါပဲ။ တမီးလူမျိုးများဖြစ်သော်လည်း ယဉ်ကျေးမှုတော့ရှိပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့နဲ့ ခပ်တူတူ လို့ပြောရမှာပါ။ ကူညီရိုင်းပင်းတတ်ပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကိုလဲ အလေး ထားမှု ရှိပါ တယ်။ အိန္ဒိယမြောက်ပိုင်း- ဂယာဒေသဘက်နဲ့ ချင်နိုင်းထက်တော့ ယဉ်ကျေးမှု ပိုတယ်လို့ ယူဆရ မှာပါ။ ဘယ်လောက်ကူညီတတ်သလဲဆိုရင် “ဘီးစီးရင်း မတော်တဆလဲကျသွားတဲ့အခါ ထူပေးဖို့ အပြေးအလွှားရောက်လာတတ်ကြတယ်ဆိုပဲ”။ ဘယ်လောက်ချစ်စရာ ကောင်းလိုက်သလဲ။ ဘာသာ စကားတွေကလဲ တစ်နေရာနဲ့တစ်နေရာ မတူပါဘူး။ မြန်မာနိုင်ငံနာဂတောင်းတန်းဒေသက နာဂလူမျိုး တွေလိုပဲ နှစ်ရွာကျော်သွားတာနဲ့ စကားမတူတော့ဘူးလေ။
          ဒီချီဒန်ဘရမ်းမြို့လေးကို ည-၈နာရီလောက်ရောက်သွားတယ်။ နောင်ကြီးညေယျ၊ ရွှေမန်းသား၊ ကိုဇနကတို့လာကြိုကြပါတယ်။ ခင်ကြမင်ကြချစ်ကြပါတယ်။ အူတူတူအူတတ ကိုယ်တော်လေး မို့ထင်ပါရဲ့ လာကြိုပေးကြတာလေ။ ကားဂိတ်နဲ့ ငှါးနေရာအိမ်ဂေဟာကား သိပ်တော့မဝေးလှပါဘူး။ မိနစ်-၂၀လောက်ပဲ သုံးဘီးကားစီးရပါတယ်။ အိမ်ကိုရောက်တော့ အဘပဏ်ကလဲ ရေနွေးကြမ်း-လ္ဘက်နဲ့စီးကြိုနေပါတယ်။ သဘောကောင်းလိုက်တာပြောမနေနဲ့ သီဟိုဠ်ပြန်တွေပဲလေ။ ညမှာတော့ အတွေ့အကြုံဗဟုသုတစကားတွေကို နှီးနောဖလှယ်ရင်း အိပ်စက်အနားယူခဲ့ပါတယ်။ ဒီအိမ်ဂေဟာ လေးကလဲ နွေးနွေးထွေးထွေးပါပဲ။ အိမ်လေးက သပ်သပ်ရပ်ရပ်ရှိသော်လည်း ဘေးမှာက ရေပုတ်တွေရှိနေတဲ့အတွက် အနံ့အသတ်ဆိုးဝါးပြီး ခြင်ယင်ပေါပါတယ်။ ဒါပေမဲ့ အိမ်လခကတော့ ဈေးအတော်ကြီးဆိုပဲ။ သူများနိုင်ငံမှာ ပညာသင်ရတာ အိမ်ငှါးပြီးနေရတဲ့ ဒုက္ခကလဲ မသေးဘူး ဆိုပါတော့။
          မနက်မိုးလင်းတော့ နောင်ကြီးညေယျ၊ ရွှေမန်းသား၊ ကိုတက်တိုးတိုက သူတို့အနားမလိုင်းနား တက္ကသိုလ်ကြီးကိုလိုက်ပြပေးပါတယ်။ တက္ကသိုလ်ကြီးကား ခန်းနားထည်ဝါလှပါ၏။ တက္ကသိုလ်ရဲ့ စာကြည့်တိုက်ကြီးကလဲ ကြီးမားလှပါဘိ။ တက္ကသိုလ်ဝင်းကြီးကား ကျယ်ဝန်းလှပါသည်။ တက္ကသိုလ်ဝင်းတစ်ခုတည်းမှာပဲ မေဂျာအသီးသီးခွဲပြီး သင်ယူလေ့လာရပါတယ်။ မေဂျာအားလုံး ပါဝင်ပါတယ်။ ဆေး၊ သင်္ချာ၊ ဓာတု၊ သိပ္ပံ၊ ပထ၀ီ၊ Buddhist Study, Philosophy, အားလုံးကို ပေါင်းထားပါတယ်။ နောက်..ဆေးမေဂျာအဆောင်ဆို ဆေးရုံနဲ့တောင် တွဲပေးထားပါတယ်။ အနားမလိုင်းနားတက္ကသိုလ်ကြီးရဲ့ မုတ်ဦးကြီးကလဲ ကြီးမားထည်ဝါလိုက်တာ ပြောမနေပါနဲ့။ အမိမြေက မန်းလေး-ရန်ကုန်နပသတက္ကသိုလ်ကြီးများ၏ မုတ်ဦးထက်တောင် ကြီးမားနေပါ သေးတယ်။
          တက္ကသိုလ်ကြီးကိုလိုက်ကြည့်နေစဉ်မှာပဲ ကိုရွှေမန်းသားကြီးက “ အင်း…ညီမောင်ရေ.. ကေလနိယနဲ့တော့ နင်လားငါလားဆိုရလောက်အောင် အတော်လေးကိုကွာလွန်းလှပါတယ်။ ရောက်တုန်း ရောက်ခိုက် တက္ကသိုလ့်အငွေ့သတ်လေး တ၀ကြီးခံစားသွားလိုက်အုံး၊ အမိမြေကို ပြန်ရင်လဲ တက္ကသိုလ်နဲ့ဝေးနေမှာလို့” ပြောခဲ့သေးတယ်။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ အတော်လေးကို ကွားခြားလွန်းပါတယ်။ ဒီတက္ကသိုလ်မုတ်ဦးကြီးရဲ့ အမည်နာမကိုကြည့်ပြီး ရန်ကုန်-မန်းလေးနပသတက္ကသိုလ်ကြီးများကို စပုံဖော်တည်ထောင်ပေးခဲ့သော ကျေးဇူးရှင်မင်းကွန်း ဆရာတော်ဘုရားကြီးကို အမှတ်ရအောက်မေ့မိကာ မနောကံဖြင့် ၀န္ဒနာမိခဲ့ပါ သေးတယ်။
          အင်း….တက္ကသိုလ်ကြီးတွေက ခန်းနားထည်ဝါသလို ဈေးတွေကလဲကြီး အခက်ခဲတွေကလဲ တသီကြီးဆိုပါလား။ နောင်ကြီးညေယျက…” ကိုယ်လူရေ ဒေါက်တာလုပ်မယ်ဆို ဒီတော့မလာခဲ့လေနဲ့။ ငွေကြေးကုန်ကျများတာထက်၊ စည်းမျဉ်းစည်းကမ်းတွေက တင်းကြပ်လွန်းတယ်။ PhDကျောင်းသား ဆိုပေမဲ့ နားတယ်လို့မရှိဘူး။ အမြဲတမ်းကျောင်းကိုသွားပြီး စာကြည့်တိုက်မှာ အချိန်ပေးရတယ်။ ခွင့်ရက်လဲ တစ်နှစ်မှ တစ်လပဲ ရှိတယ်၊ ကျန်းမာရေးမကောင်းရင် ခွင့်ယူရတာ အနည်းငယ် ခက်ခဲတယ်။ ဒါကြောင့် ဒေါက်တာလုပ်မယ်ဆို ဒီကိုတော့ မလာနဲ့လို့ “ ပြောခဲ့ပါတယ်။
          ကိုရွှေမန်းသားကတော့ “အိန္ဒိယမှာ ဒေါက်တာလုပ်ရတာ လွယ်တယ်ဆိုရင် ဒီကိုလာပြီး လေ့လာစေချင်တယ်။ မလွယ်ဘူးလို့” ထပ်ပြောခဲ့ပါသေးတယ်။ ဒါနဲ့..ကိုတက်တိုးကြီးကို လှမ်းစလိုက်မိတယ်..” ဒါကြောင့်ထင်တယ်..ကိုတက်တိုးလဲ ဒီရောက်မှ အရပ်တောင်ပို ပုသွားတယ် ထင်တယ်လို့” ပေါ့။ ကိုတက်တိုးကား ရယ်နေလေရဲ့။
          ဘာပဲပြောပြော ဒီသီဟိုဠ်ပြန်နောင်ကြီးများလဲ အခက်ခဲတွေကို ကျော်ဖြတ်၊ ဆင်းရဲ့ပင်ပန်းမှု ဒဏ်တွေကို တွန်းလှန်ပြီး ရည်မှန်းချက်ပန်းတိုင်းကို လှော်ခတ်နေကြလေရဲ့။ တစ်ချို့က ပန်းဝင်ခါ နီးပြီး။ တစ်ချို့ ပန်းဝင်လမ်းပေါ်သို့ ရောက်နေကြလေပြီ။ ထို…အနားမလိုင်းနားတက္ကသိုလ်က သီဟိုဠ်ပြန်နောင်ကြီးများအတွက်လဲ ဂုဏ်ယူလေးစားမိပါတယ်။ တကယ်တော့ အမြင့်ကို ရောက်လိုသူတိုင်းအတွက် အခက်ခဲအတားအဆီးတော့ ရှိနေမှာပဲ။ အဆင်မပြေမှုတွေ၊ ဆင်းရဲကြမ်း တမ်းမှုတွေ၊ ဆိုးလောကဓံတွေကိုလဲ တွေ့ကြုံခံစားရမှာ အမှန်ပါပဲ။
          ဒီလောကဓံတွေကို မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း သတ္တိ၊ဗျတ္တိ၊ ၀ီရိယ၊ သတိ၊သမာဓိ၊ ပညာဖြင့် အတ္တ-ပရနှစ်ဖက်မျှပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံနဲ့လူမျိုးအတွက် ရင်ဆိုင်ကျော်ဖြတ်ရမည်သာ ဖြစ်သည်။
          အားလုံး ဘ၀ကုန်ဆုံးချိန်တွေ မရောက်ခင် အတ္တဟိတ-ပရဟိတကို စွမ်းအားရှိသမျှ ထုတ်သွားနိုင်ကြပါစေလို့….
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့..အမေ့မေတ္တာအရှင်..
         
