Showing posts with label ရာသီ. Show all posts
Showing posts with label ရာသီ. Show all posts

Sunday, April 8, 2012

အတိတ်ကသင်္ကြန် သို့ နာဂမြေကို လွမ်းမောခြင်း


အတိတ်ကသင်္ကြန်
သို့
နာဂမြေကို လွမ်းမောခြင်း
 ဘာလိုလိုနဲ့ နှစ်သစ်သင်္ကြန်ကို ရောက်ပြန်တော့မယ်။ သင်္ကြန်နဲ့  ပက်သက်လို့ ရှေ့မှာ ပြည့်စုံနီးပါး ဖော်ပြခဲ့ပြီးပါပြီ။ ခုတော့ ဘာရယ်မဟုတ်ဘူး နာဂမြေက အတိတ်သင်္ကြန်ကို ပြန်လည် လွမ်းမောခံစားကြည့်ခြင်းရယ်ပါ။ ခံစားဆို တကယ်လဲ ကြည်နူးစရာ၊ ပျော်ရွှင်စရာ၊ လွမ်းမောစရာ၊ မှတ်သားစရာတွေက များခဲ့တယ်လေ။ အခုလို အမိမြေနဲ့ဝေးနေချိန်မှာဆိုတော့ ပိုလို့တောင် တမ်းတမိပါတယ်။
       သတိရမိပါသေးတယ်--မနက်မိုးလင်းတာနဲ့ “ကျော်မန်း-ကျော်မန်း”၊ “နန်းတေ-နန်းတေ” ဆိုတဲ့ နာဂတိုင်းရင်း သူလေးတွေရဲ့ စကားဝဲ၀ဲလေးတွေက နားထဲမှာကြားကြား နေရ တာကိုလေ။ ပြောရအုံးမယ်--ကျော်မန်းဆိုတာက ပိန်းကူး နာဂမျိုးဝင် တွေစကားပါ။ ဘုန်းကြီး လို့ ခေါ်တာပါ။ နောက်- နန်းတေ ဆိုတာကတော့ ဟိုင်းမြေနာဂတိုင်းဂရင်းသားတွေရဲ့ အသုံးပါ။ ဘုန်းကြီးလို့ ခေါ်ဆိုခြင်းပါပဲ။ အရှင်က နာဂတောင်တန်း သာသနာပြု နှစ်နှစ်တာခရီးမှာ နာဂရွာလေး သုံးရွာမှာ သာသနာပြုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ခဲ့ရပါတယ်။ အဲ့ဒီနာဂရွာလေးတွေက ၁။ လာဝယ်ရွာ။ ၂။ နန်ဖာရွာ။ ၃။ အောင်မြေရွာဖြစ်ပါတယ်။ ခန္တီးမြို့နယ်-စစ်ကိုင်းတိုင်းမှာပါ။
       လာဝယ်ရွာလေးအကြောင်းကိုတော့ မပြောတော့ပါဘူး။ လာဝယ်ရွာလေးမှာ သင်္ကြန်ကျခွင့် မရခဲ့ဘူးလေ။ ကျန်တဲ့ ရွာလေး နှစ်ရွာမှာပဲ သင်္ကြန်ကျခဲ့ပါတယ်။ ဒါကြောင့် ကျော်မန်းဆိုတာက နန်ဖာဆိုတဲ့ နာဂရွာလေးက ဘုန်းကြီးကိုခေါ်တဲ့ စကားသံလေးပါ။ နန်းတေ ဆိုတာ ကတော့ အောင်မြေရွာက နာဂသူလေးတွေရဲ့ ဘုန်းကြီးအခေါ်ပါ။ သူတို့လေးတွေက သင်္ကြန်ရောက်တော့မယ်ဆိုတာနဲ့ ရင်ခုန်သံတွေက မြန်နေကြပြီလေ။ သူတို့မျက်နှာလေးတွေမှာ အပြုံးကိုယ်ဆီ ပွင့်လို့နေပါတယ်။ သူတို့မျက်နှာလေးတွေကို ကြည့်ပြီး သာသနာပြု ရဟန်းတော်များမှာလဲ ၀မ်းသာပီတိဖြစ်ကြရပါတယ်။ မောပန်းတယ်လို့ မထင်ရအောင်ကို ပီတိဖြစ်ရတာပါ။ မောပန်းဆိုတာက--အရှင်တို့သာသနာပြု ညီတောင်နောင်တော်များက သင်္ကြန်ကာလကို နီးလာတာနဲ့ ပြေးရလွှားရပါတယ်။ သူတို့လေးတွေ သင်္ကြန်မှာ ပျော်နိုင်ရွှင်နိုင်ဖို့ လှုပ်ရှားကြရ။ ပြင်ရဆင်ရပါတယ်။
