Showing posts with label ဘာသာရေး. Show all posts
Showing posts with label ဘာသာရေး. Show all posts

Friday, February 22, 2013

အရှင်နှင့် ဒါနပါရမီ




      
  ဒါနပါရမီ-ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း ကောင်းမှုကုသိုလ်အကျင့်လေးကို
အရှင်အနေနဲ့ က-ခ-ဂ မြန်မာ့အက္ခရာစာကိုမျှ မဖတ်တတ်ခင်၊ မိမိနာမည်ကိုမျှ မရေး တတ်ခင်၊ စာလေးတစ်ကြောင်းကိုမျှ မရေးတတ်ခင်ကတဲ့က အလေ့အကျင့်ဖြစ် နေခဲ့တာပါ။ ပြောရမယ်ဆိုရင်တော့ ပေတေတေကလေးလေး ဘ၀ကတဲ့ကဆိုပါတော့။ မိဘကသင်ပေလို့လဲ မဟုတ်ပါဘူး။ စာပေတွေဖတ်ရလို့လဲ မဟုတ်ပါဘူး။ ဆရာတော် သံဃာတော်တွေ ဟောကြားထားတဲ့ မြတ်ဗုဒ္ဓဓမ္မတွေကို နာကြားရလို့လဲ မဟုတ်ပါဘူး။ မွေးရာပါဗီဇအကျင့်တစ်ခုသာပါ။
        ဘာဖြစ်လို့လဲဆိုတော့ အရှင်ရဲ့ ငယ်ဘ၀က သူများတွေဘ၀တွေနဲ့ အတော်လေး ကိုကွာခြားခဲ့ပါတယ်။ လူလားမြောက်လို့ ကိုးနှစ်သားအရွယ်ထိ စာပေကိုသင်ကြားခွင့် မရခဲ့ပါဘူး။ ကျောင်းနေခွင့်မရခဲ့ပါဘူး။ တရားနာခွင့်ဆိုတာပိုဝေးပေါ့။ ၇-၈-၉ နှစ်သား အရွယ်တွေမှာတော့ အရှင်ဟာ မနက်မိုးချုပ် နွားတစ်အုပ်နဲ့ တောင်ယာလယ်ကွင်းမှာပဲ အချိန်ကုန်လွန်ခဲ့ရတာပါ။ ဒီတော့ ကျောင်းစိမ်းဝတ်စုံကိုဝတ် လွယ်အိတ်လွယ်ခွင့်တွေ။ ရွာဦးကျောင်းကဆရာတော်ထံမှာ ဘာသာရေးစာပေသင်ကြားခွင့်တွေ၊ မြင့်မြတ်တဲ့ နေ့ရက်ဥပုသ်ကာလတွေမှာ သီလယူဥပုသ်စောင့်ခွင့်တွေ၊ မြတ်ဓမ္မတွေကို နာကြား ခွင့်တွေ၊ အမေ-အဖေတွေရဲ့ ဆုံးမစကားတွေကို နားထောင်ခွင့်တွေကို မရခဲ့ဘူးဆိုပါ တော့။
        ဒီတော့…ဒါနဆိုတဲ့အဓိပ္ပါယ်တွေ၊ လှူဒါန်းခြင်းရဲ့အကျိုးတွေ၊ စွန့်ကြဲပေး ကမ်းခြင်းရဲ့ အနှစ်သာရတွေ ဘာဆိုဘာကိုမှ နားမလည်ခဲ့ပါဘူး။ ဒီအသက်ရွယ်မှာ ဒါတွေကို နားလည်ဖို့ဆိုတာ အသာထား ကိုယ့်နာမည်လေးကိုတောင် မရေးတတ် မဖတ်တတ်ခဲ့တာပါ။ ဒါဆို..ဘယ်လိုလုပ်ပြီး ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း အကျင့်ကို ဘာမှနာမလည်ဘဲ စာမတတ်ဘဲ ကလေးဘ၀မှာ ရရှိခဲ့တာလဲလို့ မေးစရာရှိပါတယ်။ အဖြေကတော့ ရိုးရှင်းလှပါတယ်။ မွေးရာပါဗီဇ ကြောင့်သာ ဖြစ်ပါတယ်။
        ကဲ- ဒါနပါရမီကို မွေးရာပါဗီဇကြောင့် ဘာမှနားမလည်တဲ့ ကလေးဘ၀ကတဲ့က ပါခဲ့ရှိခဲ့ ပြုလုပ်ခဲ့တာတော့ ဟုတ်ပါပြီ။ ဘယ်ကမှ ၀င်ငွေမရှိဘဲ အခကြေးငွေမရဘဲ ဘယ်လိုလုပ်ပြီး ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း ကောင်းမှုကုသိုလ်ကို ပြုလုပ်နိုင် ခဲ့တာလဲလို့ မေးစရာရှိလာပါတယ်။ ဒီအဖြေကလဲ ရှင်းရှင်းလေးလေးပါပဲ။ တကယ် တော့ ဒါန-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းဆိုတာ ၀င်ငွေရှိမှ အခကြေးငွေရမှ ပြုလုပ်နိုင်တဲ့ အကျင့်ပါရမီတော့ မဟုတ်ပါဘူး။ ၀င်ငွေမရှိ အခကြေးငွေမရှိလဲ ဖြည့်ကျင့်နိုင်တဲ့ အကျင့်ပါရမီတစ်ခုပါ။ ငွေကြေးမကုန်ဘဲ ဖြည့်ကျင့်လို့ရတဲ့ နည်းလမ်းတွေများစွာ ရှိနေပါတယ်။ အားလုံးလဲ သိပြီးဖြစ်မှာပါ။ အရှင်ကတော့ ဘာဝင်ငွေ အခကြေးငွေမှ မရှိတဲ့ ကလေးဘ၀ကစပြီး ယနေ့အချိန်ထိ ဒါနပါရမီဆိုတဲ့ ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း ကောင်းမှုကုသိုလ်လေးကို ဒီလိုဖြည့်ကျင့်ခဲ့ပါတယ်။
        ကလေးဘ၀ ငယ်ရွယ်စဉ်တုန်းကတော့ အရှင်ဟာ ညီငယ်ညီမငယ်လေးများကို မွေးမေမေ အိမ်မှာမရှိခိုက် ထိမ်းရပါတယ်။ အငိုတိတ်အောင်ချော့ရပါတယ်။ ဒီတုန်းက အမေက ကလေးတွေအတွက် အတိုင်းတာတစ်ခုအနေနဲ့ ထမင်းဟင်းနဲ့ မုန့်ပဲသရီစာကို ပေးခဲ့တာပါ။ အမေပေးခဲ့တဲ့ ထမင်းဟင်းနဲ့ မုန့်ပဲသရီစာကို မိမိမစားဘဲ ညီငယ်ညီမ ငယ်တွေကိုပဲ ကျွေးခဲ့ပေးခဲ့တာပါ။ တကယ်တော့ မိမိအတွက်ဝေစုကို မိမိမစားပဲ ညီငယ်ညီမငယ်လေးတွေကို ပေးခြင်း ကျွေးခြင်းကလဲ ဒါနပါရမီပင် မဟုတ်ပါလား။ ဒီအချိန်မှာ အရှင်ဟာ စာမဖတ်တတ်သလို ၀င်ငွေလဲ မရှိသေးပါဘူး။
        နောက်…မိမိ နွားကျောင်းသားလေးဘ၀ကဆိုပါတော့။ ကိုယ်ပိုင်အိမ်ကနွား ကျောင်းရတာတော့ မဟုတ်ပါဘူး။ သူများအိမ်ကနွားကို လခစားနဲ့ထိမ်းကျောင်းရတာ ပါ။ မှတ်မှတ်ရရ ဒီတုန်းက တစ်လကို မြန်မာကျပ်ငွေသုံးရာရပါတယ်။ ဒီနွားကျောင်း သားဘ၀မှာတော့ အရှင်ဟာ ၈-၉နှစ်သားအရွယ်သာရှိပါသေးတယ်။ စာသင်ခွင့် ကျောင်းနေခွင့်မရသေးပါဘူး။ နွားကျောင်းခ တစ်လကိုသုံးရာ ရတယ်ဆိုပေမဲ့။ မိမိမသုံး ရပါဘူး။ အိမ်ကစည်းပွားရေးကြပ်တည်းနေချိန်မို့ အမေက တစ်လမပြည့် သေးဘူးလခ ကြိုထုတ်လေ့ရှိပါတယ်။ တစ်ခါတစ်လေဆို သုံးလေးလစာ မွေးမေမေက ကြိုထုတ် လေ့ရှိပါတယ်။ ဒီတော့.. လခငွေကို မိမိမထိရမကိုင်ရပါဘူး။ ဒါပေမဲ့.. အရှင်ရဲ့ ဒါန ပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း အကျင့်လေးကတော့ မပျက်ခဲ့ပါဘူး။
        လခငွေကိုလဲ မရရှိ မသုံးရဘဲ ဘယ်လိုလုပ်ဒါနပါရမီ-ပေးကမ်းလှူဒါန်းခြင်း အကျင့်ကိုပြုလုပ်နိုင်သလဲဆိုရင်တော့… မိမိဟာ နေ့စဉ်မနက် ၈နာရီခွဲလောက်မှာ သခင်အိမ်ကနေ နွားအုပ်ကြီးကို မောင်းထုတ်ပြီး ကျယ်ပြန့်တဲ့စားကျက်မှာ ထိမ်း ကျောင်းပါတယ်။ ညနေ ၅နာရီကျော်မှ တောကနေအိမ်ခြံကို ပြန်သွင်းရပါတယ်။ မနက် ၈ခွဲမှာတောထဲကိုသွား ညနေ၅နာရီမှာ ပြန်သွင်းဆိုပေမဲ့ သူများတွေလို ၀တ္တရာကျေ နွားတွေကိုထိမ်းကျောင်းတာမျိုး မဟုတ်ခဲ့ပါဘူး။ တကယ်ကိုတိရစ္ဆာန်ဖြစ်တဲ့ နွားတွေကို သက်ရှိလူသားဖြစ်တဲ့ မိမိလိုပဲ တန်ဖိုးထား သနားစိတ်နဲ့ အစာပေါတဲ့နေရာ-လယ်ကွင်း၊ မြက်နုနုလေးတွေရှိတဲ့နေရာ-လယ်ကွင်းနဲ့ ကန်စင်းရိုးတွေ၊ အခင်းဘေးတွေမှာ ဂရုတ စိုက်နဲ့ ထိမ်းကျောင်းကျွေးမွေးခဲ့တာပါ။ ဒါတင်ဘယ်ကမလဲ… နေ့လည်တစ်ကြိမ်း ညနေတစ်ကြိမ် နွားတွေကို ရေပေါတဲ့ ချောင်းအင်းအိုင်တွေမှာ မောင်းပြီးရေ တိုက်ပေးပါတယ်။ တကယ်တော့..ဒါကလဲ ဒါနပါရမီ-အကျင့်ပဲ မဟုတ်ပါလား။ ဘယ်မှာ အခကြေးငွေရှိလို့လဲ မရှိပါဘူး။
        ဒီလိုမျိုး မိမိက နွားတွေကို သေချာဂရုစိုက်ပြီး ထိမ်းကျောင်းပေးတဲ့အတွက် နွားတွေဟာ အသားရေ၀ဖြိုးပြီး တသားမွေးတသွေးလှလာကြပါတယ်။ နွားကောင်ရေ တွေလဲ တိုးပွားလာပါတယ်။ ဒီတော့..အိမ်ရှင်တွေက မိမိကို ဘောက်ဆူးအဖြစ် အ၀တ်ပုဆိုးတွေ၊ အစားအစာတွေ၊ မုန့်ဖိုးပဲဖိုးအဖြစ်ငွေအသပြာလေးတွေကို ပေးလေ့ ရှိပါတယ်။ အိမ်ရှင်တွေက မိမိရဲ့တာဝန်ကျေမှု၊ စိတ်စေတနာမှန်မှုကိုအကြောင်းပြုပြီး ပေးလာတဲ့ ဒီအ၀တ်စား၊ အစားအစာ၊ ငွေအသပြာလေးတွေကို မိမိကမသုံးစွဲပဲ မိဘညီကိုယ်မောင်နှမတွေ သုံးဖို့စားဖို့ဝတ်ဖို့ ယူသွားလေ့ရှိပါတယ်။ ဒါလဲ ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း မဟုတ်ပါလား။ လက်ထဲမှာ ငွေအသပြာမရှိပေမဲ့ ဒါနပါရမီ ဆိုတာ ယူတတ်ရင်ရပါတယ်။    
        နောက်…. မိမိအနေနဲ့ တောထဲလယ်ထဲမှာ တစ်နေကုန်နွားတွေနဲ့ အချိန် ကုန်လွန်ခဲ့ရတယ်ဆိုပေမဲ့လဲ အိမ်အတွက် လယ်တောထဲ ချောင်းထဲမြောင်းထဲမှာ သဘာဝအရအလိုလိုပေါက်နေတဲ့ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မန်းကျည်းရွက်စသည် ကိုလဲ အိမ်အတွက် ခူးသွားလေ့ရှိပါတယ်။ ဒါလဲ ဒါနပါရမီအကျင့်တစ်ခုပါပဲ။
        နောက်… ၁၀နှစ်သားအရွယ်မှာတော့ ရွာဦးကျောင်းက ဆရာတော်အထံမှာ ဘုန်းကြီးကျောင်းဖြစ်ခဲ့ပါတယ်။ အစမှာတော့ မနက်ပိုင်းနေ့လည်ပိုင်းစာသင်ပြီး အိမ်ပြန်အိပ်ရပါတယ်။ နောက်တော့လဲ ကျောင်းမှာအိပ်ကျောင်းမှာစားတဲ့ ညအိပ် ကျောင်းသားအဖြစ်နဲ့နေခဲ့ပါတယ်။ ညအိပ်ကျောင်းသားဖြစ်လာတဲ့အခါမှာတော့ မနက် စောစောထပြီး ဟင်းပေါင်းအိုးနွေးခြင်း၊ ရေနွေးအိုးတည်ခြင်း၊ ဆရာသမား ဘုန်းကြီးများ အတွက် မျက်နှာသစ်ရေခပ်ခြင်း၊ ရဟန်းသာမဏေများ သုံးစွဲဖို့ ဘုန်ဘိုင်တွင်းရေ နှိတ်ခြင်း၊ တံမြက်စည်းလည်း၊အမိုက်ကျုံး၊ သစ်ပင်ရေလောင်း၊ မြက်ထွင်၊ ဆွမ်းခွထွက်၊ မရှိဆင်းရဲသားတောင်းစားသူများကို ဝေငှ၊ ကြောင်ခွေးကျီးကန်းခိုများကိုအစာကျွေး စသည်များကိုလုပ်ရပါတယ်။ ဒါတွေကလဲ ဒါနပါရမီ-စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းပင် ဖြစ်ပါသည်။ ဒီဘုန်းကြီးကျောင်းသားဘ၀မှာလဲ အခကြေးငွေမရှိခဲ့ပါဘူး။ ငယ်စဉ် ကလေးဘ၀မှာတော့ အမေ့ကအရှင်အတွက် သီးသန့်မုန့်ဖိုးဆိုတာ ပေးရိုးထုံးစံ မရှိခဲ့ ပါဘူး။ သို့သော်လဲ အရှင်အနေနဲ့ မွေးရာပါဗီဇဖြစ်တဲ့ ဒါနပါရမီအကျင့်လေးကတော့ မရပ်တန့်ပဲ တည်မြဲခဲ့ပါတယ်။