         
         

Saturday, January 26, 2013

“ကပိလ၀တ္ထုရွှေမြို့တော်သို့ “



နိဂြောဓာရုံကျောင်းတိုက်ဟောင်းနေရာ

ကပိလ၀တ်နန်းတွင်းရှိ နန်းတော်ဟောင်းနေရာ

ကပိလ၀တ်နန်းတော်တွင်းရှိ သိဒ္ဓတ္ထတောထွက်တော်မူခဲ့သော အရှေ့ဘက်မုတ်နေရာ

ကပိလ၀တ်နန်းတော်ဟောင်းသို့ သွားရာလမ်းတွင် တွေ့ရှိခဲ့ရသော ဘုရားလောင်းနောက်ဆုံးမျိုးဆက် အိမ်ဂေဟာရှေ့အမှတ်တရ


မယ်တော်မာယာသည် လုမ္ဗိနီသာမော အင်ကြင်းတောမှာ သိဒ္ဓတ္ထဘုရားလောင်းကို ဖွာင်းမြင်ပြီးနောက် ဒေ၀ဒဟသို့ ဆက်မသွားတော့ပဲ ကပိလ၀တ္ထုရွှေမြို့တော်ကြီးသို့ ပြန်လာခဲ့သည်။
        ဤဘဒ္ဒကမ္ဘာမှ ရှေးဦးစွာသော အန္တရကပ်တွင် ဖြစ်ကြသော ကမ္ဘာဦးသူလူအပေါင်းတို့၏ ဦးစွာမင်းသည် ဘုရားအလောင်းတော်ဖြစ်လေ၏။ အလောင်းတော်သူမြတ်သည် လူအပေါင်းတို့က အုပ်ချုပ်သူအဖြစ် သဘောတူဆုံးဖြတ် တင်မြှောက်ထားသောကြောင့် မဟာသမ္မတဟူသောအမည်ကိုလည်းကောင်း၊ လယ်ယာမြေတို့နှင့်ပက်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ရှိသောကြောင့် ခတ္တိယဟူသော အမည်ကိုလည်းကောင်း၊ လူအပေါင်းတို့အား ကောင်းမွန်ဖြောင့်မှန်သော မင်းကျင်းတရားဖြင့် စီရင်အုပ်ချုပ်နှစ်သက်မြတ်နိုးချစ်ကြည်စေတတ်သောကြောင့် ရာဇဟူသောအမည်ကိုလည်းကောင်း ရရှိတော်မူခဲ့ပါသည်။
        ဤဘဒ္ဒကမ္ဘာ-လူမင်းတကာတို့တွင် ဤအမည်နာမသုံးမျိုးကို ဘရားလောင်း မြတ်သာလျှင် ရှေးဦးစွာရရှိခဲ့လေသည်။ ဘုရားအလောင်းတော် မဟာသမ္မတမင်းမှစ၍ သြက္ကာကမင်းတိုင်အောင် မင်းဆက်ပေါင်း (၂၅၂၅၅၆) နှစ်သိန်း ငါးသောင်း နှစ်ထောင် ငါးရာ ငါးဆယ့် ခြောက်ဦးရှိခဲ့သည်။ နောက်ဆုံးမင်းမှာ သြက္ကာကမင်းဖြစ်လေသည်။ စကားပြောသောအခါ အာခံတွင်းမှ ၀င်းဝင်းလတ်လတ် ဥက္ကာရောင်-မီးရှူးရောင် ထွက်သောကြောင့် သြက္ကာကမင်းဟု ခေါ်ခဲ့ကြခြင်းဖြစ်သည်။ သြက္ကာကမင်းကြီးမှာ ဟတ္ထာ၊ စိတ္တာ၊ ဇန္တု၊ ဇာလိနီ၊ ၀ိသာခါဟူသော မိဖုရားငါးဦးရှိခဲ့လေသည်။      
        အကြီးဆုံးဖြစ်သော ဟတ္ထာမိဖုရားကြီးမှ သားတော်လေးပါး၊ သမီးတော်ငါးပါး ဖွားခဲ့သည်။ ဟတ္ထာမိဖုရားကြီး နတ်ရွာစံသောအခါ မင်းကြီးသည် အခြားမင်းသမီးငယ် တစ်ယောက်ကို မိဖုရားကြီးအဖြစ်တင်ကောက်လေသည်။ ထိုမိဖုရား ဇန္တုမည်သော သားတော်တစ်ပါးဖွားမြင်ခဲ့သည်။ မင်းကြီးသည် သားတော်ကို နှစ်သက်သောကြောင့် လိုရာဆုတစ်ခုကို တောင်းယူပါဟု မိဖုရားကြီးအား ပြောလေသည်။ ထိုအခါ မိဖုရားသည် သားတော်အား မင်းအဖြစ်ပေးပါဟု တောင်းလေသည်။ မင်းကြီးသည် အပြစ်ပြောကာ ငြင်းဆန်ခဲ့သည်။ မိဖုရားကထိုဆုကို အကြိမ်ကြိမ်အခါအခါ တောင်းနေသောကြောင့် မင်းကြီးသည် သားတော်ကြီးလေးပါးတို့အား ခေါ်၍အကျိုးအကြောင်းပြောပြကာ တိုင်းပြည်မှ ထွက်သွားပြီးတ္တေရှောင်နေကာ သူ့နတ်ရွာစံမှ တိုင်းပြည်ကို ပြန်လည်သိမ်းပိုက်ပါဟု မိန့်တော်မူကာ အမတ်ကြီးရှစ်ယောက်နဲ့အတူ စေလွတ်သည်။ မင်းသားများသည် မင်းသမီးများနဲ့အတူ စစ်အင်္ဂါလေးပါးခြံရံလျက် ဟိမ၀န္တာတောအုပ်သို့ ထွက်ခွါခဲ့ကြသည်။
        ထိုအချိန်က ဘုရားအလောင်းတော်သည် ဥစ္စာကြွယ်ဝသော ဗြဟ္မဏမဟာသာလအမျိုးဝင် ကပိလအမည်ရှိသော ပုဏ္ဏားဖြစ်လေသည်။ သူဌေးအဖြစ်ကိုစွန့်လွတ်ပြီး တောထွက်ရသေ့ရဟန်းပြုလျက် ဟိမ၀န္တာတောင်နံပါးတွင် သစ်ရွက်မိုးကျောင်းဆောက်လုပ်၍ နေချိန်ဖြစ်သည်။ ကပိလရသေ့သည် ဘူမိဇာလခေါ် မြေကြန်အင်္ဂါကို သိသောအတတ်ကို ကျွမ်းကျင်သူဖြစ်သည်။