       သင်္ကြန်သီချင်းများကို ရှာဖွေစုဆောင်းရပါတယ်။ သင်္ကြန်ရေသဘင်ကို ဆောက် ပေးရပါတယ်။ တတ်နိုင်သလောက် ၀တ်စုံလေးတွေကိုလဲ မှာယူ ချုပ်ပေးရပါတယ်။ နောက်- သူတို့လေးတွေကို မြန်မာ့အတာသင်္ကြန်သီချင်းများနဲ့ သင်္ကြန်အက ကို တိုက်ပေးရပါတယ်။ သူတို့လေးတွေကလဲ အတော်လေးကို ပျော်ပျော်ရွှင်ရွှင်ပဲ အကကိုတိုက်ကြပါတယ်။ မျက်နှာလေးတွေကလဲ ရှက်သွေးဖြန်းနေတော့ တစ်မျိုးလေး ကြည့်လို့ကောင်းနေပါတယ်။ အကကိုတော့ ခေတ်ဟောင်း-ခေတ်ပေါ် နှစ်မျိုးလုံးကို တိုက်ပေးရပါတယ်။ ဒါတွေကို သင်္ကြန်မတိုင်ခင် တစ်လအလိုကတဲ့က ကြိုတင်လုပ်ပေးရတာပါ။ ညတိုင်း မီးမောင်းပေးဖို့လဲ အရှင်တို့မှာ မောရပါတယ်။ ဓာတ်ဆီဈေးကလဲ တယ်ကြီးကိုဗျ။ ၅၀၀၀ကျော် ၆၀၀၀လေ။ တော်တော့ တော်ပါသေးတယ် ခန္တီးမြို့ပေါ်မှာက အထောက်အပံ့ဒကာမလေး ဘာလေးရှိနေလို့ပေါ့။ မလွယ်ဘူးဗျ တစ်ညကို ဂါလံဝက်လောက်ကုန်တယ်လေ။ နောက်--သူတို့လေးတွေ သင်္ကြန်မှာ ပျော်ရွှင်စေဖို့ ကြိုတင်ကာ ရေလဲ စီစဉ်ထားရပါတယ်။ သူတို့ရွာလေးတွေက အမြင့်ပိုင်းတည်ဆောက်ထားတော့ ရေက ခက်ခဲတယ်လေ။ ဒါကိုက နာဂတိုင်းရင်းသာ-သူလေးတွေရဲ့ ဘ၀အခက်ခဲတစ်မျိုးဆိုမမှားပါဘူး။
      ဒါတင်ဘယ်ကမလဲ သူတို့လေးတွေကို သင်္ကြန်မှာ အာဟာရကျွေးဖို့ အရှင်မှာ မြို့ပေါ်ကိုပြေးလိုက် ရသေးတယ်လေ။ တပ်ကူတောင်းတဲ့သဘောပါ။ မြို့ပေါ်က ရင်းနှီးရာ ဒကာ-ဒကာမတွေကို ကုသိုလ်ယူခိုင်းရတယ်လေ။ အရှင်မှာ စေတနာရှိသော်လည်း အားလုံးကို မတတ်နိုင်ဘူးလေ။ အစိုးရ နိုင်ငံတော်က တစ်လမှ တစ်သောင်းခွဲပဲ အထောက်အပံ့ပေးတာလေ။ ဒီတော့ ကိုယ်အားကိုကိုး-ကိုယ်ဝန်ကို ကိုယ်ရုန်းပြီး နာဂတိုင်းရင်းသား-သူလေးတွေရဲ့ ဘ၀တွေ လှပ ရှင်သန်နေဖို့ ဥယျာဉ်မှူးတွေအဖြစ် ဘ၀ကို ပေးဆပ်နေခြင်းရယ်ပါ။ နောက်- သင်္ကြန်တွင်းကာလမှာ ဥပုသ်သီလတွေစောင့်နိုင်အောင်၊ မြတ်ဗုဒ္ဓ၏ တရားဒေသနာ တော်တွေကို နာယူကြည်ညို မှတ်သားနိုင်အောင်လဲ အရှင်တို့က ကြိုတင်စီမံရပါတယ်။ နောက်-- သက်ကြီးရွယ်အို အဘိုးအဘွားများကိုလဲ တတ်နိုင်တာလေးနဲ့ သက်ကြီးပူဇော်ပွဲလေး ပြုလုပ်ပေးဖို့ခြေလှမ်းကို ကြဲကြဲ လှမ်းရပါတယ်။
       သင်္ကြန်ရောက်ပြီလဲဆိုရော သူတို့လေးတွေအားလုံး တကယ်ကိုပျော်ရွှင် ကြည်နူးနေကြပါတယ်။ ပထမနှစ် သင်္ကြန်မှာတော့ အရှင်က နန်ဖာရွာလေးမှာ ကျခဲ့ပါတယ်။ နန်ဖာရွာ နာဂတိုင်းရင်းသား-သူလေးများက အတော်လေးကို ဖော်ရွေကြပါတယ်။ သူတို့လေးတွေ အားလုံး ရွာသာသနာပြု ဘုန်းတော်ကြီး ကျောင်းမှာပဲ သင်္ကြန်ကာလကို ကုန်ဆုံးကြရတယ်။ နေ့ဆို ရွာထဲမှာ ပျော်ပျော်ပါးပါး သင်္ကြန်ရေး ကစားကြုပီး။ ညနေပိုင်းမှာ သင်္ကြန်ခုံ-ဆင်ပေါ်မှာပါ သင်္ကြန်သီချင်းများကို ဖွင့်ပြီး ကခုန်ကြပါတယ်။ အဖွဲ့လိုက်ကခြင်း၊ စုံတွဲကခြင်း၊ တစ်ယောက်ခြင်း ကခြင်း စုံလို့ပါပဲ။ အဘွားကြီးတွေကလဲ တစ်ခါတစ်လေ ၀င်ကကြပါသေးတယ်။
