Thursday, April 12, 2012

သတိသို့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ


သတိ
သို့
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
     
         အော်--သင်္ကြန်အကြိုနေ့ကိုတောင် ရောက်နေပြီကို။ မြန်မာပြည်ကြီး တစ်ခုလုံးသင်္ကြန် ရေတွေ လွှမ်းမိုးတော့မှာပါလား။ အားလုံးသောပြည်သူတွေလဲ ကိုယ်စီကိုယ်စီ ပျော်နေ ကြရောပေါ့။ ပြည်တွင်းက ပြည်သူတွေရော၊ ပြည်ပကပြည် သူတွေရော ၂၀၁၂ အတာသင်္ကြန်ရဲ့ အရသာကို အားရပါးရ ခံစားကြတော့မယ်လေ။ အလွှာမျိုးစုံကို တွေ့ရမှာပါ။ ပျော်သူတွေက ပျော်၊ ကဲ သူတွေ က-ကဲ၊ ကခုန်သူတွေက ကခုန်၊ သီဆိုသူတွေက သီဆို၊ ရေကစားသူတွေက ရေကစား၊ ကြည့်သူတွေက ကြည့် ပေါ့လေ။။ နောက်-သူတို့နဲ့အပြိုင် သင်္ကြန်မှာ ဘုရားကျောင်းသွားသူတွေက သွား၊ ရိပ်သာဝင်သူတွေက ၀င်၊ သီလစောင့်သူတွေက စောင့်၊ တရားနာသူတွေက နာ၊ အလှူဒါန ပေးသူတွေက ပေး၊ ဘုရား-ကျောင်းမှာ ဝေယျာဝစ္စ ကုသိုလ်တွေကို ယူသူတွေက ယူ၊ ဆွမ်းလောင်းသူတွေက လောင်း၊ ကောင်းမှုကုသိုလ်တွေကို ပြုသူတွေက ပြု၊ ပုတီးစိပ်သူတွေက စိပ် ပေါ့လေ။
        ဒါတင် ဘယ်ဟုတ်မလဲ--ရှိပါသေးတယ်။ ပြောခဲ့သော နှစ်မျိုးလုံးထဲမှာ မပါဝင်နိုင်သော သူတွေကလဲ ရှိသေး။ ကျန်းမာရေးမကောင်းလို့၊ လုံးဝကို မအားလို့၊ အဆင်မေပြေလို့ စသော အကြောင်းအမျိုးမျိုးကြောင့်ဆိုပါတော့။ ဘာပဲဖြစ်ဖြစ် ဒါတွေက သဘာဝတရားတွေပဲ မဟုတ်လား။ သဘာဝတရား ရှိနေမှတော့ ပျော်သူတွေကပျော်၊ ငိုသူတွေကငို၊ ကောင်းမှုလုပ်သူတွေက လုပ်၊ မကောင်းမှုလုပ်သူတွေကလုပ်ပေါ့လေ။
        ဒါပေမဲ့လဲ ပြောလိုက်ချင်သေးတယ်လေ--ကုသိုလ်လုပ်ရင်း အကုသိုလ်ဖြစ်တတ်ပုံ၊ ကောင်း ကျိုးထက် အပြစ်ကပိုများပုံလေး။ ရှေ့အခါကပေါ့- ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ်က ဆိုပါတော့ ပုဏ္ဏားတစ်ဦးက သေသူအတွက် ရည်မှန်းဆွမ်း လှူဒါန်းပွဲအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် တပည့်တွေကို ဆိတ်လေးကို ရေချိုးပေးဖို့ မြစ်ဆိပ်ကို လွန်လိုက်တယ်။ ရေချိုးပြီး ဆိပ်ကမ်းမှာ ခဏလေး ချည်ထားတဲ့အခါ ဆိပ်က ဟက်ဟက်ပက်ပက် ရယ်မောပြီး တစ်ဖန်ငိုကြွေးလိုက် သည်။ ပြန်ရောက်တဲ့အခါ ဆရာပုဏ္ဏားကို ပြောပြကြတယ်။ ဆရာကြီးက ဘာကြောင့် ငိုလည်းငို ရယ်လည်းရယ်သလဲ မေးတဲ့အခါ ဆိတ်ကြီးက “ အသင် ပုဏ္ဏား ရှေ့အခါက ငါလည်း သင်ကဲ့သို့ ဆိတ်တစ်ကောင်ကို သတ်ပြီး ဆွမ်းလှူဒါန်းခြင်း မတကဘတ်ကို ပြုလုပ်ခဲ့ဖူးတယ်။ အဲ့ဒီ အကုသိုလ်ကံကြောင့် ငါဟာ လေးရာကိုးဆယ့်ကိုးဘ၀လုံး ခေါင်းဖြတ်အသတ်ခံရပြီး ယခု ဘ၀မှာ ငါးရာမြောက် နောက်ဆုံးဘ၀ဖြစ်တယ်။ ယခု ဒီဝဋ်ဆင်းရဲမှ လွတ်မြောက်တော့မည် ဖြစ်သောကြောင့် ရယ်ရပါသည်။ အသင်ကား ငါ့ကို သတ်ပြီး ငါကဲ့သို့ပင် ဘ၀ငါးရာ အသတ်ခံရမည်ကို တွေးကာ သနားသောကြောင့် ငါငိုရပါတယ်”လို့ ပြောပြလေသည်။