        စဉ်းစားမိပါတယ်။ တကယ်လို့ ငွေရှိမှ ပစ္စည်းဥစ္စာရှိမှသာ ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း အကျင့်မြတ်ကို ပြုလုပ်ရမယ်ဆိုရင်တော့ အရှင်လို ဆင်းရဲပြီး စာမတတ် ငွေကြေးမရှိတဲ့သူအတွက် ဘယ်မှာဒါနပါရမီကုသိုလ်အကျင့်ကို ပြုလုပ်နိုင်ပါ့မလဲလို့ပါ။ အရှင်အနေနဲ့ ဆင်းရဲပြီးမွဲတေနေသော်လည်း အသေးစာဒါန ပါရမီကုသိုလ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။ ဘ၀မျိုးစုံနဲ့ ပြုလုပ်ခဲ့ခြင်းပါ။ ကလေးထိမ်းဘ၀၊ နွားကျောင်းသားဘ၀၊ ဘုန်းကြီးကျောင်းသားဘ၀တွေပေါ့ဗျာ။
        နောက်… ဒီစိတ်ကောင်းစေတနာကောင်း ဒါနပါရမီကုသိုလ်လေးတွေကြောင့် ထင်ပါရဲ့ ၁၁နှစ်သားအရွယ်မှာတော့ ရှင်သာမဏေ၀တ်ခွင့် ကိုရင်ဖြစ်ခွင့်ရခဲ့ပါတယ်။ သူများတွေလို နွားယာဉ်ကြီးတွေစီး၊ မြင်းကြီးတွေစီး၊ ဆင်ကြီးတွေစီးလို့ ရှင်လောင်း လှည့်၊ ဘိသိတ်မြောက်ပြီး ဆိုင်းတွေဗုံတွေနဲ့ ကိုရင်ဖြစ်ခဲ့တာတော့ မဟုတ်ဘူးဗျာ့။ ရိုးရိုးလေး အမေနဲ့အဖေကို အသိပေးပြီး ကျောင်းမှာပဲ ဆံချသရဏဂုံတည်၊ အ၀ါရောင် ပိတ်သင်္ကန်းလေကို ဆင်မြန်းပြီး ရှင်သာမဏေကိုရင်လေးဖြစ်ခဲ့တာပါ။ မိဘတွေက ဆင်းရဲတော့ သူများတွေလို အလှူကြီးတွေပေးပြီးတော့ ရှင်သာမဏေဖြစ် ခဲ့တာတော့ မဟုတ်ဘူးပေါ့ဗျာ။ ဘယ်လိုပဲ ကိုရင်ဖြစ်ခဲ့ဖြစ်ခဲ့ ရှင်သာမဏေဖြစ်ခဲ့ဖြစ်ခဲ့ အဲ့ဒီ ကိုရင်လေးက အခုတော့ ပြည်တန်ပတ္တမြားကြီး မဟုတ်ပေမဲ့ စိန်ကောင်းတစ်ပွင့် ကျောက်ကောင်းတစ်ချပ်တော့ ဖြစ်နေပြီမဟုတ်ပါလား။ သာသနာအတွက်၊ ဘာသာ အတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက် သူရဲကောင်းကြီးတစ်ဦးမဟုတ်ပေမဲ့၊ တစ်ထောင့် တစ်နေရာကနေတော့ အကျိုးပြုနိုင်ပြီ မဟုတ်ပါလား။ တန်ဖိုးရှိနေပြီမဟုတ်ပါလား။
        ဒီနေရာလေးမှာ ပြောချင်တာက သားယောက်ျာလေးရလာရင် အလှူပေးပြီး မောင်ရှင်လောင်းပြုပေးရမှ၊ သားအရွယ်မရောက်-အိမ်ထောင်မပြုခင် အလှူ ပေးဖြစ်မှ တော်ကာကျမည်၊ နို့မဟုတ်ရင် ပတ်ဝန်းကျင်က ကဲ့ရဲ့လိမ့်မယ်ဆိုပြီး သူများ ဆီက ချေးငှါးပြီး မနိုင်တနိုင်အလှူပေးလေ့ရှိတဲ့  မြန်မာလူမျိုးတွေ အသိရ၊ သတိရ အမြင် မှန်ရစေချင်ပါတယ်။ အလှူကြီးပေးပြီး မောင်ရှင်လောင်းလုပ်ခွင့်ရမှသာ လူရာဝင်မည်၊ လူဖြစ်ရကျိုးနပ်မည်၊ မိသားစုဂုဏ်သိက္ခာတက်မည်ဆိုပါလျှင် အရှင်ဟာ အခုချိန်မှာ အမေ့မေတ္တာအရှင်, B.A. M.A ရယ်လို့ဖြစ်လာစရာဘယ်ရှိပါ့မလဲ။ စဉ်းသာစဉ်းစား ကြည့်ကြပေတော့..အမိမြန်မာတို့ရယ်။
        နောက်…အရှင်ဟာ ၁၁နှစ်သားအရွယ်မှာ ရှင်သာဏေဖြစ်ဖြစ်ခြင်း မန်းလေး ရွှေမြို့တော်ကြီးကို ပညာသင်ရောက်ရှိလာခဲ့ပါတယ်။ မန်းလေးရွှေမြို့တော်ကြီးမှာ မူငယ်လတ်ကြီး ဘာသာရေးစာမေးပွဲများကိုလေ့လာ သင်ကြားရင်း ကိုရင်ဘ၀တစ် လျှောက်လုံး ဘုံဆွမ်းလောင်းတိုးကာ ဆရာသမားများအား အရုဏ်ဆွမ်းကပ်လှူခြင်း ဆွမ်းအာဟာရဒါန၀တ်ကို မချွတ်ပြုခဲ့ပါတယ်။ နောက်..ရံဖန်ရံခါ ဂိလာနဘတ်ကိုလဲ ပြုလုပ်လေ့ရှိပါတယ်။ မိမိဘုဉ်းပြီးတိုင်း ဆင်းရဲသားများအားလဲ ပေးကမ်းစွန့်ကြဲလေ့ရှိ ပါတယ်။ မိဘများအားလဲ ဘုရားပွဲကထိန်ပွဲမှ ရလာသောမိမိလာဒ်လာဘများကို ခွဲခြမ်း၍ ထောက်ပံ့ပေးလေ့ရှိပါတယ်။ မန်းလေးရွှေမြို့တော်ကြီးဆိုတာ ဘုရားပွဲများ၊ ကထိန်ပွဲများပေါများသောဘာသာရေးမြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။ မန်းလေးမြို့သူ မြို့သားများဟာလည်း သဒ္ဓါတရားသိပ်ကောင်းပြီး သာသနာနဲ့သဃာကိုကြည်ညိုတတ် ထောက်ပံ့တတ်သော ဗုဒ္ဓဘာသာဝင်များလဲ ဖြစ်ပါတယ်။ နောက်.. ပဌာန်းသံ၊ ဓမ္မသံတွေ မဆဲသောမြို့ကြီးတစ်ခု၊ ဘာသာ သာသနာထွန်းကားသော မြို့ကြီးတစ်ခုလဲ ဖြစ်ပါတယ်။ ဒါတွေသည်လည်း ဒါနပါရမီအကျင့်ပင် မဟုတ်ပါလား။
        နောက်….အရှင်ဟာ ရဟန်းဘ၀မှာတော့ မန်းလေး ဗုဒ္ဓတက္ကသိုလ်- ဆူးခါးနဲ့ မန်းလေးနပသတက္ကသိုလ်ကြီးများမှာ တက္ကသိုလ်ပညာရပ်များကို ဆည်းပူးလေ့လာရင်း မရှိဆင်းရဲသားများအား ထောက်ပံ့ပေးကမ်းခြင်း၊ လူနာများအားသွေးလှူခြင်း၊ စောင့် ရှောက်ပေးခြင်းများကို ပြုလုပ်လေ့ရှိပါတယ်။ ဗုဒ္ဓတက္ကသိုလ်ကိုတက်စဉ် အရှင်ရဲ့ မိခင် ချမ်းသားကြီးကျောင်းတိုက်လေးမှာ မူငယ်လတ်ကြီးစာဝါများကိုပို့ချပေးခဲ့ပါတယ်။ မိခင် ကျောင်းတိုက်လေးမှာလဲ မနက်တိုင်းလိုလို စာချင်သူငယ်ချင်းများအား မန်းလေးထုံးစံ အတိုင်း လ္ဘက်ရည်နဲ့မုန့်အာဟာရကို ဒါနအဖြစ်ပြုလုပ်လေ့ရှိပါတယ်။ မိခင်နပသ တက္ကသိုလ်မှာတော့ ဒုတိယနှစ်မှစ၍ အင်္ဂလိပ်စာအခြေခံ ဂရမ္မာနဲ့ စကားပြော၊ ဓမ္မပဒ၊ What the Buddha taught စာအုပ်များကို ၀ါသနာပါသူများအား ပို့ချ ဖတ်ပြပေးခဲ့ပါတယ်။ အဆောင်ကသူငယ်ချင်းများကိုလဲ မနက်အရုဏ်ဆွမ်းအဖြင့် မြမြင့် မိုရ်မှာ ဒါနပြုလုပ်လေ့ရှိပါတယ်။ ဒီအလေ့အကျင့်များသည်လဲ ဒါနပါရမီကုသိုလ် ပင် ဖြစ်ပါသည်။
        နောက်…အရှင်ဟာ တက္ကသိုလ်မှာ လေးနှစ်တာပညာရပ်များကို သင်ကြားပြီး နာဂတောင်တန်းဒေသကို သာသနာပြု ၂ နှစ်သွားရောက်ခဲ့ပါတယ်။ ထို ၂နှစ်တာကာလ များမှာလဲ နာဂတိုင်းရင်းသားများအား ဘာသာရေးစာပေများသင်ကြားပေးခြင်း၊ အတန်း စာပေများသင်ကြားပေးခြင်း၊ ဘုရားကျောင်းကန်တံတားများ ဆောက်လုပ်ခြင်း၊ ဆွမ်းဆံစိမ်း လောင်းလှူပွဲများပြုလုပ်ပေးခြင်း၊ ကိုရင်သာမဏေများဝတ်ပေးခြင်း၊ ပဌာန်း ပွဲများ ကျင်းပပေးခြင်း၊ ဓမ္မစကြာသင်တန်းများပို့ချ၍ ဓမ္မစကြာအသင်းဖွဲ့ခြင်း၊ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်များပို့ချပေးခြင်း၊ အင်္ဂလိပ်စာ အခြေခံဂရမ္မာနဲ့ စကား ပြောသင်တန်းများ ပို့ချပေးခြင်း၊ ဆယ်ရက်စခန်းများ ပြုလုပ်ပေးခြင်း၊ တရားတော်များ ဟောကြားပေးခြင်း၊ သက်ကြီးပူ ဇော်ပွဲများ ပြုလုပ်ပေးခြင်း၊ ဆေးပဒေသာ ပင်များ ဆိုက်ထူခြင်း၊ ကျောင်းသားကျောင်း သူများအား ပညာသင်စ ရိတ်ထောက်ပံ့ ပေးခြင်း၊ တောင်ယာလုပ်ကိုင်စားသောက်သူ ရွာသားများအား အရင်းအနှီးဆိုက် ထုတ်ပေးခြင်း စသောသာသနာပြုလုပ်ငန်းများကို စေတနာ ၀ါသနာ အနွံနာဖြင့် ဆောက်ရွက် ပေးခဲ့ပါသည်။ ဒါသည်ပင်လည်း ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း သည်ပင် ဖြစ်ပါ သည်။
        နောက်… သာသနတက္ကသီလဓမ္မာစရိယ,B.A Buddhism ဘွဲ့ကို ရယူပြီး သီဟိုဠ် ကို ပညာသင်ရောက်ရှိလာခဲ့ပါတယ်။ သီဟိုဠ်မှာ မာစတာတည်းဟူသော ဘွဲ့ဒီဂရီကို လေ့လာနေစဉ်မှာလဲ မိဘမဲ့ကျောင်းများအား သူငယ်ချင်းများနဲ့စုပေါင်း၍ ထောက်ပံ့ခြင်း၊ ဆန်းဒေးစကူးလ်ကျောင်းသားများအား ထောက်ပံ့ခြင်း၊ သူငယ်ချင်းများ စာပေမျှဝေခြင်း၊ ကျောင်းပြင်ခြင်း၊ အတူနေကျောင်းသားများအား ဆွမ်းဆံ၊ ဆီစသည်လှူဒါန်းခြင်း၊ အရုဏ်ဆွမ်း နေ့ဆွမ်းဆက်ကပ်ခြင်း စသောသာသနာပြု ပရဟိတလုပ်ငန်းများကို လုပ်ဆောင်နေဆဲဖြစ်ပါသည်။ ဒါသည်ပင် ဒါနပါရမီ-ပေးကမ်း စွန့်ကြဲလှူဒါန်းခြင်းသည် ဖြစ်ပါသည်။
        အရှင်သည် ဘယ်နေရာဘယ်ဒေသရောက်ရောက် ဒါနပါရမီကို ဖြည့်ကျင့်လေ့ ရှိပါသည်။ ရှိလို့လှူသည်လဲ မဟုတ်သလို နာမည်ရခြင်း ဂုဏ်လိုချင်လို့လဲ မဟုတ်ပါဘူး။ မွေးရာပါဗီဇနဲ့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမဓမ္မများက လမ်းညွန်ပေးနေသောကြောင့်သာ ဖြစ်ပါသည်။ ဟိုတစ်ချိန် ကလေးဘ၀စာမတတ်ခင် နွားကျောင်းသားဘ၀ သံဃေဒိန္နံ မဟပ္ဖလံဆိုတာလဲ နားမလည်၊ ဒါနံသဂ္ဂဿ သောပါဏံဆိုတာလဲ မသိ၊ ငွေးကြေး ဥစ္စာဆိုတာလဲ မရှိခဲ့ပေမဲ့၊ အခုတော့ မြတ်ဗုဒ္ဓ၏ ဒါနပါရမီကို ချီးမွှမ်းပုံကိုလဲ နားလည်ခဲ့ပါပြီ၊ ငါ့ဘုရားဟောတဲ့ ဒါနအကျိုးကိုနားလည်မယ်ဆိုရင် ပါးစပ်ဖြားက ထမင်းလုပ်တောင် စွန့်ကြဲပေးကမ်းလိမ့်မယ်ဆိုတဲ့ မြတ်ဗုဒ္ဓ၏ အဆုံးအမစကားတွေလဲ ခံစားတတ်ခဲ့ပါပြီ၊ ဒါနနည်းတော့ မွဲ၊ သီလနည်းတော့ ရောဂါကြွယ်၊ ဘာဝနာနည်းတော့ သံသရာလည်ဆိုတာကို သဘောပေါက်ခဲ့ပါပြီ၊ ရှေ့ဘ၀က ဒါနပါရမီနည်းခဲ့လို့ ဒီဘ၀မှာ ဆင်းဆင်းရဲရနေရတယ်ဆိုတာကိုလဲ လက်ခံခဲ့ပါပြီ။ ရှေ့ကကောင်းလို့ အခုကောင်း သည်၊ အခုကောင်း နောင်ကောင်းပါလိမ့်မည်။ ရှေ့ကမကောင်းလို့ အခုမကောင်းသည် အခုမကောင်း နောင်မကောင်းပါလိမ့်မည် ဆိုတာကိုလဲ တွေးတတ်ခဲ့ပါပြီ။ နောက်.. ဆိုးပင်ပျိုးက ဆိုးကျိုးရ၊ ကောင်းပင်ပျိုးက ကောင်းကျိုးရ လောကဓမ္မတာဆိုတာကိုလဲ ဖွင့်ဆိုတတ်ခဲ့ပါပြီ။
        ဒီတော့.. မရှိလို့မလှူ၊ မလှူလို့မရှိတဲ့။ လူ့ဘ၀ဆိုတာ တကယ်ကိုတိုတိုလေးပါ၊ ခဏတာပွက်တဲ့ ရေဗွက်ပမာ၊ ရွှံ့နဲ့လုပ်ထားတဲ့ အရုပ်ပမာ ကြေလွယ်ကွဲလွယ် ပျက်စီး လွယ်တတ်တယ်။ အသက်ဝိညာဉ်ကင်းတဲ့တစ်နေ့ ထင်းတုံးပမာ အသုံးမ၀င် တော့တဲ့ ဒီခန္ဓာကိုယ်ကြီး တွယ်တာတပ်မက်မနေဘဲ လူ့လောကအတွက် သာသနာအတွက် သံသရာအတွက် နာနာလေးခိုင်းပေးမှသာ တော်ကာကျမည်…..။
အားလုံးဒါန-သီလ-ဘာဝနာဖြင့် ပျော်မွေ့တတ်ပါစေ။
အမေ့မေတ္တာအရှင်…