        ဥက္ကာမုခ စသောမင်းသားတို့သည် ကပိလရသေ့၏ ညွန်ကြားချက်အတိုင်း ဤဟိမ၀န္တာအရပ်တွင် မြို့နန်းတည်ဆောက်ကာ ကပိလ၀တ္ထုဟု အမည်ပေးခဲ့သည်။ မင်းသားတို့သည် အသက်ရွယ်ရလာသောအခါ အမျိုးကိုထိန်းသိမ်းသောအားဖြင့် အကြီးဆုံးဖြစ်သော ပိယာမင်းသမီးကို အမိအရာမှာထား၍ မောင်နှမအချင်းချင်း ထိမ်းမြားမင်္ဂလာပြုလျက် နေထိုင်ခဲ့ကြသည်။ ထိုအကြောင်းကို ခမည်းတော်မင်းကြီး
ကြားသိသောအခါ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး မှူးမတ်ဆွေမျိုး ပရိသတ်အလည်မှာ “သကျာ ၀တ ဘော ကုမာရာ- အို အချင်းတို့ ငါ၏ သားတော်, သမီးတော်တို့သည် စွမ်းနိုင်ကြပေတကား။ ပရမာ သကျာ ၀တ ဘော ကုမာရာ- အို အချင်းတို့ ငါး၏ သားတော်သမီးတော်တို့သည် လွန်ကဲမြင့်မြတ်သည်ဖြစ်၍ စွမ်းနိုင်ကြပေစွတကား” ဟူ၍ချီးကျူးစကားကျူးရင့်တော်မူလေသည်။
        ထို သကျာ ၀တ= စွမ်းနိုင်ကြပါပေစွတကား ဟူသော သြက္ကာကမင်းကြီး၏ ချီးကျူးစကားကိုအကြောင်းပြု၍ ဥက္ကာမုခစသော မင်းသားမင်းသမီးတို့မှ ဖွားမြင်ဆင်းသက်လာသော မင်းမျိုးအဆက်ဆက်တို့ကို သကျ-သာကိယ-သာကီဝင်-သာကီမျိုး+သာကီနွယ်ဟု ခေါ်ဝေါ်ထင်းရှားခဲ့ခြင်းဖြစ်သည်။
        နောက်.. မင်းသားတို့သည် အလောင်းတော်ကပိလအရှင်ရသေ့၏ နေရာကျွန်းတောကြီးအတွင်းမှာ မြို့နန်းသစ်တည်ထောင်ပြီး ကြီးပွားချမ်းသာခြင်းသို့ ရောက်အောင် နေထိုင်ကြသူများဖြစ်သောကြောင့် “ သာက-ကျွန်းပင်ဟူသောအနက်မှ သာကိယ-ကျွန်းတော်၌ နေထိုင်သူ” ဟူသောအဓိပ္ပါယ်ဖြင့် သာကီဝင်+သာကီမျိုးဟု အမည်ရရှိခဲ့ခြင်းဖြစ်သည်။
        ကပိလ၀တ္ထုနန်းတော်ကြီးတွင် နေထိုင်အုပ်ချုပ်ခဲ့သော မင်းဆက်အပေါင်းကား ဥက္ကာမုခမင်းမှစ၍ သားစဉ်မြေးဆက် မင်းအဆက်ဆက်-ဘုရားအလောင်းတော် ခမည်းတော်မင်းကြီးတိုင်အောင် မင်းဆက်အပေါင်း ရှစ်သောင်း နှစ်ထောင် တစ်ဆယ့်နှစ်ပါး-၈၂၀၁၂ ရှိခဲ့သည်။
        ယခုအခါ ကပိလ၀တ်နန်းတော်နေရာသည် လုမ္ဗိနီဥယာဉ်၏ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ တောလိဟ၀ါ- Tauli-hawa မြို့၏ မြောက်ဘက် တိလောရကုတ်- Tilaurakot အရပ်တွင် တည်ရှိသည်။ နန်းမြို့ရိုးတံတိုင်းနှင့် အနောက်ဘက်ဝင်ဂိတ်နေရာ၊ တောထွက်တော်မူခဲ့ရာ အရှေ့ဘက်ဂိတ်တံခါးနေရာ၊ အလည်တွင် နန်းဆောင်တစ်ခု အုတ်မြစ်ရိုးနေရာများကို တွေ့ရှိခဲ့ပါသည်။
        နောက်.. နန်းမြို့ရိုး၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်တွင် မယ်တော်မာယာ၏ အရိုးအိုးဂူနှင့် သုဒ္ဓေါဒနမင်းကြီး၏ ဓာတ်တော်စေတီတို့ကိုလည်း တွေ့ရှိခဲ့ပါသည်။ နန်းတော်၏ အရှေ့ဘက်ဂိတ်တံခါးအနီးတွင် အလောင်းတော်တောထွက်စဉ်က နန်းတော်ကိုပြန်လှည့်ကြည့်လိုစိတ် ဖြစ်ပေါ်လာသောကြောင့် ကဏ္ဍကမြင်းကို ရပ်တန့်ရာအရပ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟ အဆိုရှိသော စေတီကုန်း ကမုတစ်ခုကိုလည်း တွေ့ရှိခဲ့ပါသည်။
        နောက်.. တောလိဟ၀ါမြို့၏ အရှေ့မြောက်ဘက်သုံးမိုင်ခန့်အကွာတွင် လဲကျနေသော ကျောက်တိုင်တစ်ခုရှိပြီး ယင်းနေရာကို ကောဏာဂမနဘုရားရှင် ဖွားတော်မူရာဌာနဟု ခေါ်တွင်ပါသည်။ တောလိဟ၀ါမြို့၏ အနောက်ဘက် နှစ်မိုင်ခွဲခန့်အရပ်တွင် ထိပ်ပိုင်းပြတ်နေသော ကျောက်တိုင်းအကျိုးတစ်ခုတည်ရှိပြီး ယင်းနေရာကို ကကုသန္ဓဘုရားရှင် ဖွားတော်မူရာဌာနဟု အဆိုရှိပါသည်။ သို့သော်လည်း ထိုဘုရားရှင်တို့သည် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သောကြောင့် အတိကျပြောဆိုနိုင်ဖို့ ခဲယဉ်းနေသည်သာ။
(အမေ့မေတ္တာအရှင်-ခေတ္တ-နီပေါ)