  အနီးနားက မျိုးနွယ်တူ ရွာက တိုင်းရင်းသား- သူလေးတွေကလဲ လာလည်ကြ ပါတယ်။ ရေပက်ကစားကြသလို -ဘောလုံးကန်ခြင်း- ဘော်လီဘော ပုတ်ခြင်း၊ ပိုက်ကျော်ခြင်းခတ်ခြင်း စသည်ကိုလည်း ကစားကြပါတယ်။ ခိုက်ရန်လုံးဝ မဖြစ်ကြပါဘုး။ ပြီးတဲ့အခါမှာတော့ သူတို့ ရိုးရာ ခေါင်ရည်နဲ့ ဧည့်ခံကြပါတယ်။ ဒါက-သူတို့ရိုးရာ ဓလေ့တစ်ခုပါ။
       နောက်တစ်ရက်မှာတော့ မျိုးနွယ်တူ နာဂရွာလေးတစ်ရွာကို ရေပက်ခံ ထွက်ကြပါတယ်။ သင်္ကြန်ခုံ မရှိတဲ့ရွာလေးတွေကတော့ သင်္ကြန်သီချင်းများကို ဖွင့်ပေးပြီး ချင်းတွင်းမြစ်ရေကို ပိုက်တွေနဲ့ စုတ်ယူပြီး ပက်ဖြန်းပေးပါတယ်။ လာလည်သူတွေအားလုံးက သီချင်းများနဲ့အတူ ရေပက်ဖြန်းပေးတဲ့ အလည်ခေါင်မှာ အတူ ကကြခုန်ကြ ပျော်ပါးကြပါတယ်။ တစ်ချို့ဆင်းရဲ့တဲ့ ရွာလေးတွေ ကတော့ မြစ်နဲ့လည်းဝေးတော့ ရေးအခက်ခဲရှိပါတယ်။ သင်္ကြန်လို့တာပြောနေတာ ရေကို ၀အောင် မပက်ရဘူးလေ။ ဒီတော့ သင်္ကြန်အနှစ်သာရကို ကောင်းကောင်း မခံစားရ ဘူးဆိုပါတော့။ တောင်ပေါ်ရွာလေးတွေဆို ပိုဆိုးပါတယ်။ ရေခက်ရတာကလဲ ဝေးတော့ သင်္ကြန်မှာ ပျော်ခွင့်မရကြဘူးလေ။ အတော်လေးကို သူတို့လေး ဆင်းရဲနေပါသေးတယ်။ ဒါတောင် ရွှေတွေ ကျောက်တွေ ထွက်ပါတယ်ဆိုတဲ့ ခန္တီး နာဂတောင်တန်းမှာနော်။
       နန်ဖာရွာလေးက မြစ်ကမ်းဘေးက ရွာလေးဆိုတော့ ဘယ်သွားသွား မြစ်ထဲကပါပဲ။ ကုန်းလမ်းမရှိဘူး။ ကုန်းလမ်းက တောင်ယာလမ်းလောက်ပဲ ရှိတာလေ ။ မြစ်ကြောင်း ဆိုတော့ ပျော်စရာလဲ ကောင်း-ရင်ခုန်စရာလဲ ကောင်းပါတယ်။ အန္တရယ်လဲ ရှိတယ်ဆိုပါတော့။ မြစ်ထဲမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရေကစားရင်း မော်တော်စီးရတော့ အတော်လေးကို ပျော်စရာကောင်းပါတယ်။ မြစ်ကမ်းဝဲယာမှာကလဲ တောတန်း၊တောင်တန်းတွေက စိမ်းစိမ်းစိုစိုဆိုတော့ အတော်လေးလဲ ကြည်နူး စရာကောင်းပါတယ်။ ရွှေမောင်းထားတဲ့ ကမ်းပါးတွေကလဲ အ၀ါလိုလို အနီလိုလို အရောင်ထင်းနေပါတယ်။ မြစ်အလည်ခေါင်မှာလည်း ရွှေလုပ်သားမော်တော်တွေက ရှိနေတော့ သူတို့နဲ့ဆုံတဲ့အခါ ဟားကြဟေးကြ နှောက်ကြ ပြောင်ကြ၊ အပြန်အလှန်ရေပက်ဖြန်းရင်း ပျော်စရာကောင်းနေပြန်ပါတယ်။ နောက်--သင်္ကြန်အတတ်နေ့မှာတော့ နီးစပ်ရာ ထေရ်ကြီး ဆရာတော့်ကျောင်းများကို ရွာသူ-ရွာသားတွေနဲ့အတူ သွားရောက် ကန်တော့ လှူဒါန်းကြပါတယ်။ လူငယ်လေး များကတော့ အပျော်ရေကစားရင်ပေါ့။ ကန်တော့ခံဆရာတော်က ဆုံးမ တရားဒေသနာကို အကျဉ်း မျှဟောပြပါတယ်။ နောက်--ရွာသူ-သားများက ဧည့်ခံ ကျွေးမွေး ကြပါတယ်။ ကျောင်းပေါ်က အဆင်းမှာတော့ ရေ၀ိုင်းပက်ကြပါတယ်။ အဲ့ဒီအခါမှတော့ ဧည့်သည် ဘုန်းကြီးလဲ မနေရဘူး။ ရေ၀ိုင်းပက်ကြတယ်လေ။ ဆရာတော်ဘုရားလဲ သင်္ကန်းရေ စိုနဲ့ ကျောင်းပြန်ရတာပေါ့။ ဒါကလဲ နာဂတိုင်းရင်းသူ-သားလေးတွေရဲ့ ခင်မင်ကြည်ညိုမှုဆိုလဲ မမှားပါဘူး။