Saturday, February 16, 2013

ဇိတံမေ-နိဌိတံမေ




       
 ဇိတံမေ-အောင်ပြီ၊ နိဌိတံမေ-ပြီးဆုံးလေပြီလို့ ရှင်တော်မြတ်ဗုဒ္ဓဟာ တစ်ခုခုကို အောင်မြင်ပြီးသောအခါ၊ မာရ်နတ်စစ်သည်ကို အောင်မြင်ပြီးသောအခါ၊ ကိလေသာ တဏှာကို အပြီးသတ်ချေမှုန်းပြီးသောအခါ ဒီပါဠိစကားလေးကို ဥဒါန်းကျူး ရင့်လေ့ ရှိပါ တယ်။
        အခုလဲ ဘာမှမဟုတ်တဲ့ အမေ့မေတ္တာအရှင်ကလဲ ဘာမှမဟုတ်တဲ့ ကိစ္စလေး တစ်ခုနဲ့ ပက် သက်ပြီး ဇိတံမေ-အောင်ပြီ၊ နိဌိတံမေ -ပြီးဆုံးခြင်းသို့ ရောက်ခဲ့  လေပြီလို့ ကြွေးကြော် ရမှာပါ။
        ဘာမှ မဟုတ်တဲ့ ကိစ္စလေးတစ်ခုဆိုတာတော့ ကျောင်းသားသစ်တွေအတွက် အိမ်ငှါးကိစ္စပါ။ ဘာမှမဟုတ်ဘူးလို့ သာပြောရတယ်။ လွယ်တော့ မလွယ်ဘူးဗျာ။ အိမ်တစ်လုံး၊ ကျောင်းတစ်ဆောင်ဆောက်တာ မဟုတ်ပေမဲ့ အိမ်တစ်လုံးရဖို့ ရှာရတာ တစ်ပတ်ကျော်လောက်ကို ကြာတယ်။ လူကသိပ်မပန်းပေမဲ့ ငွေကြေးတော့ အတော် ကုန်သားဗျာ့။
        ဒီနေ့တော့ အိမ်ငှါးကိစ္စအတွက် နိဌိတံ-ဇိတံလို့ပြောလို့ရပါပြီ။ ဒီနေ့ည ၇ နာရီ မှာပဲ ကျောင်းသားကိုးယောက်အတွက် တစ်နှစ်စာ တစ်လကို ရူပီးသုံးသောင်းကျပ်-တစ်နှစ်စာ ရူပီးသုံးသိန်းခြောက်သောင်းကျပ်တန် စာချုပ်ကို ရှေ့နေနဲ့ ချုပ်ခဲ့ပြီး ပြီဆိုပါ တော့။ အိမ်ငှါးကိစ္စစာချုပ်လေးပြီးတော့ နားရပြီထင်ေ နတာ ဘယ်ဟုတ်မလဲ။ မနက်ဖန် အသုံးအဆောင် ပစ္စည်းလေးေ တွအတွက် ဈေးတန်းတိုးရအုံးမယ်ဆိုပါလား။ ဘာပဲ ဖြစ်ဖြစ်ကူညီပေးရမှာပါ။ ကိုယ်က ဘာမှတော့ မဟုတ်ပေမဲ့ စီနီယာကျနေတာကိုး။ ကိုယ်ကလဲ အနာဂတ်မျိုးဆက်သစ်လေးတွေကို ကူညီပေးဖို့ အသင့်ပါ။ မတောက်တစ် ခေါက် အီးပညာလေးနဲ့ လိုက်ပြီး ဈေးစစ်ပေးရအုံးမယ်ဆိုပါတော့။
        တကယ်တော့ ဒီအိမ်ငှါးကိစ္စတာဝန်က အရှင်အိန္ဒိယကို ရောက်နေစဉ်မှာကတဲ့က ပုခုံးပေါ်ကိုရောက်နေတာပါ။ လူကအိန္ဒိယမှာရှိသေးတယ်။ သီရိလင်္ကာက အိမ်ငှါး ကိစ္စတာဝန်က စောင့်မျှော်နေလေရဲ့။ အသစ်ရောက်လာတဲ့ ကျောင်းသားတွေကလဲ ကိုယ်နဲ့ အတော်လေးကို ရင်းနီးနေတဲ့ သူတွေဆိုတော့ သူတို့ကလဲ ကိုယ်ကို အားကိုး ရှာတယ်လေ။ သူတို့မလာခင်ကတဲ့က မိမိကို လှမ်းပြီးကြိုပြောထားကြတာလေ။ နေစရာ ဘာဘာညာညာစသသည်ပေါ့။ အင်းကိုယ်ကလဲ စိတ်ချဖြစ်ချင်တာကို ဖြစ်စေရမယ်လို့ သာ ပြောလိုက်ရတယ်။ ကိုယ်မှာဖြင့် ကပ်ပြီး နေထိုင်နေတဲ့ ကုလားကျောင်း ဆောင် လေးကိုတောင် မြန်မာပြည်မပြန်ခင် ကိုယ့်ထက်ခက်ခဲနေတဲ့ သူငယ်ချင်းများကို ပေးထားရလေရဲ့။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ဖျိုသလစ်နေတတ်နေပြီလေ။
        ဒီတော့ မိမိကိုယ်က နေထိုင်ဖို့နေရာ ကြိုပြောထားတဲ့ သူငယ်ချင်းများက များနေ တော့ ရင်းတာဖျားတာမခွဲခြားတော့ပဲ ဦးသူစနစ်ဖြင့် မိမိစွမ်းနို င်တဲ့ နေရာလေးတွေကို အရင်ရောက်လာသူ သူငယ်ချင်း များအား ပေးလိုက်ရတယ်လေ။ အများကြီးတော့ မဟုတ်ပါဘူး။ ကောလုနာဝနဲ့ ၀ဇိရလောက်ပါပဲ။
        ဒီတော့ နောက်ရောက်လာတဲ့ သူငယ်ချင်းများကိုတော့ အိမ်ငှါးပဲ စဉ်းစားရ တယ်လေ။ အိမ်ငှါးရတာ အခက်ကြီးတော့မဟုတ်ပေမဲ့၊ အိမ်ရှင်တွေက ဈေးကွက်ကို သိလာပြီး ဈေးတွေမတန်တဆတောင်းလာတော့ အရင်ကလိုငှါးရတာ မလွယ်တော့ ဘူး။ ကိုယ့်ဘက်က မျက်နှာတင်းလို့မရတော့ဘူးဆိုပါတော့။နောက်ဆို ဒီထက်ဈေး တွေကြီးလာမှာ အမှန်ပဲလေ။ အိမ်ရှင်တွေတောင်းတိုင်းသာ ကိုယ်တွေက လိုက်ပေး နေရမယ်ဆိုလဲ အခက်သား။ ကိုယ်တွေက အဝေးကနေ ပညာလာရှာတဲ့ ပညာ သင်ကျောင်းသားတွေလေ၊ စီးပွားရေး လုပ်ငန်းရှင်တွေမှ မဟုတ်တာ။ ဘယ်လွယ် ပါ့မလဲ။
        တကယ်တော့ ပညာသင်နှစ်သစ်ကိုရောက်တိုင်း ဒီပြဿနာကို တွေ့ကြုံခံစား ရတာ နှစ်စဉ်လိုပါပဲ။ မိမိအလင်္ကာကို စရောက်စဉ်ကလဲ ဒီအတိုင်းပါပဲ။ နေစရာပြဿနာ အခက်အခဲကို တွေ့ကြုံခဲ့ရပါတယ်။ ဒါကြောင့်လဲ မိမိအနေနဲ့ ဒီပြဿနာအခက်ခဲကို ဖြေရှင်းနိုင်မဲ့နည်းလမ်းကို အမြဲတမ်းစဉ်းစားခဲ့ပါတယ်။ ခဏတာ တစ်နှစ်တာ ဖြေရှင်း နည်း မဟုတ်ဘဲ။ နှစ်ရှည်ဖြေရှင်းနည်းဆိုပါတော့။ ဒါမှ..နောင်အနာဂတ် ကျောင်းသား သစ်တွေ ဒီဒုက္ခပြဿနာကို မခံစားရမှာမဟုတ်လား။
        ဖြေရှင်းနိုင်မဲ့နည်းလမ်း နှစ်ခုကိုစဉ်းစားမိ၊ တွေ့ရှိခဲ့ပါတယ်။ အဲ့ဒါကတော့ အလ င်္ကာမှာ မြန်မာကျောင်းသားရဟန်းတော်များအတွက် နေထိုင်စရာ ၀ိဟာရအနေနဲ့ စိုးရိမ် ကြောင့်ကြမှုမရှိဘဲ ပညာသင်ယူနိုင်ဖို့အတွက် အလင်္ကာဘုန်းတော်ကြီး ကျောင်း ၀င်းများတွင်းမှာ ကျောင်းဆောင်သစ်များဆောက်လုပ်ခြင်း။ သို့မဟုတ် မိခင် မကုဋ ကျောင်းတိုက်တော်ကြီးမှာ ကျောင်းဆောင်သစ်များ တိုးချဲ့ဆောက်လုပ်ခြင်း ဆိုတဲ့ နည်းလမ်းနှစ်သွယ်ပါ။
        ဒီးနည်းလမ်းနှစ်ခုကို မိမိကသူငယ်ချင်းများကို ချပြသောအခါ သူတို့တစ်တွေက ကုလား ဘုန်းတော်ကြီးကျောင်းမြေဆိုတာ သိပ်တော့မလွယ်ဘူး။ ဆောက်ပြီးခါမှ စိတ်ပြောင်းလဲသွားရင် အခက်တွေ့မယ်။ ပြီးတော့ နှစ်ရှည်များစွာ အလင်္ကာ ဘုန်းကြီး များနဲ့ အဆင်ပြေအောင်နေဖို့ဆိုတာ သိပ်တော့မလွယ်ဘူးလို့ ပြောဆိုအကြံပြု လာကြ ပါတယ်။
        နောက်… သူတို့တစ်တွေက ဘာအကြံပြုလာလဲဆိုတော့ ကျောင်းဆောင် သစ် ဆောက်မယ်ဆို ဘာပဲဖြစ်ဖြစ် မိမိတို့မြန်မာဘုန်းကြီးတွေ ပိုင်ဆိုင်တဲ့မိခင် မကုဋ ကျောင်းတော်ကြီးအတွင်းမှာပဲ အသစ်ဆောက်လုပ်တာ ကောင်းပါတယ်။ မိခင်မြန်မာ ကျောင်းဆိုတော့ သူပိုင်ကိုယ်ပိုင်သတ်မှတ်ခွဲခြားမှု ပြဿနာတွေဖြစ်လာမှာ မဟုတ် တော့ဘူး။ ဒီတော့ ဘာပဲဖြစ်ဖြစ် သူငယ်ချင်း မင်းစွမ်းနိုင်လို့ ကျောင်းဆောင်သစ် ဆောက်လုပ်မယ်ဆိုလဲ မိခင်မ ကုဋမှာပဲ ဆောက်လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်.. လို့ ပြောဆိုအကြံ ပုလာကြပါတယ်။
        ဒီစိတ်ကူး အတွေးများဟာ အစမှာတော့ တကယ်စိတ်ကူးသက်သက်ပါပဲ။ ဘယ်လိုပြောရမလဲ On the Air လို့ပြောရမလိုပါပဲ။ ဘာလို့လဲဆိုတော့ မိမိကိုယ် တိုင်က ဘာမှမဟုတ်တဲ့ သာမာန်ကျောင်းသားတစ်ယောက်သာပါ။ နာမည်ကျော်နေတဲ့ ဓမ္မကထိက မဟုတ်သလို၊ ကျော်ကြားနေတဲ့ စာရေးဆရာတစ်ယောက်လဲ မဟုတ်ပါဘူး။ အောင်မြင်နေတဲ့ စီးပွားရေးပညာရှင်တစ်ယောက် မဟုတ်သလို။ စာပေအရာမှာ မြင့်မား တဲ့ ဒေါက်တာလောင်းတစ်ယောက်လဲ မဟုတ်ပါဘူး။ ဒီတော့ မိမိရဲ့ ကျောင်း ဆောင်သစ် ဆောက်လုပ်မည့်အတွေးများဟာ စိတ်ကူးသက်သက်ရယ်သာ ဖြစ်နေ ပါတော့တယ်။
        လှံထမ်းလာတာကို မြင်ရပေမဲ့ ကံထမ်းလာတာကို မမြင်ရဘူးဆိုတဲ့အတိုင်းပဲ
နောက်.. သိပ်မကြာဘူး။ ကောလုနာဝက အိမ်ဖြူတော်ကျောင်းဆောင် အဟောင်း လေးရဲ့ ပြုပြင်မှုကိုအကြောင်းပြုပြီး။ မိခင်မ ကုဋမှာ ကျောင်းဆောင်သစ် ဆောက်လုပ် ချင်တဲ့ မိမိရဲ့စိတ်ကူးတွေ အမှန်တကယ်ြ ဖစ်လာတော့တာပါပဲ။ ကံအကြောင်းတရား ပေါ်လာတာက ဒီလိုပါ။ ကောလုနာဝက ကျောင်းဟောင်းကလေးရဲ့ ပို့စ်လေးကို အင်တာနက်စာမျက်နှာမှာ ဖတ်မိပြီး စေတနာ သဒ္ဓါတရားသိပ်ကောင်းပြီး သာသနာ ကိုကြည်ညိုလေးစား ထောက်ပံ့ပေးနေတဲ့ မမြင်ဖူး မသိဖူးသော ဒကာမ တစ်ယောက် က အင်တာနက် စာမျက်နှာ ကတစ်ဆင့် ဆက်သွယ်မေးမြန်း လျှောက်ထား လာပါတယ်။
        “အရှင်ဘုရား ကျောင်းလေးပြင်မဲ့ ကိစ္စအဆင်ပြေပါသလား။ လှူဒါန်းသူရော ပေါ်ပြီလား၊ တပည့်တော်လဲ လိုအပ်ပါက ကျောင်းဒကာမအဖြစ်ခံယူချင်လို့ပါ” ဘုရားလို့ မေးမြန်းလျှောက် ထားလာပါတယ်။ အရှင်လဲ အစတော့ အတော်လေးကို အံ့သြမိပြီး မယုံချင်သလို ဖြစ်သွားမိပါသေးတယ်။ မိမိဘ၀မှာ တစ်ခါမှလဲ မတွေ့ကြုံဖူးတော့ သူငယ်ချင်းတွေကများ နောက်နေ တာလား၊ ဘာလားလို့လဲ တွေးမိပါသေးတယ်။ တကယ်တော့ ဒီအတွေးလေးက စေတနာရှင်ကို စော်ကားမိ သလိုဖြစ်သွားတဲ့အတွက်လဲ မိမိက စိတ်ထဲမှာ တောင်းပန်မိ ပါသေးတယ်။
        နောက်တော့… အင်တာနက်စာမျက်နှာက တစ်ဆင့် သဒ္ဓါတရားအားကောင်း မှုတွေနဲ့အတူ လှူဒါန်းလိုတဲ့ ဒကာမနဲ့အတူ Australia က ဒကာမကြီး ဒေါ်သီတာဆွေ တို့ရဲ့ ကောင်းမှုတွေနဲ့ ကောလုနာဝ ကျောင်းဆောင် ငယ်လေးကို ပြုပြင်နိုင်ခဲ့သလို၊ ထို.. အင်တာနက်စာမျက်နှာကနေတစ်ဆင့် လှူဒါန်းလာတဲ့ ဒကာမကပဲ မိခင်မကုဋမှာ ကျောင်းဆောင်သစ်ကြီးပေါ်ပေါက်လာဖို့ လမ်းခင်းပေးခဲ့ပါတယ်။ မိခင်မကုဋမှာ ကျောင်းဆောင်သစ်ဆောက်ဖို့ ဖောင်းဒေးရှင်းအတွက် သိန်းတစ်ရာ့ငါးဆယ် မတည် လှူဒါန်းပြီးသားဖြစ်ပါတယ်။ ဒီကျောင်းဆောင်သစ်ဖောင်ဒေးရှင်းအတွက် မိမိသည်လဲ အင်နဲ့အားနဲ့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဖောင်ဒေးရှင်းချနိုင်ဖို့လဲ စိတ်ဆန္ဒတွေက ပြင်းပြနေပါတယ်။
        သို့သော်လည်း… မိမိတစ်ယောက်တည်း မပြီးနိုင်တဲ့ ကိစ္စကြီးမို့ အခုချိန်ထိ ဖောင်ဒေးရှင်း မစနိုင်သေးတဲ့အတွက် On the Air လို့ ပြောမယ်ဆိုလဲ ခံရအုံးမှာပါပဲ။ ဘာပဲဖြစ်ဖြစ် ဘယ်ရက်ဘယ်နေ့ပါလို့ အတိကျမပြောနို င်သေးပေးမဲ့ ဖြစ်မြောက် အောင်တော့ အစွမ်းကုန်ကြိုးစားဖို့ ဆုံးဖြတ်ချက်သန္ဒိဌာန်တွေ ချထားပါတယ်။
        အင်း… ကျောင်းဆောင်သစ်အတွက် ဇိတံမေ၊ နိဌိတံမေ လို့ မပြောနိုင် သေး သော်လည်း အိမ်ငှါးကိစ္စအတွက်တော့ ဇိတံမေ-အောင်ပြီ၊ နိဌိတံမေ-ပြီးဆုံးခြင်းသို့ ရောက်ခဲ့လေပြီလို့ ဥဒါန်းကြူးရင့်ရင်း…
အားလုံးချမ်းမြေ့နိုင်ပါစေလို့…
အမေ့မေတ္တာအရှင်-ခေတ္တမကုဋ