Saturday, January 19, 2013

"လူ့ဘ၀ဆိုတာ သူတို့အတွက်တော့"



ဘ၀၀မ်းစာအတွက် အဖြေခက်နေသူများ..

မဂဓကျောင်းသာ သူငယ်ချင်းတစ်ပါးက သကြားလုံးဝေနေပုံ

သူတို့လေးတွေကို စာနာမိပါသည်....


သူငယ်ချင်းဖြစ်သူ မောင်ပဏ္ဍိဦးဆောင်၍ မဂဓကျောင်းသားများနဲ့အတူ ဂယာမြို့ရှိ ဥရုဝေလတောအုပ်- ဒုက္ကရစရိယတောင်သို့ သွားရောက် လေ့လာကြည့်ရှု ဖူးမြော်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဒုက္ကရ စရိယတောင်ဆိုသည်မှာ ဘုရာလောင်း သိဒ္ဓတ္ထ သဗ္ဗညုတဥာဏ်ရှိပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဖြစ်တော်မူဖို့ ခြောက်နှစ်ကြာ တရားဓမ္မများကို မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် ကျင့်ကြံတော်မူခဲ့သော နေရာမြတ် တစ်ခုဖြစ်ပါသည်။

ဒီတောင်တော်မြတ်သို့ ကားဖြင့်သွားရောက် လေ့လာခဲ့ကြပါသည်။ စာရေးသူအရှင်တို့ နေထိုင်တည်းခိုရာ ကျောင်းသားကျောင်းတော်ကြီးကနေ လေးဆယ့် ငါးမိနစ်ခန့်လောက်စီးရပါသည်။ တောင်အောက်ခြေမှာ ဈေးဆိုင် သေးသေး လေးများရှိသလို တောင်ပေါ်ကိုတက်ဖို့ အထမ်းသမားများ များစွာကလဲ နေရာယူ စောင့်နေလျှက်ပါ။
ထို့အပြင် ဓာတ်ပုံတွင်မြင်ရသည့်အတိုင်း အိန္ဒိယလူမျိုး-ဆင်းရဲနွမ်းပါးသူများကလဲ ၀မ်းတစ်ထွာအတွက် ပုံစံအမျိုးမျိုးဖြင့် ဘုရားဖူးလာ ရွှေဧည့်သည်များအထံမှ အစားအစာ၊ ငွေအသပြာများ တောင်းခံနေကြသည်ကိုလဲ တွေ့မြင်ရမှာဖြစ်ပါသည်။ အဖိုး-အဘွား၊ အဖေ-အမေ၊ အစ်ကို-အစ်မ၊ ညီ-ညီမ၊ ကလေး-လူကြီး အစုံပါပဲ။

သူတို့ကိုကြည့်ပြီး အမိမြန်မာပြည်က မိမိလူမျိုးတွေ သိပ်ဆင်းရဲတာပဲ၊ ကံဆိုး လိုက်တာလို့ တွေးခဲ့တဲ့အတွေးလေးတွေ၊ စိတ်သောက၀မ်းနည်းမှုလေးတွေဟာ ဘာမှ မပြောလောက်ဘူးဖြစ်သွားတယ်။ ဒီတော့မှ သြော်.. အမိမြန်မာပြည်က တို့လူမျိုးတွေက တော်သေးတာပါလားလို့ စိတ်သက်သာရာလေးလဲ ရမိပါတယ်။ သူတို့တစ်တွေ အတော်လေးကို ဆင်းရဲကြတာပါ။ လူဦးရေကလဲ အတော်လေးကိုများပြားလွန်းပါတယ်။ ဘာကြောင့်များ သူတို့အစိုးရက ဖြေရှင်းမပေး နိုင်တာလဲလို့တောင် မဆီမဆိုင် တွေးမိလိုက်သေးတယ်။ ဒီတစ်နေရာတည်း မဟုတ်ပါဘူး ဘုရားဖူးတွေ စည်းကားတဲ့နေရာတိုင်းလိုလိုမှာ ဆင်းရဲပြီးတောင်းစား နေသူတွေ အတော်လေး ကိုများပြားလှပါတယ်။

တကယ်တော့ လူ့ဘ၀ဆိုတာ တိုတိုလေးပဲ မဟုတ်ပါလား။ တိုတိုလေးနေရတဲ့ အချိန်လေးမှာတောင် သိပ်ဆင်းရဲလွန်းနေပြန်တော့ လူ့ဘ၀ဆိုတာ ဘာပါလို့တောင် သိလိုက်ရမယ် မထင်ဘူး။ လူ့ဘ၀ဆိုတာ ရဖို့် သိပ်ခက်ခဲပါတယ်။ ရလာပြန်တော့လဲ စားရမဲ့၊ ၀တ်ရမဲ့၊ သောက်ရမဲ့၊ နေရမဲ့ ဘ၀မျိုးဆိုပြန်တော့ လူ့ဘ၀ဆိုတာ ဘာများ အဓိပ္ပါယ် ရှိဦးမှာလဲ။ သူတို့အတွက်တော့ လူ့ဘ၀ဆိုတာ ဘာမှ မဟုတ်သလိုပါပဲ။

လူ့ဘ၀-လူ့ဘုံဆိုတာ အလယ်အလတ်ဘုံဌာနကြီးတစ်ခုပါ။ အထက်ကို တက်မလား၊ အောက်ကိုဆင်းမလား။ ကြိုက်တာကိုရွေးလို့ရပါတယ်။ နောက်ပြီး လူတွေဆိုတာလဲ ကိုယ့်ထက်သာတဲ့လူလဲ ရှိတယ်။ ကိုယ့်ထက် နိမ့်ကျတဲ့လူလဲ ရှိတယ်။ ကိုယ်က အလယ်ကပါ။ ဘာများ မာနကြီးစရာ၊ မောက်မာနေစရာ၊ ၀မ်းနည်းစရာ၊ အားငယ် စရာတွေ ရှိဦးမှာလဲ။ ကိုယ်ကချမ်းသာနေလို့လဲ မာနကြီးစရာ၊ မောက်မာနေစရာ မလိုသလို၊ ကိုယ်က ဆင်းရဲနေလို့လဲ ဘာများ ၀မ်းနည်မျက်ရည်ကျနေရမှာလဲ။ လူ့ဘ၀ဆိုတာ အားငယ်စရာ မဟုတ်ပါဘူး။ အထက်ကိုတက်ဖို့ လှေခါးထစ်တွေများစွာ ရှိနေတာပဲ။ ကိုယ့်ဘက်က မှန်မှန်လေး လှမ်းနေဖို့ပဲလိုပါတယ်။