       နောက်--နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရွာသူ-သားများက ဘုန်းကြီးကို ရှိခိုးကန်တော့ကြပါတယ်။ သူတို့တတ်စွမ်းသမျှ လှူဒါန်းကြပါတယ်။ သူတို့လေးတွေကို ချစ်စရာကောင်းတာက လူဆင်း ရဲပေမယ့် စေတနာ သဒ္ဓါတရား မမွဲတာကိုပါ။ သူတို့ခြွေးနဲစာလေးနဲ့လှူကြခြင်းရယ်ပါ။ သူတို့ လေးတွေကတောင် မလှူလို့မရှိ-မရှိလို့မလှူဆိုတာကို ပိုနားလည်သဘောပေါက်နေသလိုပါပဲ။ နောက်--ရွာသူ-ရွာသားအားလုံးကို တရားဒေသနာဟောကြား ဆုံးမစကားပြော-အားပေး စကားပြော ကြားပေးရပါတယ်။ ကန်တော့အပြီးမှာတော့ ရွာသူ-သားအားလုံးကို အာဟာရဒါနကျွေးမွေးပါတယ်။ ရွာသား-သူများကလဲ အားရ၀မ်းသာ စားကြ-သုံးဆောင်ကြပါတယ်။
  နောက်--သက်ကြီးအဘိုးအဘွားများကို အသုံးအဆောင် ဆေးဝါး၊ တံဘက်၊ လုံချည်၊ ပုဆိုး၊ ဟောလစ်ဘူးများကို ပေးပါတယ်။ အဘိုးအဘွားများက ၀မ်းသာပီတိ မျက်ရည်စိုအိကြပါတယ်။ တစ်ချို့ အဘိုးများကဆို အသိတွေရလာကြပါတယ်။ ငါ့တို့ကို ဘုန်းကြီး( ကျော်မန်း)ကတောင် ပူဇော်ပွဲလေးလုပ်ပေးတယ်။ ငါ့တို့ကို မိဘသဖွယ် အရာသွင်းတယ်။ ဒီတော့ ငါတို့လဲ အရက်သောက်တာ- ဘိန်းရှူတာကို လုံးဝဖြတ်မယ်လို့ပြောလာသူ အဘိုးတွေလဲ ရှိလာပါတယ်။
      ဒါလေးတွေကို ပြန်မြင်ယောင်-ကြားယောင်ပြီး လာမယ့် ၁၃၇၄-ခုရဲ့ နှစ်သစ်သင်္ကြန်ကို ကြိုလင့်ကာ အတိတ်ကသင်္ကြန် သို့ နာဂမြေကို လွမ်းမောခြင်းရယ်ပါ။ အခုလောက်ဆို နာဂ ခန္တီးမြေက နာဂတိုင်းရင်းသူ-သားလေးတွေကလဲ နှစ်သစ်သင်္ကြန်ကို စောင့်ကြိုကာ ရင်ခုန်သံတွေနဲ့ အတူ ပျော်ရွှင်နေကြရပေါ့။ သူတို့လေးတွေက သတိရ-မရတော့ မသိဘူး။ ကိုယ့်ကတော့ သူတို့လေးတွေ သတိယ တမ်းတ လွမ်းဆမိပါတယ်။ အော်--သူတို့လေးတွေ အဆင် မှပြေရဲ့လား။ နေမှကောင်းရဲ့လား။ သင်္ကြန် အကတွေကို တိုက်များ တိုက်ဖြစ်ကြရဲ့လား။ ကျော်မန်းအသစ်- နန်းတေ အသစ်နဲ့ရော အဆင်မှပြေရဲ့လား။ သူတို့ သာသနာပြု ရဟန်းတော်အသစ်လေးများကရော ဂရုတစိုက်ရှိရဲ့လား စသည်ကို ပါ။ မေတ္တာအဖြူ တည်သက်သက်ရယ်ပါ။
      ကဲ--
နာဂတောင်တန်းကြီးကို လွမ်းတယ်။
ချင်းတွင်းမြစ်ကြီးကို တမ်းတမိတယ်။
နာဂရွာလေးများကို အောက်မေ့မိတယ်။
နာဂတိုင်းရင်းသူ-သားလေးများကို
သတိရမိပါတယ်။
အတိတ်ကဖြစ်ရပ်အားလုံးကို
မေ့ဖျောက်မရဘူး။
ပေးဆပ်ခဲ့သမျှကို ပြန်လည်
ခံစားမိတယ်။
အတိတ်က အလွမ်းသင်္ကြန်ကို
နှစ်သစ်သင်္ကြန်ရေနဲ့ပဲ
အစားထိုးကာ ဖြေလိုက်တော့မယ်။
နုတ်ဆက်လိုက်တယ် အတိတ်သင်္ကြန်ကို၊
ကြိုလင့်နေတယ်--- နှစ်သစ်ကို။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ---အမေ့မေတ္တာအရှင်။

Saturday, March 31, 2012

Myanmar New Year! မြန်မာနှစ်သစ်ကူး!