Monday, January 14, 2013

မဂဓတက္ကသိုလ်ကြီးနှင့် ကျောင်းသားများကျောင်း



          မဂဓတက္ကသိုလ်ဆိုတာ တစ်ချိန်က သိပ်ကိုထင်းရှားကျော်ကြားခဲ့သော ဗုဒ္ဓစာပေဆိုင်ရာ တက္ကသိုလ်ကြီး တစ်ခုပါ။ အခုလဲ ထင်းရှာကျော်ကြားနေဆဲပါပဲ။ စာရေးသူ အိန္ဒိယ-ဗုဒ္ဓဂယာသို့ ရောက်ရှိခိုက် မဂဓတက္ကသိုလ်ကြီးရဲ့ ပုံရိပ်ကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။
          မြန်မာကျောင်းသား ရဟန်းတော်များ ဗုဒ္ဓစာပေဆိုင်ရာ တက်ရောက်သင်ကြားနေသော တက္ကသိုလ်ကြီးတစ်ခုလဲဖြစ်ပါတယ်။ တက္ကသိုလ်ကြီးဟာ ဂယာမြို့နဲ့ ခပ်လှမ်းလှမ်းမှာ တည်ဆောက် ထားသော်လဲ တက္ကသိုလ်အင်္ဂရပ်တွေနဲ့ ပြည့်စုံနေလျှက်ပါ။ တက္ကသိုလ်ဝန်းကျင်းကို လှပစွာတန်ဆာ ဆင်မထားသော်လည်း တကယ့်တက္ကသိုလ် အဆောက်အဦးများသာဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကိုလဲ ခံစားရပါတယ်။
          အခုဆို မြန်မာကျောင်းသား ရဟန်းတော်များ M.A, PhD စသော ဒီဂရီများကို ဘာသာရပ်မျိုးစုံဖြင့် လေ့လာသင်ယူနေကြပါတယ်။ ဒီတက္ကသိုလ်ကြီးက မွေးဖွားပေးလိုက်သော M.A, PhD လောင်းများလည်း များစွာပေါ်ပေါက်နေပါပြီ။ ဒီတက္ကသိုလ်ကြီးက မွေးဖွားပေးလိုက်သော ပညာရှင်ရဟန်းတော်များသည် အခု မိမိတို့လေ့လာသင်ယူထားသော အတတ်ပညာ၊ အသိပညာ၊ တက္ကသိုလ်ပညာရပ်များဖြင့် မိမိတို့၏ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်ကြီးတိုးတက်အောင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓတာဝန်များနဲ့အတူ လူမှုရေး၊ ပညာရေး၊ ပရဟိတအကျိုးပြုလုပ်ငန်းများကိုလဲ အားမာန်အပြည့်နဲ့ အတ္တဟိတကို နောက်ကွယ်မှာထားလို့ ကျိုးစားဆောင်ရွက်နေကြပါတယ်။
          တက္ကသိုလ်ဆိုလို့...ပြောရအုံးမယ်။ ကမ္ဘာမှာ နိုင်ငံအသီးသီးတွင် တက္ကသိုလ်ကြီးများစွာရှိပါတယ်။ ဘာသာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စစ်ရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်များစွာရှိပါတယ်။ စာရေးသူအရှင်သည်လည်း မန်းလေးနပသ တက္ကသိုလ်ကြီးက မွေးဖွားပေးလိုက်သော B.A တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲ မဟုတ်ပါလား။ မန်းလေးနပသ တက္ကသိုလ်လို့ပြောရတာက ရန်ကုန်မှာ နိုင်ငံတော်ပရိယတ္တိ သာသနတက္ကသိုလ်ကြီးလည်း ရှိနေသောကြောင့်ပါ။ ဒီ..မန်းလေး-ရန်ကုန် နပသတက္ကသိုလ်ကြီးနှစ်ခုဟာ ကျေးဇူးရှင် မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး၏ ကျေးဇူးများကြောင့် ရှင်သန်ပေါ်ပေါက်လာသော နိုင်ငံတော်အစိုးရ တက္ကသိုလ်ကြီးများသာ ဖြစ်ပါသည်။ ဒီတက္ကသိုလ်ကြီးများမှာလည်း စာရေးသူတို့တစ်တွေ B.A, M.A ဘွဲ့ထူးများကို လေ့လာသင်ကြာခွင့်ရှိခဲ့ပါသည်။ မိမိတို့ရဲ့ ဥာဏ်ရည် ဥာဏ်သွေးနဲ့ အကျင့်ကာရိုက်တာအပေါ်မှာ မူတည်၍ ရယူပိုင်ဆိုင်ရမည်သာ ဖြစ်ပါသည်။
          အခုဆို…..ပြည်ပတက္ကသိုလ်ကြီးများမှာ မြန်မာကျောင်းသား ရဟန်းတော်များစွာ တက်ရောက်သင်ယူနေကြပြီ ဖြစ်ပါသည်။ သီရိလင်္ကာ၊ အိန္ဒိယရှိ တက္ကသိုလ်ကြီးများမှာတော့ အတော်လေးကိုများပါတယ်။ နောက်..လန်ဒန် အောစ်ဖို့တက္ကသိုလ်ကြီးမှာတောင် မြန်မာကျောင်းသား ရဟန်းတော်များ ရှိနေပြီဖြစ်ပါသည်။ သီိရိလင်္ကာမှာ…ကိုလံဘိုတက္ကသိုလ်၊ ကေလနိယတက္ကသိုလ်၊ ဘီပီယူတက္ကသိုလ်၊ ပေရာဒနိယတက္ကသိုလ်ကြီးများ။ အိန္ဒိယမှာ မဂဓတက္ကသိုလ်၊ နာလန္ဒာတက္ကသိုလ်၊ ဒေလီတက္ကသိုလ်၊ ဘုံဘေတက္ကသိုလ်၊ ဆန်စကရစ်တက္ကသိုလ်၊ နာဂဇုတက္ကသိုလ်၊ နာဂပူတက္ကသိုလ်၊ ပုနေးတက္ကသိုလ်၊ မဒရပ်စ်တက္ကသိုလ်၊ B.H.U တက္ကသိုလ်၊ ကိုးလ်ကတ္တားတက္ကသိုလ်၊ ပန်ဂျပ်တက္ကသိုလ်၊ ဟိုက်
ဒရာဘက်တက္ကသိုလ်၊ ဂျမူးတက္ကသိုလ်များမှာ မြန်မာကျောင်းသားရဟန်းတော်များ B.A, M.A, M.Phil., PhD စသောအတန်း ပညာရပ်များကို လေ့လာသင်ယူနေကြပါသည်။
          ဒီတက္ကသိုလ်ကြီးများအားလုံးသည် သင်ကြားရေးစနစ်၊ ဖွဲ့စည်းပုံမူဝါဒများ မတူညီကြသော်လည်း တက္ကသိုလ်ကြီးများ စတိုင်လ်အမျိုးမျိုးဖြင့် ပီသကြပါသည်။ ပညာရေးမူဝါဒများလဲ အသီးသီးကောင်းကြပါသည်။ သို့သော်လည်း အဆင့်အတန်း၊ အဆောက်အဦးအနေထား၊ ပတ်ဝန်းကျင်ကွာခြားမှုဖြင့် ငွေကြေးအနည်း အများတော့ ရှိပါသည်။
          စာရေးသူအရှင်အမြင်အားဖြင့်တော့ မိမိနေထိုင် သင်ကြားလေ့လာခဲ့ဖူးသော တက္ကသိုလ်ကြီး များဖြစ်သည့် မန်းလေးနပသတက္ကသိုလ်ကြီးနဲ့ ကေလနိယ (ကိုလံဘို) တက္ကသိုလ်ကြီးများမှာတော့ အာဂုံဘက်ကို အလေးပိုနေတာတွေ့ခဲ့ရပါတယ်။ ဘီအေ၊ အမ်အေတန်းများကို ဆိုလိုတာပါ။ M.Phil, PhD အဆင့်မြင့် အတန်းဘွဲ့ထူးများကို မဆိုလိုပါဘူး။ ဒါကြောင့် စာရေးသူ အရှင်ပြောနေကြ စကားလေးတစ်ခွန်းရှိပါတယ်။ “ University မဟုတ်ဘူး By heart Versity ဖြစ်တယ်” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ တခြားတက္ကသိုလ်ကြီးများမှာတော့ ကိုယ်တိုင် မသင်ဖူး မလေ့လာဖူး၍ မပြောတတ်ပါ။ ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့တော့ ဆန္ဒဖြစ်မိပါတယ်။
          အခု ဗုဒ္ဓဂါယာကို ရောက်ရှိခိုက် မဂဓတက္ကသိုလ်ကြီးမှာ ပညာသင်ယူနေကြသော ကျောင်းသားများနေထိုင်ရာ Hostel ငှါးနေဆောင်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ မြန်မာကျောင်းသားများနေထိုင်ရာ ဟော်စတယ်က တက္ကသိုလ်ကြီးနဲ့ ကပ်လျက်ပါ။ တက္ကသိုလ် ကျောင်းဝင်းထည်မှာပဲဖြစ်ပါတယ်။ ဒီဗုဒ္ဓဂါယာကို သူငယ်ချင်းဖြစ်သူ မန်းလေးနပသကျောင်း အတူတူဆင်း မောင်ပဏ္ဍိကို အကြောင်းပြု၍ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ သူငယ်ချင်းက သဘောကောင်း စိတ်ထားကောင်းသလို မဂဓမှာ ကျောင်းတက်နေကြသော မြန်မာကျောင်းသား ရဟန်းတော်များ အားလုံးကလည်း အလွန်ကို ဖော်ရွှေခင်မင်ကြပါတယ်။ ဒါကြောင့်လဲ မဂဓကျောင်းသားများ နေထိုင်ရာ မဂဓတက္ကသိုလ်ကြီးအတွင်း Hostel မှာ စာရေးသူ သိပ်ကိုပျော်ရွှင်ချမ်းမြေ့လျှက်ရှိပါတယ်။
          အင်း…မဂဓတက္ကသိုလ်ကြီးနဲ့ မဂဓကျောင်းသားများအကြောင်းကို ပြောပြီဆိုရင်တော့ မြန်မာကျောင်းသားများ ကျောင်းတော်ကြီးနဲ့ ဆရာတော်ကြီး ဦးပညာဒီပအကြောင်းကိုလဲ ချန်ထားခဲ့လို့တော့ ဖြစ်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာကျောင်းသားများကျောင်းတော်ကြီးဟာ မဂဓတက္ကသို်လ်ကြီးမှာ ပညာရပ်တွေ လေ့လာသင်ယူနေသော ကြောင်းသားများအတွက် မရှိမဖြစ်လိုအပ်ပြီး ကျေးဇူးကြီးမားသော မိခင်ကျောင်းတော်ကြီးတစ်ခုပါ။
          မြန်မာနိုင်ငံကနေ အိန္ဒိယ-ဘီဟာပြည်နယ်-ဗုဒ္ဓဂါယာရှိ မဂဓတက္ကသိုလ်ကြီးကို ပညာသင်လာရောက်ကြသော မြန်မာကျောင်းသားများအနေဖြင့် ဒီမြန်မာကျောင်းသားများ ကျောင်းတော်ကြီးမှာ ခေတ္တခိုနားရပါတယ်။ ဒီကျောင်းတော်ကြီးမှာ စားသောက် အိပ်စက်လို့ မှီခိုကြရတာပါ။ ဒါကြောင့် ဒီကျောင်းတော်ကြီးဟာ မဂဓတက္ကသိုလ်က မြန်မာကျောင်းသား ရဟန်းတော်များ၏ ကျေးဇူးရှင် မိခင်ကြီးတစ်ခုပင် မဟုတ်ပါလား။
          ဒီကျောင်းတော်ကြီးကို ၂၀၀၅-၂၀၀၆ နှစ်မှာ စတင်ပြီး ဆရာတော်ဘုရားကြီးဒေါက်တာပညာဒီပတို့ ဦးဆောင်ပြီး စတင်တည်ထောင် ဆောက်လုပ်ခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးသည်လည်း ဒေါက်တာ-PhD ကို ဒီမဂဓတက္ကသိုလ်ကြီးကနေပဲ ဒီကျောင်းတော်ကြီး တည်ထောင်ဆောက်လုပ် ဦးစီးရင်းလေ့လာသင်ယူ ကျမ်းပြုစုကာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။
          ဒါကြောင့် ဆရာတော်ဘုရားကြီး ဦးပညာဒီပနှင့် ဒီမြန်မာကျောင်းသားများကျောင်းတော်ကြီးဟာ မဂဓတက္ကသိုလ်-မြန်မာကျောင်းသားရဟန်းတော်များနဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ ဘုရားဖူးလာကြသော မြန်မာနိုင်ငံသူ-နိုင်ငံသားများအတွက် သိပ်ကို ကျေးဇူးကြီးမားလှပါတယ်။
          အခုဆို..စာရေးသူအရှင်အတွက်ရောပါ ဒီမြန်မာကျောင်းသားများ ကျောင်းတော်ကြီးနဲ့ ဆရာတော်ဘုရားကြီး ဦးပညာဒီပ၊ သူငယ်ချင်းဖြစ်သူ မောင်ပဏ္ဍိ၊ မဂဓကျောင်းသားများသည် ကျေးဇူးရှိခဲ့ပြီ မဟုတ်ပါလား။ ကျေးဇူးရှင်အား ကျေးဇူးဆပ်ခြင်းသည် ကောင်းသောလောက၀တ် မင်္ဂလာပဲ မဟုတ်ပါလား။ ကျေးဇူးရှင်များအား ကျေးဇူးကို ပြန်လည်မပေးဆပ်ချင်နေ ကျေးဇူးရှင်အား ကျေးဇူးမကန်းမိဖို့တော့ သိပ်ကိုအရေးကြီးသည်ပဲ မဟုတ်ပါလား။
          တကယ်တော့ လောကမှာ… ကျေးဇူးရှင်အား ကျေးဇူးဆပ်ဖို့ နေနေသာသာ မိမိရဲ့ကျေးဇူးရှင်အဖြစ် လူဘုံအလည်မှာ အသိမှတ်ပြုဖို့တောင် အင်မတန်ခက်ခဲသည် မဟုတ်ပါလား။ စာရေးသူ အနေအားဖြင့် မိမိအပေါ်မှာ ကွမ်းတစ်ယာ၊ ရေတစ်မုတ်၊ ဆွမ်းတစ်လုပ်မျှ ကျေးဇူးရှိခဲ့ဖူးသော ကျေးဇူးရှင်များအား ကျေးဇူးပြန်လည်ဆပ်နိုင်အောင် ကြိုးစားနေလျှက်ပါ။ ကျေးဇူးကိုပြန်လည် မပေးဆပ်နိုင်ရင်တောင် ကျေးဇူးကို မကန်းမိဖို့၊ ကျေးဇူးရှင်ကို မပြစ်မှားမဖို့ စွမ်းအားရှိသလောက် ကြိုးစားနေပါတယ်။
          အားလုံး ကျေးဇူးရှင်များအပေါ် ကျေးဇူးကို သိတတ်ပြီး ကျေးဇူးကို ပြန်လည်ဆပ်နိုင်ကာ လိုရာဆန္ဒကို ပြည့်ဝနိုင်ပါစေလို့…… အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ….အမေ့မေတ္တာအရှင် (ခေတ္တ-ဂယာ)

Saturday, September 1, 2012

ကိုးကြာတောင်ပံခတ်သံ သို့ သာသနာ့အားမာန် အပိုင်း (၅)