အခုကြည့်လေ… အရှင်လဲ တစ်ချိန်က အမိမြေမှာ နေစဉ်က ကိုယ်တိုင်းပြည်ကလူတွေ သိပ်ဆင်းရဲတာပဲဆိုပြီး မိမိကိုယ်ကို အားမရသလို နိုင်ငံခေါင်းဆောင်တွေအပေါ်ကိုလဲ စိတ်တိုမိတယ် မဟုတ်ပါလား။ အခုလို..အိန္ဒိယဘက်ကို သီဟိုဠ်ကနေ အလည်အပတ် ရောက်လာတော့မှ မျက်မြင်ကိုယ်တွေ့ အိန္ဒယတိုင်းသားတွေ့ရဲ့ ဘ၀အခြေအနေကို တွေ့မြင်ခဲ့ရပါတယ်။
သီရိလင်္ကာမှာတော့ ဆင်းရဲတဲ့သူတွေ၊ အခုလိုတောင်းစားတဲ့သူတွေ ရှိတယ်ဆိုသော်လဲ အိန္ဒယလောက်တော့ မဆိုးပါဘူး။ သို့သော် အိန္ဒိယက နိုင်ငံကြီးပြီး လူဦးရေလဲ သိပ်သည်းထူထပ်များပြားတာတော့ အမှန်ပါပဲ။

 ဘာပဲဖြစ်ဖြစ်လေ မြန်မာပြည်သူတွေ အနေနဲ့ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ စိတ်ဓာတ်မကျဖို့၊ ပုံမှန် လှော်ခတ်နေဖို့ လိုအပ်ပါတယ်။
တကယ်တော့ လူသားတိုင်း ရည်ရွယ်ရာပန်းတိုင်ဆိုတာ ရှိကြတာပါပဲ။ မိမိတို့ ရည်ရွယ်ရာ ပန်းတိုင်ကို အသက်ရှင်သန်နေသမျှ ရယူပိုင်ဆိုင်ခွင့်ရှိကြပါတယ်။ သို့သော် ပုံမှန်ချီတက်နေမှုတော့ ရှိရမှာပါ။ ရည်ရွယ်ရာပန်းတိုင်ကတော့ အမျိုးမျိုး ကွဲပြား နေမှာပါ။ တစ်ချို့က လက်ရှိဘ၀ပစ္စုပ္ပန်အတွက်ပဲ ရည်ရွယ်ထား ကြတာပါ။ တစ်ချို့ ကတော့ အနာဂတ်သံသရာထိ ရည်ရွယ်ထားကြတာပါ။
ဒီတော့ မိမိတို့ရည်ရွယ်ပန်းတိုင်ကို စွဲစွဲရှိရှိနဲ့ လှပစွာ၊ အေးချမ်းစွာ ရယူ ပိုင်ဆိုင်နိုင်ဖို့အတွက် ဆင်းရဲချမ်းသာမရွေး လူမျိုး ဘာသာမရွေး ပုံမှန်လှော်ခတ်ကြိုးစား ချီတက်ကြရမှာပါ။ ဆင်းရဲနေလို့ ၀မ်းနည်းငိုကြွေး နေစရာမ လိုသလို ချမ်းသာနေလို့လဲ မောက်မာ ၀င့်ကြွားနေစရာ မလိုပါဘူး။ အားလုံးဟာ လူသား တွေပါပဲ။ အားလုံးတန်းတူ အခွင့်အရေးရှိနေပါတယ်၊ မွေးဖွားပြီး သေကြရမှာပဲလေ။ ဒါက စစ်မှန်တဲ့ သဘာဝတရား တစ်ခုပါပဲ။
ကဲ..အားလုံး လိုအင်ဆန္ဒတွေပြည့်ဝပြီး ပျော်ရွှင်ချမ်းမြေ့ နိုင်ပါစေလို့။ အမေ့မေတ္တာအရှင်..

“မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေ မွေးရပ်မြေသို့ တစ်ခေါက်”