Myanmar New Year!
မြန်မာနှစ်သစ်ကူး!
          လာမယ့် ဧပြီလ ၁၃ ရက်နေဆို မြန်မာနှစ်သစ်ကူး အတာသင်္ကြန်း  ရေသဘင်ပွဲ တော်ကို ကျရောက်ပါတော့မယ်။ လွမ်းမောစရာ ရင်ခုန်စရာ ပျာ်ရွှင်စရာတွေနဲ့ အတူ ဘ၀သံသရာအတွက် ကောင်းမှုတွေပြုလုပ်ခြင်းဖြင့် နှစ်သစ်တစ်ခု ရင်ဆိုင်ကျော်ဖြတ်ဖို့ အားလုံးက စောင့်မျှော်နေကြပါပြီ။
       မြန်မာ့နှစ်သစ်ကူးဟာ ဧပြီလရဲ့ ဒုတိယအပတ်ထဲမှာ ကျရောက်ပါတယ်။ နှစ်သစ်ကူးကာလကို သုံးရက်တာ အတာသင်္ကြန်ရေကစားခြင်းဖြင့် ကြိုဆိုကြပါသည်။ ရှေ့အစဉ်အလာရ သိကြားမင်းကြီးက လူပြည်ကို သုံးရက်တိုင်တိုင် ဆင်းသက်အလည်လာတယ်လို့ ဆိုလေ့ရှိကြပါတယ်။
   မြန်မာနိုင်ငံမှာ နှစ်အတော်ကြာ နေထိုင်တည်းခိုသူမှန်သမျှ သိကြားမင်း အကြောင်းကို မကြာခဏကြားရမှာပါ။ အချိုသော ပညာရှင်တွေအဆိုအရ သိကြားမင်းသည် ဟိန္ဒူ ဒဏ္ဍာရီပုံပြင်မှ မွေးစားလာခဲ့သော နတ်တစ်ဦးလို့လဲ ဆိုလေ့ရှိကြပါတယ်။ ဒါက အဓိကပြဿနာတော့ မဟုတ်ပါဘူး။
       သိကြားမင်းရဲ့အမည်က နေ့စဉ်လူတွေရဲ့ နုတ်ဖြားမှာရေပန်းစားနေခဲ့ပါတယ်။ သိကြားမင်းကြီးက “ငါ-အမှန်ကိုပြောနေတယ်၊ လုပ်နေတယ်ဆိုတာကို သိတယ်။ ငါ့ကို ကူညီစောင့်ရှောက်လိမ့်မယ်” လို့ လူတွေကယုံကြည်လေ့ရှိကြပါတယ်။ သိကြားမင်းရဲ့ ဇာတ်ကြောင်းက ဒဏ္ဍာရီဆန်နေသော်လည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ အတွေးအခေါ်၊ နေ့စဉ်ဘ၀တွေမှာတော့ များစွာပါဝင်ပက်သက်နေပါတယ်။ နောက်- သိကြားမင်းဆိုတာ ဂရိနတ်တွေလို မသေတဲ့ သူတော့ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်အရ လောကမှာ မသေတဲ့သူ၊ မပျက်ဆီးတဲ့အရာဆိုတာ မရှိပါဘူး။ သို့သော်လည်း သိကြားမင်းက နတ်သား၊နတ်သ္မီးတွေလိုပဲ လူသားတွေထက် နှစ်ပေါင်းများစွာ သက်တမ်းပိုရှည်ပါတယ်။ သို့သော် သိကြားမင်းကြီးရော နတ်သား- သမီးတွေရော လူသားတွေလိုပဲ သံသရာကျင်လည်ရပါတယ်။
      သိကြားမင်းဆိုတာလဲ သာမှန်လူသားတစ်ဦးက စခဲ့တာပါ။ အတိတ်လူ့ ဘ၀များစွာက ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုတွေရဲ့ အစွမ်းကြောင့် သိကြားမင်းဖြစ်လာခဲ့ရတာပါ။ လူပြည်က လူသားတွေလည်း ကုသိုလ်ကောင်းမှုပြု လုပ်ပါက မြင့်မားသောဘုံဌာန၊ ဘုံဘ၀တွေကို ရောက်ရှိနိုင်တယ်လို့ ယုံကြည်ကြတဲ့ အတွက်ကြောင့် ကုသိုလ်ကောင်းမှုများစွာကို ပြုလုပ်လေ့ရှိကြပါတယ်။