  ဒီနေရာမှ ချင်းတောင်တန်းက စေတနာဆရာဝန်လေးရဲ့ ဆေးရုံမှာတော့ အခမဲ့ကုပေးတာလား၊ စရိတ်မျှပေး ဆိုတဲ့ခေါင်းစဉ်အောက်က ကုပေးတာလားဆိုတာ မသိရဘူး။ နောက် လူနာေ တွက ငွေကြေးမ တတ်နိုင်တဲ့အခါ ဆရာဝန်ကိုယ်တိုင် ငွေကြေးစိုက်ထုတ်ပြီး ကုသပေး၊ မပေးဆို တာကိုလဲ မတွေ့ရဘူး။ အတုယူစရာတွေများလှတဲ့ ချင်းတောင် တန်းက စေတနာဆရာဝန်တစ်ယောက်ရဲ့ အရည်အချင်း တွေမှာ ဒီအချက်လက်လေးတွေ ကျန်နေခဲ့တာကို တွေ့လိုက်ရတယ်။ ယနေ့မျက်ေ မှာက်ခေတ်မှာ တစ်ချို့ ဆရာဝန်တွေ၊ ဆေးရုံအုပ်ကြီးတွေက တကယ် ဆင်းရဲပြီး သေရေးတမျှ အရေးကြီးနေတဲ့ ခွဲစိပ်လူနာေ တွကို မိမိရဲ့အိတ်ကပ်ထဲက အရင်းနီးငွေကို စိုက်ထုတ်ပြီး ကုသခွဲစိပ်ေ ပးတာကို တွေ့ရတတ်ပါတယ်။ ရှားတော့ အတော်လေး ကို ရှားလှပါတယ်။ ဒါကြောင့် ဒီနေရာမှာ ချင်းတောင်တန်းက ဆရာဝန်အတွက် ဒီအချက် အလက်တွေသာ ရှိခဲ့ ဖော်ပြခဲ့ မယ်ဆိုရင် သိပ်ကိုလှပ သွားမှာပါ။ ဒါက..တွေးမိတာလေးကို ချပြခြင်းရယ်ပါ။
          ဘာသာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတော့…..အရှင်ဟာ သာသနာပြု ၂နှစ်တာကာလပတ်လုံး နားရ တယ်ဆိုတာ မရှိခဲ့ပါဘူး။ မိမိတို့ကို အမိနပသတက္ကသိုလ်ကြီးက စေလွတ်လိုက်သည့် အဓိက ရည်ရွယ် ချက်သည် သာသနာပြုဖြစ်နေသောကြောင့် ဘာသာရေးကို ပိုပြီး လုပ်ဆောင်ခဲ့ရပါတယ်။
   ပထမဦးဆုံး တာဝန်ကျတဲ့ ခန္တီးအကျဉ်းထောင်ဘေးက လာဝယ်ဆိုတဲ့ ယောင်ကွန်နာဂ ရွာလေး မှာတော့ ရှေ့ဦးစွာ နာဂတိုင်းရင်းသားကလေးငယ်များကို ချော့မော့ကာကျောင်းမှာ ကိုရင်ဝတ်ေ ပးရပါ တယ်။ သူတို့လေး တွေကို ဘုရားရှိခိုး ပရိတ်ကြီး ဆုံမစာလေးများကို သင်ပေးရပါတယ်။ ကိုရင်ေ လးတွေ ဆယ်ပါးနဲ့ လာဝယ်ရွာ လေးမှာ အတော်လေးကို အေးချမ်းပျော်ရွှင်ေ နခဲ့ပါတယ်။
       နောက်…ကိုရင်လေးတွေကို (တုမှေသုခိတာဟောထ၊ တုမှေဒုက္ခ မုဉ္ဇထ- ဆွမ်းဒကာ၊ဒကာမတွေ ကျန်းမာကျပါစေ၊ ချမ်းသာကျပါစေ၊ ၀မ်းသာကျပါစေ၊ လမ်းဖြာ ကျပါစေ၊ ဘေးကင်းပါစေ၊ သာသာနြာ  ပုနိုင်ပါစေလို့)မေတ္တာပို့ကို သင်ပေးကာ ရွာထဲကို တန်းဆွမ်းခံ ထွက်ခိုင်းရပါတယ်။ ရွာက လူကြီးများကလဲ ကူညီဆောင်ရွက်ပေးပါတယ်။ ဆွမ်းကို ၈ နာရီလောက်မှ စထွက်ရပါတယ်။ ဒီထက်စောရင် ဟင်းက မကျ က်သေးဘူးလေ။
       ထွက်ခါနီးမှာတော့ ရွာထဲက လူကြီး တစ်ယောက်နှစ်ယောက်က ကြိုတင်ပြီး ရွာထဲမှာ ဆွမ်းခံထွက် လာပြီဖြစ်ေ ကြာင်း နှိုးဆော်ပေးပါတယ်။ အရှင် ကလဲ ကိုရင်လေး ၁၀ပါး ကျောင်းသားလေး ၃ ယောက်နဲ့ ကိုယ်တိုင်ရှေ့ကနေပြီး ကြေးစည်သံ တညံညံပေးလို့ ညရွာတစ်ပတ် ကြွပါ တယ်။ လောင်းသည်ဖြစ်စေ၊ မလောင်းသည်ဖြစ်စေ ရွာတစ်ပတ်တော့ ပြီးအောင်ကြွပါတယ်။ အစရက်တော့ သိပ်မလောင်းကြဘူး။ သူတို့တစ်တွေ ဆွမ်းခံထွက်တယ်ဆိုတာကိုလဲ ရွာမှာ မတွေ့ဖူးဘူး။ ပထဦးဆုံးအြ ကိမ်ဆိုတော့ ခက်ခဲမှုေ တာ့ရှိပါတယ်။ လောင်းရကောင်းမှန်းလဲ မသိကြ ဘူးလေ။ သူတို့တစ်တွေက ဟင်းချက်လဲနာက်ကျ တယ်။ နောက် ဟင်းမကောင်းရင်လဲ မလောင်းချင်ကြဘူး။
          မှတ်မိနေပါသေးတယ် နာဂတိုင်းရင်းသူ-တိုင်းရင်းသားလေးတွေ အရှင်တို့ဆွမ်းခံကြွလာပြီဆို ထွက်ထွက်ပြေး ကြတာလေ။ ကြောက်ကြတာကိုး။ ပြီးတော့..လှော်ဝမ်း.. ”ငါတို့အိမ်က ဟင်းမကောင်း ဘူးနော်။ စားလား မစားလားလဲ မသိဘူး။ လှော်ဝမ်းတို့က မြို့ကြီးက လာတာဆိုတော့လေ အားနာတယ်။ ဒါကြောင့် ဟင်းမကောင်းရင် မလှောင်ချင်ဘူး” ဆိုတဲ့ နာဂတိုင်းရင်သူလေးများရဲ့ အားနာသံလေးတွေကိုလဲ ယနေ့ ထိတိုင်မမေ့နိုင်ခဲ့ပါဘူး။ ရိုးသားဖြူစင်ပြီး အပြစ်ကင်းနေတဲ့ သူတို့လေးတွေကို တကယ်လဲ မေတ္တာ -ကရု ဏာတွေ ကြီးခဲ့ရတာပါ။ ဆွမ်းခံထွက်ခြင်းကြောင့် ကိုရင်တွေ ကျောင်းသားလေးေ တွလဲ ဖောဖော သီသီ ဘုဉ်းပေးရပါတယ်။ ရွာထဲက ကျောင်းလာတဲ့ သူတွေကိုလဲ ကျွေးမွေးနိုင် ပါတယ် ။ နောက်.. တိရစ္ဆာန် လေးတွေ ကိုလဲ ကျွေးနိုင်ပါတယ်။        
          နောက်ပြီး…ရွာထဲက ကလေးမလေးတွေကို စုကာ ကျောင်းမှာ ဓမ္မစကြာ.ပရိတ်. ၀တ်ရွတ်စဉ်ကိုလဲ သင်ပေးပြီး ဓမ္မစကြာအသင်းဖွဲ့ပေးထားပါတယ်။ အစတော့ သူတို့လေးတွေက ရှက်ကြောက် စိတ်ဝင်နေ တဲ့အတွက် သင်ရတာတော့ အနည်းအငယ် ခက်နေပါတယ်။ နောက်တစ်ရက်နှစ်ရက်ကြာတော့လဲ အဆင်ပြေ သွားပါတယ်။ ဥပုသ်နေ့တိုင်း သူတို့လေးတွေကို ကျောင်းမှာခေါ်ပြီး ရွတ်ခိုင်းပါတယ်။ သူတို့လေး တွေက လိမ်မာရေးခြားရှိပါတယ်။ စာလဲတော်ကြပါတယ်။ တောင်တန်းဒေသ ဖြစ်တဲ့ ဒီကန္တာရလွင်ပြင်မှာ ဘ၀ပေးအ ခြေအနေရ ရှင်သန်းနေကြတဲ့ အရိုင်းပန်းလေးတွေမှာ မြင့်မားပြီး တန်ဖိုးကြီးမားတဲ့ အရည် အသွေးတယ် ရှိနေတယ်ဆိုတာကို ကိုယ်တိုင်သိခဲ့ရပါတယ်။ သူတို့လေးေ တွကို ပြုစုပျိုးထောင်ပေးပြီး သူတို့လေးတေွးဆီက သူတို့ရိုးရာဓလေ့နှင့် စကားကို ပြန်လည်သင်ယူ ခွင့်ရခဲ့ ပါတယ်။
          နောက်…ဒီရွာလေးမှာ ဘုရားစေတီတစ်ဆူရှိပါတယ်။ သိပ်ပြီး နှစ်ပေါင်းမကြာသေးသော်လည်း ပထ၀ီ အနေအထားကြောင့် အက်ကွဲနေပါတယ်။ ဒီတော့ စေတီကိုပြန်လည်ပြုပြင်ပြီး ဗုဒ္ဓပူဇနိယပွဲလေး ကျင်းပပေးဖို့ တာဝန်ရှိလာပါတယ်။ တာဝန်ကသေးသေး မဟုတ်ပါဘူး။ တကယ်တော့ ပြုပြင်ဖို့နဲ့ ဘုရား ပွဲလေး ကျင်းပ ပေးဖို့ဆို သိန်း၂၀ နီးပါးလောက်ကုန်ကျမှာပါ။ မိမိက ဒီခန္တီးနာဂေ တာင်တန်း ကို ရောက်လာတာကမှ သုံးလေး လပဲ ရှိသေးတယ်။ ဘယ်သူကိုမှ ရင်းနှီးသိကျွမ်းတာ မဟုတ်ဘူး။ သိတာ ဆိုလို့ အတူသာသနာ ပြုကျတဲ့ ညီတော်နောင်တော်တွေနဲ့ မိမိသာသနာပြု  တာဝန်ကျတဲ့ ရွာလေးေ လာက်ပဲရှိတာပါ။ ဒီတော့ ခက်ခဲမှု တွေက မိမိကိုစိန်ခေါ်နေလေရဲ့။ ဘာပဲဖြ စ်ဖြစ် ကောင်းပင် ပျိုးက ၊ ကောင်းကျိုးရ၊ လောကဓမ္မတာ .. ဆိုတဲ့ လောကဆောင်ပုဒ်ကို ကိုင်ဆောင်ပြီး အရှင်ကြိုး စားခဲ့ ပါတယ်။
          ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့သလဲဆိုတာကိုတော့………………………
အပိုင်း (၆) ဆက်ပါအုံးမည်။ အားလုံးသာယာရွှင်လန်းပြီး ဆင်းရဲသူ၊ အားငယ်သူများ အပေါ် မေတ္တာထား၊ စာနာထား၊ ကူညီစောင့်ရှောက်နိုင်ကြပါစေလို့…အမေ့မေတ္တာအရှင်…