ုလုမ္ဗနီသာမောအင်ကြင်းတောရှိ မယ်တော်မာယာအိမ်

ုလုမ္ဗနီသာမော အင်ကြင်းတောရှိ အသောကကျောက်တိုင်

ဘုရားလောင်းဖွားတော်မူစဉ်က လှမ်းကြွခဲ့သော ခြေလှမ်း ၇လမ်းအထိမ်းမှတ်စေတီပုံစံများ



ရှင်တော်မြတ်ဗုဒ္ဓ၏ မွေးရပ်မြေဆိုသည်ကား သိဒ္ဓတ္ထ (ဘုရားလောင်း) ကို ဖွားမြင်ခဲ့သော လုမ္ဗနီသာမော အင်ကြင်းတောနှင့် သိဒ္ဓတ္ထကြီးပြင်းခဲ့သော ကပိလ၀တ္ထုရွှေမြို့တော်ကြီးကို ဆိုလိုပါသည်။ ထိုလ္ဗိုနီသာမော အင်းကြင်းတောကြီးနှင့် ကပိလ၀တ္ထု ရွှေမြို့တော်ကြီးကား အိန္ဒိယနိုင်ငံကြီးနဲ့ ကပ်လျက် တံတိုင်းနှစ်ခုသာ ခြားသော နီပေါနိုင်ငံအတွင်းမှာ တည်ရှိနေပါသည်။ တကယ်ကို အိမ်နီးချင်းနိုင်ငံတစ်ခုဟု ဆိုရမှာပါ။
        ရှင်တော်မြတ်ဗုဒ္ဓ ဖွားမြင်ခဲ့တော်မူသော လုမ္ဗနီသာမော အင်ကြင်းတော်ကြီးကို ရောက်ဖို့ တံခါးမရှိ တံတိုင်းမရှိ လွယ်လွယ်လေးတော့ မရောက်နိုင်ပါဘူး။ စာရေးသူ အရှင်တို့သည် ထိုအင်ကြင်းတောကြီးဆီသို့ ကုသိနာဂရ-ကုသိနာရုံကနေ ကားလေးဖြင့် သွားရောက်ခဲ့ကြပါသည်။ ကုသိနာရုံဆိုတာ ဗုဒ္ဓစာပေသမိုင်းမှာ ကုသိနာရုံ-မလ္လာမင်းတို့၏ အင်ကြင်းတောကြီးဟု ထင်ရှားခေါ်ဆိုခဲ့ကြပါသည်။
        ထို ကုသိနာဂရ-မလ္လာမင်းတို့၏ အင်ကြင်းတောမှာ ရှင်တော်မြတ်ဗုဒ္ဓ မဟာပရိနိဗ္ဗာန်ဝင်စံခဲ့သည်ပင် ဖြစ်ပါသည်။ စာရေးသူအရှင်တို့သည် “ ဖွား၊ ပွင့်၊ ဟော၊ စံ” ဆိုသည့်အတိုင်း အစဉ်အတိုင်းတော့ မဖြစ်ခဲ့ပါဘူး။ ခရီးစဉ်အရ ရှင်တော်မြတ်ဗုဒ္ဓ မဟာပရိနိဗ္ဗာန် ၀င်စံခဲ့တော်မူသော ကုသိနာရုံ-အင်ကြင်းတောကြီးကနေ ရှင်တော်မြတ်ဗုဒ္ဓ (သိဒ္ဓတ္ထ) မွေးဖွားတော်မူခဲ့သော လ္ဗိုနီသာမော အင်ကြင်းတော-မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေ မွေးရပ်မြေကို ထွက်ခွါလာခဲ့ခြင်း ဖြစ်ပါသည်။
        ကုသိနာရုံကနေ လုမ္ဗနီသာမော အင်ကြင်းတော-နီပေါသို့ မနက် ၇ နာရီမှ စထွက်ခွါခဲ့ကြပါသည်။ အတော်လေးတော့ ဝေးပါသည်။ မနက် ၁၀ နာရီဝန်းကျင်လောက် စွန်နောလီ-မြန်မာကျောင်းသို့ ရောက်ရှိခဲ့ကြပါသည်။ ထိုကျောင်းတော်ကြီးသို့ ခေတ္တခဏ ၀င်နားက နေ့ဆွမ်းဘုဉ်းပေးကြပါသည်။ ထိုကျောင်းဆရာတော်ကား ရခိုင်တိုင်းရင်းသားတစ်ပါးဖြစ်သော်လည်း သဘောမနော ကောင်းပါသည်။ ပွင့်လင်းပြတ်သားမှုလည်း ရှိပါသည်။
        နေ့ဆွမ်းကိုကား ကုသိနာရုံမြန်မာကျောင်းတော်ကြီးကနေ အသင့်ယူလာသော ဆွမ်း-ဟင်းဖြင့် ဘုဉ်းပေးပြီး စွန်နောလိဆရာတော်နဲ့ နုတ်ဆက်စကားပြောကာ နီပေါသို့ ဆက်လက်ထွက်ခွါခဲ့ကြပါသည်။ စွန်နောလိဆရာတော်မှာလိုက်သော စကားများကား အိန္ဒိယ-Immigration Gateသို့ ရောက်သောအခါ မျက်မြင်ကိုယ်တွေ့ သိလိုက်ရပေသည်။
        ဆရာတော်ကား “အင်း.. ဦးဇင်းတို့ရေ အခုအိန္ဒိယ ဂိတ်က အရင်ကလိုတော့ မဟုတ်တော့ဘူး။ အားလုံးပြောင်းလဲကုန်ပြီ၊ အရင်ကတော့ မဂဓကျောင်းသားတွေ လို့ပြောပြီး လ္ဘက်ရည်ဖိုးလေး ဘာလေးပေးလိုက်ရင် ရတယ်။ အခုတော့ မရတော့ဘူး။ ဦးဇင်းတို့ Passport ပါတယ်မဟုတ်လား၊ အဆင်ပြေအောင်တော့ ပြောရမှာပေါ့” တဲ့။
        တကယ်ပါပဲ…ဟိုရောက်တော့ မင်းတို့ ထောက်ခံစာတွေ ဘာတွေ မပါလို့မရဘူး ဘာညာပေါ့။ ဒီကလဲ ကိုယ်တတ်သလောက်တော့ ပြောပြတယ် မရဘူး။ တတ်သလောက်ဆိုပေမဲ့ ဂိတ်ကလူတွေထက်တော့ သာအောင်ပြောခဲ့လိုက်နိုင်တယ် ထင်တာပဲ။ နောက်ဆုံးတော့…ဒါဆိုလဲ မင်းတို့အဆင်ပြေအောင်တော့ လုပ်ပေးကွာ၊ ငါတို့ကလဲ မင်းတို့အလိုကို လိုက်လျှောပါမယ်လို့ပြောလိုက်တော့မှ ဒါဆို တစ်ယောက်ကို တစ်ထောင် သုံးထောင်ပေးတဲ့။ သုံးယောက်စာအတွက်တောင်းတယ်။ သူငယ်ချင်းကလဲ များတယ်၊ နှစ်ထောင်လောက်ပြောလိုက်ကွာဆိုလို့ ပြောလိုက်တယ်။ တစ်ယောက်ကို ၅၀၀ပေါ့လေ။ (လာတာက လေးယာက်ကိုဗျာ။ ကိုယ်ကတော့ Tourist Visa ဆိုတော့ ပြဿနာ မရှိဘူးဆိုပါတော့။ သူငယ်ချင်းတွေက မဂဓကျောင်းသားတွေလေ စာရေးသူကို လိုက်ပို့ကြတာလေ။) နောက်ဆုံးတော့..