        ထိုအခါ ပုဏ္ဏားက သင့်ကို ငါမသတ်တော့ဟု ပြောသော် ၊ သင်မသတ်လည်း ငါသည် ယနေ့ သေခြင်းမှ မလွတ်နိုင် ဟု ဆိတ်ကြီးက ပြန်ပြောလေသည်။ ပုဏ္ဏာားကြီးက မည်သူမှ မသတ်စေရန် အစောင့်ရှောက်ထားလွတ်လိုက်သော်လည်း ဆိတ်ကြီးသည် ကျောက်ဖျာပေါ်တွင် ပေါက်နေသော ချုံဖုတ်မှ သစ်ရွက်များကို စားမည်လုပ်စဉ် မိုးကြိုး ပစ်ခတ်မှုကြောင့် လွှင့်ထွက် လာသော ကျောက်လွှာတစ်ခုသည် ဆိတ်ကြီး၏ လည်ပင်းကို ထိမှန်ပြီး ဆိတ်ကြီး အဲ့ဒီနေရာမှာပင် လည်ပြတ်သေဆုံးသွားရရှာသည်။
        ထိုဖြစ်ရပ်ကို လူများကု လာရောက်ကြည့်ကြသည်။ ထိုအခါ ရုက္ခစိုးဖြစ်နေသော ဘုရားလောင်က “သင်တို့သည် မကောင်းမှု၏ အကျိုးကို သိမြင်ကြရကုန်ပြီ၊ ဒါကြောင့် သစ်တစ်ပါးအသက်ကို မသတ်ကြကုန်လင့်” ဟု တရားဟောကာ သီလ၊ ဒါန၊ ဘာဝနာအမှုတို့ကို ပြုလုပ်စေပါသည်။
        ဒီဇာတ်လမ်းကို အကြောင်းပြုပြီး ယနေ့မျက်မှောက်ခေတ်တွင် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ  လို့ ဆိုရိုးပြုနေကြပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်များလည်း “ မင်းလုပ်တာက ကုသိုလ်တစ်ပဲ ငရဲတစ်ပဿာ ဖြစ်နေပြီ” လို့ နေ့စဉ်လိုလို ပြောနေ-ကြားနေရပါသည်။ တကယ်တော့ ဒီဇာတ်တော်မှာ ပုဏ္ဏားကြီးသည် လှူဒါန်းမှုကို အကြောင်ပြုပြီး ဆိတ်ကိုသတ်မည်လုပ်၏။ ၀ဋ်မှာအမြဲ ငရဲမှာ အပ၊ ၀ိပါတ်ကြမ္မာ မပြေးသာ၊ ပြုသူ အသစ် ဖြစ်သူအဟောင်းဆိုသည့် ဆိုရိုးစကားအတိုင်း မိမိတို့ပြုလုပ်သည့် အကုသိုလ်သည် တစ်ဖန်ပြန်ပြီး ခံရမည်ဖြစ်ကြောင်း၊ ကုသိုလ်ပြုသောအခါမှာလည်း အကုသိုလ်ခြံရံပြီး မပြုလုပ်ရန်။ နောက်-မည်သည့်အကြောင်းကြောင့် ဖြစ်စေ ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးခံသစာရမည် ဖြစ်ကြောင်း။ နောက်-ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်ရန် သန့်ရှင်းစွာ ကုသိုလ်ပြုတတ်ရန် နှင့် ကုသိုလ်ယောင်ယောင်နဲ့ အကုသိုလ်ဖြစ်နေသော ကိစ္စရပ်များကို စဉ်းစားဆင်ခြင် တွေးတောကာ ရှောင်ရှားတတ်ရန် ဖော်ပြလိုက်ရပါသည်။
        နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်သူ အပေါင်း ဘေးကင်းစွာဖြင့် ပျော်ရွှင်ကြည်နူးနိုင်ပြီး အတာရေသင်္ကြန်အရသာကို ပြည့်ဝစား ခံစားနိုင်စေရန်နှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူ အပေါင်းလည်း ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်မိစေရန် ဆုတောင်းမေတ္တာပို့သရင်းဖြင့်----အမေ့မေတ္တာ အရှင်-။ အားလုံး တက်သစ်နေ၀န်း၊ ထွန်းသစ်လမင်း၊ ပွင့်သစ်ပန်းကဲ့သို့ ရွှင်လန်းချမ်းမြေ့ သာယာကြည်နူးနိုင်ကြပါစေ--။