Tuesday, August 28, 2012

တစ်ချိန်ကကျောင်းအိုလေး



      တစ်နေ့ ..မန်းလေးအမိနပသတက္ကသိုလ်ကြီးမှာ ပညာရပ်တွေ လေးနှစ်တာသင်ကြား၍ နယ်စပ်နဲ့တောင်းတန်းဒေသ တိုင်းရင်းသားတို့နေထိုင်ရှင်သန်ရာ ကန္တာရလွင်ပြင်နဲ့မခြား ခန္တီး နာဂတောင်တန်းဒေသသို့ ၂ နှစ်တာ သာသနာပြုတာဝန်ပါရမီတွေကို ခက်ခဲပင် ပန်းစွာ ပြုစုပျိုးထောင် လုပ်ဆောင်ပေးခဲ့ပြီး ရန်ကုန်နပသ တက္ကသိုလ်မဟာဘွဲ့နင်းခန်းမကြီးမှာ ၆ နှစ်တာရင်းနှီးလို့ အသီးအပွင့်အဖြစ် ခံစားရရှိလာခဲ့တဲ့ သာသနတက္ကသီလ ဓမ္မာစရိယ,B.A Buddhism ဆိုသော ဘွဲ့ငယ်တစ်ခုကို ရယူပြီး ဒီထက်ပို၍ မြင့်မားသော ပညာရပ် ဒီဂရီတွေကို လေ့လာဖို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားရာ သီရိလင်္ကာဆိုတဲ့ သီဟိုဠ်ကို ထွက်ခွါလာခဲ့တယ်။
       သီရိလင်္ကာဆိုတာကို အမိမြန်မာပြည်မှာ ရှိစဉ်က ကေလနိယ စသော တက္ကသိုလ်ကြီးများမှာ မာစတာ ဘွဲ့ကို အောင်မြင်စွာလေ့လာသင်ယူ၍ ပြန်လာခဲ့သော ရှေ့နောင်တော်ကြီးများစကားကို ကြားရ စဉ်က နိုင်ငံခြားဆိုတဲ့ဂုဏ်၊ အဆင်မြင့်တက္ကသိုလ်ကြီးဆိုတဲ့ဂုဏ်တွေနဲ့ အတော်လေးကို အထင်ကြီး အားကျ မိတာ မိမိကိုယ်တိုင်လဲ အပါဝင်ပါပဲ။ မိမိမှ မဟုတ်ပါဘူး မြန်မာပြည်သူ၊ သားတော်တော် များက နိုင်ငံခြားဆိုရင် အထင်ကြီးတတ်ကြတာပါပဲ။
         တကယ်လဲ သီရိလင်္ကာကိုရောက်ရော........အံ့သြစရာတွေက တသီးကြီးကြို လင့်နေေ လရဲ့.. .သီရိလင်္ကာကိုညရောက်တာဆိုပေမဲ့ လေယာဉ်ကွင်းမှာတော့ မီးတွေက လင်းထိန်ေ နတာပါ။ ဒါပေမဲ့ လေယာဉ်ကွင်းကနေလဲ ထွက်ရော လမ်းတစ်လျှောက် မီးက မှိတ်တုတ်မှိတ် တုတ်ဖြစ်နေ ပါရောလေား။ ပထ၀ီအနေထားအရတော့ မိမိကိုယ်ကို နိုင်ငံခြားရောက်နေတယ်လို့ မခံစားမိတာ အမှန်ပါ ပဲ။ ဒါကိုက မိမိအတွက် အံ့သြနေလေရဲ့။
   မိခင်မကုဋရောက်တော့ မိခင်မကုဋမုဋ်ဦးက အမှောင်ထဲမှာ ပျောက်ကွယ်နေသယောင်ယောင်. .ရောက်တာ ကလဲ ည ၁၂ လောက်ရှိမည်ထင်ပါရဲ့။  ကားပေါ်ကဆင်း အိတ်လေးဘာလေး ချပြီး ကျောတစ်နေရာစာအတွက် New Comer Room အပေါ်ထပ်မှာ နေရာယူပြီး သူငယ်ချ င်းတွေနဲ့ ကျောင်းအပ်ဖို့ စကားပြောတော့မှ အဓိက ဘီအေ အောင်လက်မှတ်က ပါမလာခဲ့ ဘူးလေ...တကယ်တော့ မေ့ခဲ့တာမဟုတ်ဘူး..မလိုဘူးထင်လို့ သေချာသိမ်းထားခဲ့တာ..ဖြစ်ချင်တော့ အောင်လက်မှတ်ကို ယူခဲ့ရကောင်းမှန်းကို မသိတာ...သူငယ်ချင်းတွေကလဲ သိတယ်ထင်လို့ မပြောတာတဲ့...အင်းကိုယ်က ညံ့တာကို ဗဟုသုတ မရှိတာလေ။ ထပ်ပြီးအံ့သြစရာပေါ့..
       ဒါနဲ့မပျော်တစ်ဝက် ပျော်တစ်ဝက်နဲ့ ကွန်ကရစ်အခင်းပေါ်မှာ မွေ့ယာလေးခင်းပြီး တစ်ညတာ အိပ်စက်အနားယူခဲ့တယ်။ မနက်မိုးလင်းတာနဲ့ မိခင်မကုဋကိုရောက်ရှိကြောင်း သက်သေအထောက် အထားနဲ့ မန်းနာယကဆရာတော်ဆီမှာ စာရင်းပေး၊ နောက် ကျောင်းအပ်၊ ဗီဇာတိုး တစ်နှစ် တာ နေထိုင်ဖို့ နေရာရှာ ပေါ့လေ။
     အင်း ရမဲ့ရတော့လဲ အရင်က နှစ်ပါးနေ ကုလားကျောင်းအိုလေးမှာ သုံးပါးနေခွင့်ရဖို့ ကုလားဘုန်းတော်ကြီးဆီမှာ ကိုယ်တိုင်သွားရောက် လျှောက်ထားလို့ ခွင့်ပြုချက် ရခဲ့ပါ တယ်။ ကျောင်းလေးကို နေဖို့ဆုံးဖြတ် သွားတော့မှ ကျောင်းလေးက နှစ်ပေါင်း ၁၀၀နီးပါးမျှ ကြာပြီဖြစ်တဲ့ ကျောင်းအိုလေးဆိုတာ သိလိုက်ရတယ်။ အထဲအပြင် အရောင်တွေမှိန်ဝါးလို့ ဟိုနားက ကွာဒီနားကကွာ။ အထဲမှာဆိုလဲ အားလုံးနီးပါး ကွာကျပြီး မိုးကလဲ မလုံ၊ ညညဆိုလဲ အမိုးက အင်္ဂတေရဲ့ ဘီလပ်အမှုံ၊ ထုံးကျောက်အမှုံတွေက တစ်ဖွားဖွားကျလို့အိပ်ရေးပျက်ခဲ့တဲ့ညတွေလဲ မနည်းဘူးဆိုပါတော့..အံသြမှုတစ်ခုအဖြစ် သတ်မှတ်ရမှာပါ..
         အဲ့ဒီကျောင်းအိုလေးမှာ သုံးလလောက်နေထိုင်ပြီး ကေလနိယတက္ကသိုလ်ကြီးမှာ မာစတာတန်းကိုတက်ရောက် သင်ယူလေ့လာနေခဲ့ရတယ်။ မိုးတွေ လေတွေ နည်းနည်းပြင် ထန်လာခဲ့ပြီဆို နေထိုင် အိပ်စက်လို့မရတာနဲ့ ဒီကျောင်းလေး ကို ပြုပြင် ဖို့ ခေါင်းထဲအတွေးေ ရာက်လာခဲ့တယ်။ တကယ်တော့ ဒီကျောင်းအိုေ လးမှာ မြန်မာရဟန်းေ တ်ာတွေ နှစ်အဆက်ဆက်သီတင်း သုံးလာတာ ၁၀ ရာစုနီးပါးတော့ ကြာခဲ့ပါပြီ။ ပြုပြင်မယ်လို့ခေါင်းထဲရောက်လာခဲ့ပေမဲ့...လက်ထဲမှာ လက်ဆုပ်လက်ကိုင်ပြဖို့ ငွေအသပြာမရှိခဲ့ပါဘူး... သို့သော်လည်း ကောင်းတာလုပ်မှာမို့ အများအတွ က်မို့ ယုံကြည်မှုတော့ အပြည့်ရှိနေပါတယ်။
              ဒီလိုနဲ့ပဲ Australia က မြန်မာဒကာမကြီးဒေါ်သီတာဆွေနဲ့အတူ ရန်ကုန်က ရဟန်းအမကြီး တို့ရဲ့ မတည်ထောက်ပံ့မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
  ဒီကျောင်းအိုလေးကို အကြောင်းပြုပြီး ကုသိုလ်တွေ အကျိုးရလာဒ်တွေများစွာဖြစ်ပေါ်ခဲ့သလို၊ တက္ကသိုလ်ေ ကျာင်းသားမြန်မာရဟန်းတော်တွေအတွက်လဲ ခွန်အားတွေ တိုးခဲ့ရပါတယ်။ ဒီကျောင်းအိုလေးကို အရင်းခံလို့အခုဆို မိခင်မကုဋကျောင်းတော်ကြီးမှာ ကျောင်းဆောင်သစ်ကြီး စတင်ဆောက်လုပ်ဖောင်ဒေးရှင်း အုတ်မြစ်ချဖို့ အကြောင်းဖြစ်ပေါ်လာခဲ့ပါတယ်။
  ဒီကျောင်းအိုလေးကို ပြုပြင်ရခြင်းရဲ့ ရည်ရွယ်ချက်ကား မြန်မာကျောင်းသားရဟန်းတော်များ စဉ်ဆက်မပြတ် အေးချမ်းစွာနေထိုင်သီတင်းသုံးပြီး ကျောင်းတက်နိုင်ဖို့...မျက်နှာမငယ်ရဖို့၊ နောင်လာမဲ့ မျိုးဆက်သစ်ကိုယ်တော်လေးတွေ ခိုလှုံစရာ ကျောတစ်နေရာစာ မခက်ခဲ့ဖို့၊ အရိပ်ခိုနား ကျေးဇူးတရားကိုလဲ ဆပ်ရာရောက်ဖို့စသည့်ရည်ရွယ်ချက်တွေနဲ့ပါ...