၂၂၀၀ နဲ့အဆုံးသတ်သွားတယ်။ ဒီတော့မှ သူတို့ကိုယ်တိုင် ဒီပါချာဖောင်တွေဖြည့်ပေးပြီး လက်မှတ်ထုပေးလိုက်တာလေ။ “သူတို့လဲ လည်လာကြပြီ၊ ငွေရမှန်းသိတော့ တောင်းတတ်၊ ရစ်တတ်လာပြီ” လို့ သူငယ်ချင်းတွေကို ပြောမိလိုက်တယ်။
        မကြာဘူး…ငါးမိနစ်လောက် နေတော့ ဟိုဘက် နီပေါ့ဂိတ်ကိုရောက်ပါလေရော။ နီပေါဂိတ်ကိုဝင်ပြီ Arrival Visa အတွက် ဖောင်ဖြည့်ရတယ်။ လေးယောက်စာဆိုတော့ နည်းနည်းလေးကြာနေတယ်ဆိုပါတော့။ ဖြေနေစဉ်မှာပဲ ဂိတ်က လူတစ်ယောက်လာပြီး ဖြည့်ပုံနမူနာရေးပြတယ်။ သူကပြောသေးတယ်။ မင်းတို့ငွေပေးလိုက်ရင် အကုန်လုပ်ပေးတယ်တဲ့။ အော်…ဒီလိုလား။ ငါတို့က မသိဘူးကွာ။ သိလိုရှိရင်တော့ ဟုတ်တာပေါ့လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ပဲ သူကိုကူဖြည့်ခိုင်းပြီး ပတ်စ်ပို့မိတ္တူဆွဲပြီး ငွေ ရူပီ ၅၀၀ ညှပ်ပေးလိုက်တယ်။ ဒီတော့မှ ကျေးဇူးဘာညာနဲ့လုပ်တာ။ စစ်တဲ့ကောင်တာက ၀န်းထမ်တစ်ယောက်ပေါ့။ နောက်..ဗီဇာထု-ငွေ Us 25 ဒေါ်သွင်းရတဲ့ကောင်တာရောက်တော့လဲ ၀န်ထမ်းကုလားမက လေးပါးစာ Us 100 သွင်းပြီးတဲ့အခါ ကုလားလို “ပါဏိ ကျရေ” လို့ပြောလိုက်တော့။ သူငယ်ချင်းဖြစ်သူ မောင်ပဏ္ဍိကတော့ အိန္ဒိယ-ကုလားစကားကို နည်းနည်းပါးပါးပြောတတ်တော့ နားလည်သလိုရှိတယ်လေ။ ဒါနဲ့..ဟိုဘက်ကောင်တာမှာ မင်တို့အားလုံးအတွက် ငွေ ငါးရာကြီးများတောင်ပေးပြီးပြီလို့ ပြောလိုက်ရတယ်။ ဒီကုလားမက မယုံသင်္ကာနဲ့ ဟုတ်လို့လားမေးပြီး တစ်ဘက်က ကောင်တာကိုလှမ်းမေးလိုက်သေးတယ်။ အင်း..ကြည့်ရတာတော့ ဒီဝန်ထမ်းတွေလဲ လစ်ရင်လစ်သလို သုတ်တတ်တဲ့ သဘောရှိမယ်ထင်ပါရဲ့လို့တော့ တွေးမိလိုက်တယ်။
        နီပေါ အင်မီဂရေးရှင်းဂိတ်မှာ အတော်လေးကြာသွားတယ်။ ပြီးတာနဲ့ ခရီးဆက်ခဲ့တယ်။ မြို့တွင်းကိုရောက်တော့ မြန်မာကျောင်းတော်ကြီးအတွင်းကို ၀င်ဖို့ကားအတွက် ၀င်ခွင့်လက်မှတ်ဖြတ်ရတယ်။မင်းတို့ဘယ်သွားမှာလဲ မေးတော့ မြန်မာကျောင်းကိုသွားမှာလို့ပြောလိုက်တယ်။ ဂိတ်စောင့်က ထပ်ပြောတယ်။ ငါးနာရီထိုးမှ အတွင်းကိုဝင်ရမယ်တဲ့လေ။
        ဒါနဲ့ ကပိလ၀တ္ထုရွှေမြို့တော်ကြီးကို သွားရောက်ခဲ့ကြတယ်။ ကပိလ၀တ္ထုကို သွားရာလမ်းမှာ ထူးထူးဆန်းဆန်း ရှင်တော်မြတ်ဗုဒ္ဓ၏ နောက်ဆုံးသကျ မျိုးနွယ်ဝင်ဆိုသော မိသားစုတိုက် အိမ်လေးကို တွေ့ခဲ့ရပါတယ်။ ၀မ်းသာပီတိတွေလဲ ဖြစ်ခဲ့ရပါတယ်။ ရင်ထဲမှာ တစ်မျိုးခံစားမိပါတယ်။ အိန္ဒိယ ခရီးစဉ်တစ်လျှောက် မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော လုမ္ဗနီသာမော အင်ကြင်းတောကြီးနဲ့ ကပိလ၀တ္ထုမှာတော့ နီပေါသူလေးများကို ကြည့်ရမြင်ရတော့ အတော်လေး ကိုကြည်နူးမိပါတယ်။ အရမ်းလဲ ဂုဏ်ယူမိပါတယ်။ တိုက်အိမ်ကလေးမှာ အပေါ်ထပ်မှာ မြတ်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ တည်ထားပူဇော်ထားပါတယ်။ နောက်ပြီး… အခြားတစ်ဘက်ခန်းမှာလဲ ဘုရားလောင်းဖွားမြင်တော်မူပုံကို အုဋ်အင်္ကတေးဖြင့် ပုံဖော်ထားပါသည်။ ဒီအိမ်က ကလေးမလေးနှစ်ယောက်နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ပြီး မုန့်ဖိုးပေးကာ ကပိလ၀တ္ထုကို ခရီးဆက်ခဲ့ကြပါတယ်။ (ကပိလ၀တ္ထုအကြောင်းကို-ဆက်ရန်)
အားလုံးပျော်ရွှင်ချမ်းမြေ့ သာယာအေးချမ်းပါစေလို့..အမေ့မေတ္တာအရှင်၊ ခေတ္တ-ဂါယာ။