  သိကြားမင်း၊ နတ်သား၊ နတ်သမီးတွေဖြစ်လာရခြင်းနှင့် ပက်သက်လို့ ဇာတ်တော်မှာ မြတ်ဗုဒ္ဓရဲ့ အတိတ်ဘ၀တွေမှာ သိကြားမင်း ဘယ်လိုစဖြစ်ပေါ်လာခဲ့တယ် ဆိုတာကို ဖော်ပြထားပါတယ်။ ဟိုတုန်းက မာဃသတိုးသား တစ်ဦးရှိခဲ့ပါတယ်။ သူက လမ်းပြင်ခြင်း၊ တံတားခင်းခြင်း၊ ရေတွင်းတူးခြင်းစသော ကုသိုလ်ကောင်းမှု များစွာကိုပြုလုပ်ခဲ့ပါတယ်။ ဘ၀သံသရာ အတွက်လုပ်သင့်၊ လုပ်နိုင်တာတွေ အားလုံးကို ပြုလုပ်ခဲ့ပါတယ်။ လူ့ဘ၀ သေဆုံးသောအခါ နတ်ပြည်မှာ သိကြားမင်းသွားဖြစ်ပါတယ်။ သိကြာင်းမင်းရဲ့ ပုံပြင်ဇာတ်လမ်းက မြန်မာ ဗုဒ္ဓဘာသာဝင်တွေအတွက် လမ်းညွန်တစ်ခုဖြစ်နေပါတယ်။ သိကြားမင်းဖြစ်ချင်တယ်ဆိုရင် လမ်းပြင်၊ တံတားခင်း၊ ရေတွင်းတူး။ တစ်နေ့နေ့တော့ သိကြားမင်းဖြစ်နိုင်ပါတယ်။
 တကယ်တော့ သိကြားမင်းရဲ့ဘ၀ကလဲ အားကျစရာ ပျော်ရွှင်စရာ၊ ကျေနပ်စရာပါ။ နတ်မိဖုရားကြီးက လေးယောက်၊ နတ်သ္မီးလေးတွေကလဲ များလှပါတယ်။ ဘ၀သက်တမ်းကလဲ အတော်လေးကို ရှည်ကြာပါတယ်။ ဒါပေမဲ့ နတ်စည်းစိမ်၊ သိကြားမင်းစည်းစိမ်တွေကို အရမ်းပျော်ရွှင်ခံစားရင်း သတိတွေမေ့လျော့ကာ သံသရာလည်ကြရပါတယ်။ သို့သော် သိကြားမင်းမှာ ကောင်းသော ခွင့်အရေးတွေလဲ ရှိနေပါတယ်။ ဘာလဲဆို- ဘုရားပရိနိဗ္ဗာန် မစံမှီဟောကြားခဲ့တဲ့ဇာတ်တော်မှာမြတ်စွာဘုရားက သိကြားမင်းကို ဘုရားဟောခဲ့တဲ့ ဒေသနာတော်တွေကို တိုးပွားရှည်ကြာအောင် စောင့်ရှောက်ဖို့ တာဝန်ပေးခဲ့ပါတယ်။ သိကြားမင်းက မြတ်စွာဘုရားရဲ့ နည်းလမ်းအတိုင်း လူသားတွေ နေထိုင်ဖို့ကြည့်ရှု့ရပါတယ်။ ဒီတာဝန်ရှိနေတော့ သူကိုယ်တိုင်က ကုသိုလ်ကောင်းမှုတွေကို မေ့လို့မဖြစ်နိုင်လို့ပါ။
    မြန်မာအတာ သင်္ကြန်ပွဲတော်သည် အတာရေပက်ဖြန်းခြင်း၊ သင်္ကြန်ကျခြင်းဖြင့် နှစ်သစ်ကူး မည်သည်နှင့် အညီ ဆန်းကြယ်သောပျော်စရာ၊ ရှေ့ရိုးရာအစဉ်လာတွေ လွှမ်းနေပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့ ဘာသာရေး အနှစ်သာရပါ။ သိကြားမင်းက လူသားတွေ မြတ်ဗုဒ္ဓရဲ့နည်းလမ်းတွေကို ကျင့်သုံးနေထိုင်သလား၊ မနေထိုင်ဘူးလားဆိုတာကို ကြည့်ရှု့စုံစမ်းဖို့ လူ့ပြည်ကို ဆင်းသက်လာပါလိမ့်မယ်။ ဒါကြောင့် ဒီအချိန်ဟာ ကုသိုလ်ကောင်း မှုတွေပြုလုပ်ဖို့အကောင်းဆုံးအချိန်ပါ။ သတိ မေ့လျော့နေသူတွေ ကုသိုလ်ကောင်းမှုပြုလုပ်လေ့ မရှိသူတွေ၊ အပြစ်ကျူးလွန် ထားသူ တွေအတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ပါ။ တကယ်တော့ နှစ်သစ်ကို ကုသိုလ်ကောင်းမှု  ပြုလုပ်ခြင်းဖြင့် ကျော်ဖြတ်တာ ပိုပြီးမွန်မြတ်ပါတယ်။