      နောက်..မိခင်မကုဋမှာရော ဘာလို့ ကျောင်းဆောင်သ စ်ဆောက်လုပ် တာလဲလို့ မေးခဲ့မယ်ဆိုရင်.. အဖြေက ရှင်းပါတယ်။ အခု မိခင်မကုဋမှာ ပင်မကျောင်းဆောင်ကြီး နှစ်ဆောင်ရှိပါတယ်။ တကယ်တမ်း စာရင်းဝင် နေထိုင်ခွင့်ရှိတာက..အပါး ၆၅ပါးမျှသာပါ။ ဒီတော့ နောက်ရောက် လာတဲ့ ကျောင်းသားသ စ်တွေအတွက် နေရာအခက်ခဲဖြစ်လာပါတယ်။ သီဟိုဠ်မှာ ကျောင်းသားရဟန်းေ တ်ာပေါင်းက ၂၅၀ -၃၀၀နီးပါးရှိပါတယ်။ ဒီတော့ကျန်ကျောင်းသားတွေကို ကုလားကျောင်းတွေမှာ ရှာကြံလျှောက် ထားပြီး နေကြရ၊ တစ်ချို့က အိမ်တွေမှာ လစာပေးပြီးငှါးနေရ..အဆင်ပြေတာတွေရှိသလို မပြေတာတွေလဲ မြင်ရကြားရတော့ မကုဋမှာနေထိုင်ခွင့်မရလို့ နေရာအခက်ခဲဖြစ်နေကြတဲ့ ညီတော်ေ နာင်တော် များအတွက် ရည်မှန်းပြီး ဒီကျောင်းဆောင်သစ်ကို အကောင်ထည်ဖေါ်ဖို့ အရှင်ကိုယ်တိုင် စခဲ့ရ ပါတယ်။
  ညီတော်နောင်တော်များလဲ သိပြီးဖြစ်တဲ့အတိုင်း အခုဆို ကျောင်းဆောင်သစ်ကြီး စတင်ဖို့ ရန်ကုန်က ရဟန်း အမကြီးက မြန်မာငွေ သိန်းတစ်ရာငါ်းဆယ် ၁၅၀ မတည်ထားပြီးဖြစ် ပါတယ်။ နောက်ဒါနသီ ရိလင်္ကာ အသင်းကြီးကလဲ စင်္ကာပူဒေါ်လာ ၅၀၀၀ ငါးထောင်မတည် ထားပြီးဖြစ် ပါတယ်။ သံဃိက ကျောင်းအတွက်ေ ငွကလဲ usဒေါ်လာ ၃၀၀၀ သုံးထောင်နီးပါး ရှိပြီးဖြစ်ပါတယ်။              
       ဒီတော့ ဖောင်ဒေးရှင်းအတွက်တော့ လုံလောက်နေပြီလို့ ပြောလို့ရပါတယ်။ ကျန်တဲ့အထပ်တွေကို ညီတော်နောင်တော်များအားလုံးဝိုင်းဝန်းပြီး ညီညီညွတ်ညွတ်ကြိုးစားသွားမယ်ဆိုရင် မကြာခင်အချိန်မှာ အသီးအပွင့်ဖြစ်လာမယ်ဆိုတာ အသေချာပါပဲ။
   ကျောင်းဆောင်သစ်ကြီးကိုတော့ ၀ါကျွတ်မှ စဖြစ်မယ်ထင်ပါတယ်။ ဒီတော့ ဒီကောလုနာဝက သီရိလင်္ကာ ဘုန်းတော် ကြီးများပိုင်တဲ့ ကျောင်းအိုလေးကို အကြောင်းပြုပြီး မိခင်မကုဋမှာ ကျောင်းဆောင် သစ်ကြီး ဆောက်လုပ်ဖို့ဖြစ်ပေါ်စေတဲ့ ကောလုနာဝကျောင်းအိုးလေးကို ပြုပြင်ခြင်း ၀ိဟာရဒါနပါရမီပြု လုပ်ပေကြသော Australia မှ ဒါယိကာမကြီး ဒေါ်သီတာဆွေနဲ့ ရန်ကုန်မှ ရဟန်းအမကြီးကို အထူး ရင်ထဲ မှာ နှစ်နှစ် ကာကာ ကျေးဇူးတင်ရှိပါကြောင်းနဲ့ ဒီဝိဟာဒါနပါရမီကုသိုလ်ကို အကြောင်းပြု၍ သောကအပူ ကင်း၍ သံသရာ လွတ်ရာလမ်းဖြစ်သည် မဂ်ဖိုလ်နိဗ္ဗာန်ကို ဘ၀တိုတိုနဲ့ ထိုးထွင်းသိမြ င်ကျင့်ကြံနိုင် ပါစေလို့ .သီဟိုဠ်သံဃာတော်များကိုယ်စား အမေ့မေတ္တာအရှင်မှ သာဓုခေါ်ဆိုကာ ဆုတောင်းမေတ္တာပြု လိုက်ပါတယ်။
         အားလုံး သောကအပူမှန်သမျှ မဂ်ရည်ဖြင့် ငြှိမ်းသတ်နိုင်ပါစေလို့..
တစ်ချိန်က ကျောင်းအိုလေး ခုတော့ကျောင်းပျိုလေးဖြစ်ခဲ့လေပြီ...အမေ့မေတ္တာအရှင်

တစ်ချိန်က ကျောင်းအိုလေးရဲ့ ရှေ့မျက်နှာ.

တစ်ချိန်ကကျောင်းအိုလေးရဲ့ နောက်ကျော..

တစ်ချိန်က ကျောင်းအိုလေးရဲ့ အတွင်းနှလုံးသား..

ခုတော့ ကျောင်းအမကြီးများရဲ့ ကုသိုလ်ကျောင်းပျိုးလေး..ရှေ့မျက်နာ..

ခုကျောင်းပျိုးလေးရဲ့ ဘေးဘက်

ကျောင်းပျိုလေးရဲ့ ကျောင်းအမ

Monday, August 20, 2012

2. Navam Full Moon Poya Day



          Navam is in February. This full moon day commemorates three important events in Buddhist history.
+ Two Leading disciples Sariputta and Maha Moggalana enter into the Order of the Lord Buddha.
+ For the first time, the Lord Buddha proclaims a code of ethical prefects for the monks.
+ The Lord Buddha announces that his death or Parinibbana will take place within three months.
သီရိလင်္ကာနိုင်ငံ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ဒုတိယမြောက် လပြည့်ဥပုသ်နေ့သည နာဝမ်လပြည့် ဥပုသ်နေ့ဖြစ်ပါသည်။  ဒုတိယမြောက်လဖြစ်သည့် ဖေဖော်ဝါရီလမှာ ကျရောက်ပါသည်။ ဒီနာဝမ် လပြည့်ဥပုသ်နေ့ကို ဗုဒ္ဓဘုရားရှင်၏ ဗုဒ္ဓဘာသာ သာသနာသမိုင်းတွင် အရေး ကြီးသော အဖြစ်အပျက် သို့ ဖြစ်စဉ် သုံးခုကို ကိုယ်စားပြု၍ သတ်မှတ်ကာ လိုက်နာ ကျင့်သုံးေ နကြပါသည်။ ဖြစ်စဉ်သုံးခုကား….
၁။ ဘုရားရှင်၏ တပည့်သာဝကကြီးများဖြစ်သော ပညာအရာမှာ ဧတဒဂ်ရရှိတော်မူသော လက်ယာတော်ရံ ဖြစ်သည့် အရှင်သာရိပုတ္တရာမထေရ်ကြီးနှင့် တန်ခိုးအရာမှာ ဧတဒဂ် ရ ရှိတော်မူသော လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန် ကိုယ်တော်ြ  မတ်ကြီး နှစ်ပါး မြတ်ဗုဒ္ဓ၏ သာသနာ့ဘောင်ကို စတင်ဝင်ရောက် လာခြင်းကိုလည်ကောင်း။
၂။ ပထမဆုံးအကြိမ် ဘုရားရှင် ရဟန်းတော်များအတွက် ကျင့်ဝတ်သိက္ခာပုဒ်များ ပညတ်တော်မူခြင်းကိုလည်းကောင်း။
၃။ ဘုရားရှင်၏ နောက်လသုံးလကြာလျှင် ငါဘုရားပရိနိဗ္ဗာန်ပြုတော်မည့်အကြောင်းကို မိန့်မြက်ခြင်းကိုလည်းကောင်း…. သတ်မှတ်ရည်မှန်း အလေးအမြတ်ထား၍ သီရိလင်္ကာနို င်ငံရှိ ဆင်ဟာလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ ယနေ့ထိတိုင် ဘာသာရေးရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာအရ ဖေဖော်ဝါရီလမှာ ကျရောက်သည့် ဒီနာဝမ် လပြည့်ေ ပါယဒေး သို့ ဥပုသ်နေ့မှာ ဘုရားကျောင်းသို့သွားရောက်ကာ ဥပုသ်စောင့် သီလယူ၊ တရားနာယူ၊ ဝေယျာဝစ္စကုသိုလ်များကို ပြုလုပ်လျှက်ရှိပါသည်။
 သီရိလင်္ကာနိုင်ငံရှိ ဆင်ဟာလလူမျိုး ဗုဒ္ဓဘာသာဝင်တွေဟာ သမိုင်းဝင်ြ ဖစ်စဉ်များနှင့် ပေါယဥပုသ်နေ့များကို သတ်မှတ်ထားသည်မှာ အတုယူစရာေ ကာင်းလှပါသည်။ သူတို့၏ ပေါယဒေးခေါ် ဥပုသ်နေ့များသည် အဓိပ္ပါယ်များစြွာ ပည့်နေသည်ဟု ဆိုချင်ပါသည်။
အားလုံး သောကအပူမီးများကို မဂ်ရည်ဖြင့် စင်အောင်ငြှိမ်း၍ ချမ်းသာသုခကို ရရှိနိုင် ပါစေလို့…အမေ့မေတ္တာအရှင်..
                                             