Monday, January 14, 2013

အိန္ဒိယခရီးစဉ်......

Photo: အိန္ဒိယခရီးစဉ်......
ချင်းနိုင်းကို လေးရက်နေ့ ၇-၃၀တွင်ရောက်ခဲ့သည်။ သွားမည့်-တည်းမည့်နေရာ လိပ်စာ အတိကျ မသိဖြစ်သွားသောကြောင့် မနက်ပိုင်း လေယာဉ် ချင်းနိုင်းကနေ ဒေလီသို့ မမှီလိုက်ဘဲ ညနေပိုင်း ၅-၃၀ လေယာဉ်ကိုစီးရမည်ဖြစ်၍ နောင်ကြီး ဦးတေဇ၀န္တတို့ဆီမှာ ခဏတာ နား-နေပြီး ညနေပိုင်း လေယာဉ်ဖြင့် ည ၈-၁၅ တွင် ဒေလီမြို့ကို ရောက်ရှိခဲ့ပါသည်။
လာကြိုနေတဲ့ ဒေလီက အိန္ဒိယမိသားစုကားဖြင့် မိသားစုအိမ်ကို ည ၁၀ နာရီအချိန်တွင် ရောက်ပါသည်။
မိသားစုအားလုံး ဗုဒ္ဓဘာသာဝင်များဖြစ်သလို ဖော်ရွေမှုလဲ ရှိပါသည်။ မိသားစုအလား ဆက်ဆံမှုပြုကြပါသည်။ မြန်မာဓလေ့ အနေဖြင့် မဆိုသာသော်လည်း အိန္ဒိယ နိုင်ငံအနေအားဖြင့် ဘာသာရေးကိုင်းရှိုင်းမှု ရှိကြပါသည်။
ဒီမိသားစုလေးကို အွန်လိုင်းဖေ့စ်ဘုတ်ကတစ်ဆင့် သိရသော်လည်း မိတ်ဆွေကောင်း ပီသလွန်းပါတယ်။ တစ်ခါမှ မမြင်ဖူး မသိဖူးသော်လည်း တိုင်းတစ်ပါးသားဖြစ်သော မြန်မာရဟန်းတော်တစ်ပါးကို လက်ခံတည်းခိုခွင့်ပြုဖို့ဆိုတာ အတော်လေးကို လွယ်ကူသော အရာမဟုတ်ပါ။
အိန္ဒိယတိုင်းသား အမျိုးသမီးဖြစ်တဲ့ Nicky Gautama က သူ့အိမ်မှာ ကြည်ဖြူစွာ တည်းခိုခွင့်ပြုခဲ့သလို ဒေလီမြို့တစ်ဝိုက်လဲ ဘုရားဖူး အလည်ပတ်ကို သူကိုယ်တိုင် လိုက်ပို့ပေးခဲ့ပါတယ်။
သူ့မိသားစုလေးကား ပစ္စည်းဥစ္စာဆင်းရဲသော်လည်း စိတ်မဆင်းရဲကြပါ။ မိသားအားလုံး ပျော်ရွှင်ချမ်းမြေ့စွာပဲ နေထိုင်ကြပါတယ်။ တကယ်ကို အတုယူစရာလဲ ကောင်းလှပါတယ်။
တကယ်တော့ နစ်ကီဂေါတမဆိုသော အမျိုးသမီးလေးဟာ အသက်အားဖြင့် ၂၃ ပဲ ရှိပါသေးတယ်။ အိမ်မှာ မိသားစု ငါးယောက်အနက် အကြီးဆုံးဖြစ်သည့်နှင့်အညီ တကယ်လဲ တော်ရှာပါတယ်။
 ဒေလီတက္ကသိုလ်ကနေ ကျောင်းပြီးထားပြီး မိဘများကို လုပ်ကိုင်ကျွေးမွေးနေသူလဲ ဖြစ်ပါတယ်။ 
သူဟာ ကူညီရိုင်းပင်းတတ်ပြီး စိတ်ကောင်းစေတနာကောင်း ရှိသူလဲဖြစ်ပါတယ်။ ဒေလီမှကျောင်းတက်
နေသော မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များနဲ့ သိကျွမ်းသလို၊ မြန်မာနိုင်ငံကနေ အိန္ဒိယ-ဒေလီကို ဆေးလာကု ကြသော မြန်မာ မိသားစုဝင်များနဲ့လဲ ခင်မင်နေ သူဖြစ်ပါတယ်။ 
သူကား တကယ်ကို မိတ်ဆွေကောင်းပီသသော၊ ကူညီရိုင်းပင်းတတ်သော၊ လိမ်မာရေးခြားရှိသော၊ မိဘကိုလုပ်ကျွေးနေသော၊ ပညာတတ်ဖြစ်သော၊ ဘာသာရေးကိုင်းရှိုင်းသော အမျိုးသမီးငယ်လေး-မိန်းကလေး တစ်ယောက်ဖြစ်ပါသည်။.................................................
သူ့မိသားစုလေးမှာ လေးညတာတည်းခို၍ အခု..ဒေလီမြို့နဲ့ မဝေးသော Noida Cityမှာ ဖွင့်ထားတဲ့ Gautem Buddhist University တွင် အမ်ဖီ-Mphil တက်နေသော နောင်တော်ကြီး တိလောက ထံတွင် ဂေါတမ်တက္ကသိုလ်...အကြောင်းကို လေ့လာရင်း ခဏတာရောက်နေပါသည်...မကြာခင် ဂယာကို သွားပါမည်။ အားလုံးအဆင်ပြေ သာယာပါကြောင်း။ ပျော်ရွှင် ချမ်းမြေ့ပါစေလို့.. အမေ့မေတ္တာအရှင်...
ချင်းနိုင်းကို လေးရက်နေ့ ၇-၃၀တွင်ရောက်ခဲ့သည်။ သွားမည့်-တည်းမည့်နေရာ လိပ်စာ အတိကျ မသိဖြစ်သွားသောကြောင့် မနက်ပိုင်း လေယာဉ် ချင်းနိုင်းကနေ ဒေလီသို့ မမှီလိုက်ဘဲ ညနေပိုင်း ၅-၃၀ လေယာဉ်ကိုစီးရမည်ဖြစ်၍ နောင်ကြီး ဦးတေဇ၀န္တတို့ဆီမှာ ခဏတာ နား-နေပြီး ညနေပိုင်း လေယာဉ်ဖြင့် ည ၈-၁၅ တွင် ဒေလီမြို့ကို ရောက်ရှိခဲ့ပါသည်။
လာကြိုနေတဲ့ ဒေလီက အိန္ဒိယမိသားစုကားဖြင့် မိသားစုအိမ်ကို ည ၁၀ နာရီအချိန်တွင် ရောက်ပါသည်။
မိသားစုအားလုံး ဗုဒ္ဓဘာသာဝင်များဖြစ်သလို ဖော်ရွေမှုလဲ ရှိပါသည်။ မိသားစုအလား ဆက်ဆံမှုပြုကြပါသည်။ မြန်မာဓလေ့ အနေဖြင့် မဆိုသာသော်လည်း အိန္ဒိယ နိုင်ငံအနေအားဖြင့် ဘာသာရေးကိုင်းရှိုင်းမှု ရှိကြပါသည်။
ဒီမိသားစုလေးကို အွန်လိုင်းဖေ့စ်ဘုတ်ကတစ်ဆင့် သိရသော်လည်း မိတ်ဆွေကောင်း ပီသလွန်းပါတယ်။ တစ်ခါမှ မမြင်ဖူး မသိဖူးသော်လည်း တိုင်းတစ်ပါးသားဖြစ်သော မြန်မာရဟန်းတော်တစ်ပါးကို လက်ခံတည်းခိုခွင့်ပြုဖို့ဆိုတာ အတော်လေးကို လွယ်ကူသော အရာမဟုတ်ပါ။
အိန္ဒိယတိုင်းသား အမျိုးသမီးဖြစ်တဲ့ Nicky Gautama က သူ့အိမ်မှာ ကြည်ဖြူစွာ တည်းခိုခွင့်ပြုခဲ့သလို ဒေလီမြို့တစ်ဝိုက်လဲ ဘုရားဖူး အလည်ပတ်ကို သူကိုယ်တိုင် လိုက်ပို့ပေးခဲ့ပါတယ်။
သူ့မိသားစုလေးကား ပစ္စည်းဥစ္စာဆင်းရဲသော်လည်း စိတ်မဆင်းရဲကြပါ။ မိသားအားလုံး ပျော်ရွှင်ချမ်းမြေ့စွာပဲ နေထိုင်ကြပါတယ်။ တကယ်ကို အတုယူစရာလဲ ကောင်းလှပါတယ်။
တကယ်တော့ နစ်ကီဂေါတမဆိုသော အမျိုးသမီးလေးဟာ အသက်အားဖြင့် ၂၃ ပဲ ရှိပါသေးတယ်။ အိမ်မှာ မိသားစု ငါးယောက်အနက် အကြီးဆုံးဖြစ်သည့်နှင့်အညီ တကယ်လဲ တော်ရှာပါတယ်။
ဒေလီတက္ကသိုလ်ကနေ ကျောင်းပြီးထားပြီး မိဘများကို လုပ်ကိုင်ကျွေးမွေးနေသူလဲ ဖြစ်ပါတယ်။
သူဟာ ကူညီရိုင်းပင်းတတ်ပြီး စိတ်ကောင်းစေတနာကောင်း ရှိသူလဲဖြစ်ပါတယ်။ ဒေလီမှကျောင်းတက်
နေသော မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များနဲ့ သိကျွမ်းသလို၊ မြန်မာနိုင်ငံကနေ အိန္ဒိယ-ဒေလီကို ဆေးလာကု ကြသော မြန်မာ မိသားစုဝင်များနဲ့လဲ ခင်မင်နေ သူဖြစ်ပါတယ်။
သူကား တကယ်ကို မိတ်ဆွေကောင်းပီသသော၊ ကူညီရိုင်းပင်းတတ်သော၊ လိမ်မာရေးခြားရှိသော၊ မိဘကိုလုပ်ကျွေးနေသော၊ ပညာတတ်ဖြစ်သော၊ ဘာသာရေးကိုင်းရှိုင်းသော အမျိုးသမီးငယ်လေး-မိန်းကလေး တစ်ယောက်ဖြစ်ပါသည်။.................................................
သူ့မိသားစုလေးမှာ လေးညတာတည်းခို၍ အခု..ဒေလီမြို့နဲ့ မဝေးသော Noida Cityမှာ ဖွင့်ထားတဲ့ Gautem Buddhist University တွင် အမ်ဖီ-Mphil တက်နေသော နောင်တော်ကြီး တိလောက ထံတွင် ဂေါတမ်တက္ကသိုလ်...အကြောင်းကို လေ့လာရင်း ခဏတာရောက်နေပါသည်...မကြာခင် ဂယာကို သွားပါမည်။ အားလုံးအဆင်ပြေ သာယာပါကြောင်း။ ပျော်ရွှင် ချမ်းမြေ့ပါစေလို့.. အမေ့မေတ္တာအရှင်...
4