       အတာသင်္ကြန်နှစ်သစ်ကူးမှာ များစွာသောလူသားတွေက ဥပုသ်သီလ စောင့်ခြင်း၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း စသော ကုသိုလ်ကောင်းမှုများကို ပြုလုပ်လေ့ရှိကြပါတယ်။ တစ်ချို့က သောက်ရေဖြည့်ခြင်း၊ ရှေ့ရိုးစဉ်လားအတိုင်း သက်ကြီးရွယ်အို အဘိုးအဘွား များကိုမျက်နှာသစ်ပေးခြင်း၊ ရေချိုးပေးခြင်း စသည်ကိုလည်း ပြုလုပ်ပေးကြပါသည်။ အဲ့ဒီအချိန်တွင် လူသားအားလုံးရဲ့ရင်ထဲမှာ မေတ္တာတရားတွေ၊ အကြင်နာတရားတွေ ကိန်းဝပ်နေပါတယ်။ ကျက်သရေမင်္ဂလာရှိသော နည်းလမ်းအပြုအမူများဖြင့် နှစ်သစ်ကို စတင်လေ့ရှိကြပါသည်။
  နောက်- အတာသင်္ကြန်ပွဲတော် နှစ်သစ်ကူးကာလမှာ စစ်မှန်သော၊ အနှစ်သာရရှိသော သင်္ကြန်ပွဲတော်ဖြစ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ရေ-ရေမွှေး ပက်ဖြန်းခြင်းဖြင့် ကောင်းကောင်းမွန်မွန်၊ သန့်သန့်ရှင်းရှင်း၊ အေးအေးဆေးဆေး ပျော်ရွှင်ကြပါသည်။ သူငယ်ချင်း၊ မိတ်ဆွေတွေကြားမှာလဲ ဆခြင်း၊ နောက်ပြောင်ခြင်း၊ ဟာသပြုလုပ်ခြင်းဖြင့် ရာသီနှစ်သစ်ကို ဖြတ်ကျော်ကြပါသည်။ သင်္ကြန်နှစ်သစ်ကူး ပွဲတော်ကို နှစ်ငံအနှံ့အပြား ကျင်းပပြုလုပ်ကြပါသည်။ မြို့ကြီးတွေ၊ မြို့နယ်တွေ၊ ရွာတွေပါမကျန် ပျော်ကြရွှင်ကြ၊ သီးချင်ဆိုကြ၊ ကခုန်ကြ၊ ရေပက်ဖြန်း ဆော့ကစားကြပါသည်။ သင်္ကြန်အတွင်းကာလမှာ ဘုရားကျောင်းတွေမှာ လူငယ် လူကြီးအားလုံး ကုသိုလ်ကောင်းမှုပြုလုပ်လိုသော ရည်ရွယ်ချက်ဖြင့် သွားရောက်လေ့ ရှိကြပါသည်။ လူငယ်လေးများက ဘုရားကျောင်းဝင်းများကို တမြက်ဆီးလှည်းခြင်း၊ အဆောက်အဦး ဘုရားဆင်းတုတော်များကို ရေးဆေးခြင်း၊ ရေသပ္ပါယ်ခြင်း၊ ရဟန်းသံဃာရှင်သာမဏေ ကိုရင်၊ သီလရှင်၊ ဥပုသ်သီတင်းသည်၊ တရားအားထုတ်နေသော ယောဂီများကို ဆွမ်းကပ်၊ ကျွေးမွေးရန် ချက်ပြုတ်နေသော လူကြီး သူမများကို ၀ိုင်းဝန်းပြုလုပ်ပေးခြင်းဖြင့် သင်္ကြန်နှစ်သစ်ကူးကာလကို စိတ်ကြည်ဖြူစွာဖြင့် ပျော်ရွှင်တက်ကြွနေကြပါသည်။