Thursday, August 2, 2012

ဝမ်းမြောက်ပီတိတွေ ဖြစ်ရပါသည်ဘုရား


Gigabyte--i-3



အရှင်ဘုရား...သီဟိုဠ်မှာ ပညာရေးအတွက် အထောက်အကူဖြစ်စေရန် တကယ်လိုအပ်သော ကျောင်းသာ သံဃာတော်များကို တပည့်တော်မ ကွန်ပျူတာလှူဖို့စဉ်းစားမိတယ်ဆိုတဲ့ ရဟန်းအမကြီးရဲ့စကားကို ကြားလိုက်ရတော့ ညီတော်နောင်တော် ပညာသင် သံဃာတော်တွေအတွက် ရင်မှာ အတော်လေးကို ပီတိဖြစ်ရပါတယ်။ "တပည့်တော်က ကျောင်းသားကိုယ်တော်လေးတွေ စာကြည့်ရတာ၊ အင်တာနက်မှာစာရှာရတာ မပင်ပန်းစေချင်လို့'ပါ ဘုရားလို့လျှောက်ထားလာတဲ့အတွက် သြော်..ဒကာမကြီးက တကယ်လိုအပ်နေတဲ့နေရာကို ဖြည့်ပေးနေတာပဲလို့ တွေးမိလိုက်ပါတယ်။
   သီဟိုဠ်မှာကျောင်းတက်နေတဲ့ ကိုယ်တော်လေးတွေမှာ ကွန်ပျူတာနဲ့ ပက်သက်လို့ ခက်ခဲမှုတွေရှိပါသလားလို့ လျှောက်ထားလာတဲ့အခါ...ရှိပါတယ်။ တစ်ချို့အဆင်ပြေသလို၊ တစ်ချို့လဲ အတော်လေးကို ခက်ခဲကြပါတယ်။ ဒီတော့ ရဟန်းအမကြီးက ငါးလုံးလှူဒါန်းဖို့ သတ်မှတ်လိုက်ပါတယ်။
    ဒီတော့ လှူဒါန်းဖို့ အလှူခံယူမည့် ခက်ခက်ဖြစ်နေတဲ့ ကျောင်းသား သံဃာတော်ကို မေးမြန်းလျှောက်ထားရတယ်။ လွယ်တော့ မလွယ်ဘူး။ ဘာလို့လဲဆိုတော့ ပုထုတွေကို။ ရဟန်းအမကြီးက အလှူခံယူမည့် ကိုယ်တော်လေးတွေရဲ့ ဘွဲ့တော်များကို ပီတိဖြစ်ချင်လို့ မေးလာတဲ့အခါ.....လျှောက်ထားဆဲပဲလို့ ပြောထားလိုက်ရတယ်။
    သို့ပေမဲ့ မနေ့ကတော့ နောင်တော်ကြီး ပညာသာမိ.နောင်တော် ၀ိလာသတို့နှင့် ကွန်ပျူတာများကို သွားကြည့်ရတယ်။ ကွန်ပျူတာအရာမှာတော့ သူတို့က ကျွမ်းကျင်တာဆိုတော့ သူတို့သင့်တယ်ဆိုတဲ့ Gigabyte တံဆိပ်နဲ့ i-3 ငါးလုံးဝယ်လာခဲ့တယ်။ ဈေးကတော့ ရူပီး ၅၈၀၀၀-ငါးသောင်းရှစ်ထောင်ကျပ် ပါဘုရား။ သူတို့ကိုလဲ အထူးကျေးဇူးတင်မိပါတယ်။ အလှူဒါနတစ်ခုဆိုတာ မှားလို့မရဘူး။ သေချာဂရုစိုက်ရတယ်။ မှားလိုက်တာနဲ့ .......သိတဲ့အတိုင်းပဲ။ အမှားမကင်းနိုင်တဲ့ပုထုတွေဆိုပေမဲ့ တကယ်အမှားဖြစ်လာခဲ့ရင် နားလည်ပေးနိုင်ဖို့ သိပ်ခက်ခဲနေတတ်ကြတယ်။ ကွန်ပျူတာငါးလုံးကိုလဲ နောင်တော် ၀ိလာသကပဲ တာဝန်ယူပြီး အသုံးပြုလို့ရအောင် Window တင်တာ၊ Software မောင်းတာတွေကို ပါရမီဖြည့်ပေးပါတယ်။ မကုဋမှာ ကွန်ပျူတာဘာဖြစ်တယ်တဲ့ဆို သူကိုပဲ အကူညီတောင်းရတယ်လေ။ ဒီအတွက်လဲ ကျေးဇူးတင်ရမှာပါ။ အခုဆို..လှူဒါန်းမည် ကွန်ပျူတာ ငါးလုံးစလုံး အသုံးပြုလို့ရပါပြီ။
      တပည့်တော်တို့အနေနဲ့ သံဃာအား ဘုရားမဆန်သာ ဆိုတဲ့ ဘုရားရှင်ရဲ့ ဆုံးမစကားအတိုင်း ဆောင်ရွက်လှူဒါန်းပေးသွားမှာပါဘုရား။ တပည့်တော်များ လှူဒါန်းမည် ရက်မတိုင်ခင် လှူဒါန်းမည် ကျောင်းသား သံဃာတော်များအား အသိပေးလျှောက်ထားပါမည်ဘုရား။ တစ်လုံး သို့မဟုတ် နှစ်လုံးကိုတော့ သံဃာတော်များအားလုံးကို ပီတိဖြစ်စေဖို့ ကံစမ်းပါမည်ဘုရား။
   တကယ်လိုအပ်ပြီး...တကယ်အခက်ခဲဖြစ်တယ်ဆိုပါက....တပည့်တော်ကို အသိပေးစေလိုပါတယ်ဘုရား။
ရဟန်းအမကြီးရဲ့ ရည်မှန်းလှူဒါန်းခြင်းသည် ပညာသင်ရာမှာ အခက်ခဲ မဖြစ်စေရန်။ လွယ်ကူစွာ စိတ်ချမ်းသာစွာဖြင့် ပညာရပ်များကို လေ့လာသင်ယူနိုင်ရန်ပါဘုရား။
   တကယ်စစ်မှန်သော သဒ္ဓါတရားကို ပညာဖြင့် ချင့်၍ သံဃာတော်များအား ပစ္စည်းလေးပါး။ ပညာရေး စသည်များကို ထောက်ပံ့လှူဒန်းပေးနေသော ရဟန်းအမကြီးသည် အပူသောက၊ ဘေးဒုက္ခမှ ကင်းဝေး၍ နိဗ္ဗာန်အကျင့်ကို ကျင့်သုံးနိုင်ပါစေလို့...သံဃာတော်များကိုယ်စား အမေ့မေတ္တာအရှင်..

“ ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းကပ်အလှူပင့်ဖိတ်လွှာပါဘုရား”

    


                
             သီရိလင်္ကာကျွန်းတွင် ပညာသင်ယူနေကြသော ညီတော်နောင်တော် သံဃာတော်အရှင်သူမြတ် များနဲ့ ဆရာလေးအားလုံးတို့ဘုရား!
             လာမည့် ၁၃၇၄-ခု ဒုတိယ၀ါဆိုလပြည့်ကျော် ၂-ရက် (04-08-2012) ၀ါဆိုတော်မည့် စနေ နေ့တွင် ကိုလံဘိုမြို့ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီးမှာ  အမေ့မေတ္တာအရှင်နရိန္ဒ၏ ရဟန်းဒကာမကြီးမှ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း (စီဝရဒါန)၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်း (ပိဏ္ဍပါတဒါန) မကုဋရာမမြန်မာ ကျောင်းတော်ကြီးတွင် အသစ်ဆောက်လုပ်မည့် ငါးထပ်ကျောင်းဆောင်အသစ်-ဖောင်ဒေးရှင်းအတွက် သိန်း(၁၅၀) တစ်ရာ့ငါးဆယ် မတည်လှူဒါန်းခြင်း (၀ိဟာရဒါန)နှင့် သင့်တော်လျှောက်ပတ်သော အားဆေးလှူဒါန်း ခြင်း (အာယုဒါန)စသော ပစ္စည်းလေးပါး ဒါနပါရမီစုကို နိဗ္ဗာန်ကိုအားရုံပြုလျှက် ဆက်ကပ်လှူဒါန်းပူဇော်ပါမည် ဘုရား။
             သို့ဖြစ်ပါသောကြောင့် သီဟိုဠ်ရှိတက္ကသိုလ်ကြီးများတွင် B.A, M.A, M.Phil, PhD စသာ ပညာရေး အသီးသီး သင်ယူနေကြသော မြန်မာကျောင်းသား ညီတော်နောင်တော် သံဃာတော်များ (ဗမာ၊ မွန်၊ ရှမ်း၊ ကရင်၊ ရခိုင်စသည့်) အားလုံးနှင့် ဆရာလေးအားလုံးတို့အနေဖြင့် ရဟန်းအမ၊ ကျောင်းအမ၊ ပစ္စည်လေးပါး ဒကာမကြီး၏ ၀ါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူဒါနကို မေတ္တာရှေ့ထား၍ ကြွရောက်ချီးမြင့်တော်မူပေး ပါရန် ရဟန်းဒကာမကြီးကိုယ်စား ဘုရားတပည့်တော် အမေ့မေတ္တာအရှင်မှ ရိုသေဂါရ၀ဖြင့် ပင့်လျှောက် အပ်ပါသည်ဘုရား။
             ရဟန်းဒကာကြီးမှ သံဃာတော်များနဲ့ ဆရာလေးတို့အား ဆက်ကပ်လှူဒါန်းမည်မှာ;
၁။ မကုဋာရာမ မြန်မာကျောင်းဆောင်းသစ်အတွက် သိန်းတစ်ရာငါးဆယ် ဆက်ကပ်လှူဒါန်းခြင်း။
၂။ နာယကဆရာတော်ကြီးများအား သင်္ကန်းဒွိစုံနှင့် န၀ကမ္မ၀တ္ထုငွေဆက်ကပ်လှူဒါန်းခြင်း။
၃။ ပညာသင်သံဃာတော်များအား ကိုယ်ပတ်သင်္ကန်းဆက်ကပ်ခြင်း။
၎။ ဆရာလေး အပါး ၂၀ အား ၀တ်စုံလှူဒါန်းဆက်ကပ်ခြင်း။(နီပေါဆရာလေး ၁၀-မြန်မာဆရာလေး ၁၀ပါး)
၅။ သံဃာတော်များနှင့်ဆရာလေးများအား ဘောပင်-ဗလာစာအုပ်များဆက်ကပ်လှူဒါန်းခြင်း။
၆။ သံဃာတော်များနှင့်ဆရာလေးများအား ဆေးဆက်ကပ်လှူဒါန်းခြင်း။
၇။ အရုဏ်ဆွမ်း-နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း။
             ရဟန်းဒကာမကြီး၏ ဒါနပူဇာသို့ကြွရောက်ကြမည့် ညီတော်နောင်တော်သံဃာတော်များနှင့် ဆရာ လေးများ လွယ်ကူချောမွေ့စေခြင်းငှါ တပည့်တော်အနေဖြင့် ပေလိယ၊ ပိပ္ပလိယာနနှင့် တစ်ချို့ နေရာများသို့ အကြိုကားဖြင့် ပင့်ပါမည် ဘုရား။ နောက်... ညီတော်နောင်တော်များ စိတ်ချမ်းသာမှု ဖြစ်အောင် တပည့်တော် အနေဖြင့် တတ်စွမ်းသမျှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းလဲ အသိပေးလျှောက်ထား အပ်ပါသည် ဘုရား။
             ညီတော်နောင်တော်သံဃားတော်များနှင့် ဆရာလေးများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာ၍ မြတ်ဗုဒ္ဓ၏ သာသနာကို သက်စွန့်တမံ ဆောင်နိုင်ပါစေလို့…  
ရဟန်းအမကြီးကိုယ်စား
အရှင်နရိန္ဒ-အမေ့မေတ္တာအရှင်(ခေတ္တ-အလင်္ကာ)