       ဧပြီလရဲ့ အတာသင်္ကြန်းမှာဖြင့် လေထဲမှာ ဂီတသံ၊ သီချင်းသံများက လွင့်ပြန့်နေပါတယ်။ နောက်- ဘယ်ကိုပဲသွားသွား ယာယီမဏ္ဍာပ်များကို တွေ့မြင်နိုင်ပါတယ်။ မဏ္ဍာပ်အတွင်းမှာ သင်္ကန်း၊ သပိတ်၊ ထီး၊ ဖိနပ် များကို ခင်းကျင်းပြသထားပါသည်။ အ၀င်ပေါက်မှာလဲ - သင်္ကြန်းကာလအတွင်းမှာ ရှင်ပြုပွဲ ရဟန်းခံပွဲကြီးကျင်းပပါလိမ့်မယ်။စေတနာသဒ္ဓါတတ်အားသရွေ့ ပါဝင်လှူဒါန်းနိုင်ပါတယ် လှူဒါန်းမှုအတွက် သာဓုပါ၊ ကျေးဇူးပါလို့လဲ ရေးသားထားလေ့ ရှိပါသည်။ ဒီလိုမဏ္ဍာပ်များက သင်္ကြန်းကာလ အတွင်းမှာပြုလုပ်လေ့ရှိသော အဖွဲ့ အစည်းများဖြစ်ပါသည်။ အလုပ်တူ၊ စည်းပွားတူ၊ နေရာတူ၊ ၀ါသနာတူသော လူများပါဝင်လေ့ရှိပါတယ်။ သူတို့ရဲ့အားထားရာက ရှင်သာမဏေပြုခြင်း၊ ရဟန်းဝတ်ခြင်း စသော ကုသိုလ်ကောင်းမှုကို ပြုလုပ်ဖို့ပါ။
   နောက်- ရှင်ပြုအလှူပွဲသည် ဗုဒ္ဓဘာသာ မိသားစုများအတွက်အလွန် အရေးကြီးပါသည်။ သားရှင်လောင်းများကို ရက်သတ္တပတ် နှစ်ပတ်စသည် ဘုန်းကြီးကျောင်းကို ပို့ရပါသည်။ ခေါင်းရိတ် ဆံချရပါသည်၊သင်္ကန်းဝတ်ရပါသည်၊သပိတ်ကိုပိုက်ပြီးဆွမ်းခံကြွရပါသည်။ဆယ်ပါးသီလကို စောင့်ထိန်းရပါသည်။ ရှင့် မိဘများက သူတို့ရဲ့ သားတွေကို ရှင်ရဟန်းပြုပေးရခြင်းအားဖြင့် ကြီးမားသော အခွင့်ထူးလို့ သတ်မှတ်ကြပါသည်။ သူတို့ရဲ့ သားများကို ရှင်ရဟန်းပြုပေးရခြင်းဟာ သူတို့ရဲ့ အသား အသွေးများကို မြတ်ဗုဒ္ဓသာသနာ့ဘောင်သို့ သွတ်သွင်းခြင်းဖြစ်တယ်လို့ အောက်မေ့ဆင်ခြင်ကြပါသည်။
သားယောင်္ကျားလေး မမွေးဖွားကြသော မိဘများကသူ တစ်ပါးရဲ့ သား ယောင်္ကျား လေး များကိုရှင်ရဟန်း  ပြုကေခြင်းဖြင့် ကြီးမားသော ကုသိုလ် ကောင်းမှုမျိုးကို အလွဲခံလေ့မရှိကြပါ။  တစ်ချို့က မိမိကိုယ်တိုင်ရှင်ရဟန်ပြုခြင်းဖြင့် ကြီးမားသော ကုသိုလ်ကောင်းမှုကို ရယူကြပါသည်။ ရှင်ရဟန်းပြုသောသူသည် လောကီစည်းစိမ်ချမ်းသာများကို ပယ်စွန့်ရပါသည်။ မြတ်ဗုဒ္ဓ၏ သာသနာ့ဘောင်မှာ ခဏပဲနေနေ တစ်သက်လုံးပဲနေနေ ခြို့ခြံသော အကျင့်ကိုကျင့်ပြီး ၀ိနည်းတော်နှင့်အညီ နေထိုင် သီတင်းသုံးရပါသည်။ တကယ်တော့ သင်္ကြန်ကာလမှာ ရှင်ပြု ရဟန်းခံပွဲများစွာ ကျင်းပလေ့ရှိကြပါသည်။ ဒါကလဲ အတာ သင်္ကြန်း နှစ်သစ်ကူး ရေသဘင် ပွဲတော်ကာလရဲ့ အစိတ်အပိုင်း တစ်ခုပင် မဟုတ်ပါလား။
အားလုံးနှစ် သစ်မှာ သာယာပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ။ လိုရာ ဆန္ဒပြည့်ဝပါစေ။ ဘေးဘယာ ကင်းကြပါစေ။ ဘာသာအကျိုး သာသနာအကျိုး နိုင်ငံအကျိုးကို ဆောင်ရွက်နိုင်ကြပါစေ။ လောကတ္ထစရိယ၊ ဥာတတ္ထစရိယနှင့်အညီ ကျင့်ကြံကြိုးကုတ် အားထုတ်နိုင်ကြပါစေ သံသရာလွတ်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြပါစေ-လို့။ အားလုံးရဲ့-အမေ့မေတ္တာ အရှင်။