Sunday, April 8, 2012

အတိတ်ကသင်္ကြန် သို့ နာဂမြေကို လွမ်းမောခြင်း


အတိတ်ကသင်္ကြန်
သို့
နာဂမြေကို လွမ်းမောခြင်း
 ဘာလိုလိုနဲ့ နှစ်သစ်သင်္ကြန်ကို ရောက်ပြန်တော့မယ်။ သင်္ကြန်နဲ့  ပက်သက်လို့ ရှေ့မှာ ပြည့်စုံနီးပါး ဖော်ပြခဲ့ပြီးပါပြီ။ ခုတော့ ဘာရယ်မဟုတ်ဘူး နာဂမြေက အတိတ်သင်္ကြန်ကို ပြန်လည် လွမ်းမောခံစားကြည့်ခြင်းရယ်ပါ။ ခံစားဆို တကယ်လဲ ကြည်နူးစရာ၊ ပျော်ရွှင်စရာ၊ လွမ်းမောစရာ၊ မှတ်သားစရာတွေက များခဲ့တယ်လေ။ အခုလို အမိမြေနဲ့ဝေးနေချိန်မှာဆိုတော့ ပိုလို့တောင် တမ်းတမိပါတယ်။
       သတိရမိပါသေးတယ်--မနက်မိုးလင်းတာနဲ့ “ကျော်မန်း-ကျော်မန်း”၊ “နန်းတေ-နန်းတေ” ဆိုတဲ့ နာဂတိုင်းရင်း သူလေးတွေရဲ့ စကားဝဲ၀ဲလေးတွေက နားထဲမှာကြားကြား နေရ တာကိုလေ။ ပြောရအုံးမယ်--ကျော်မန်းဆိုတာက ပိန်းကူး နာဂမျိုးဝင် တွေစကားပါ။ ဘုန်းကြီး လို့ ခေါ်တာပါ။ နောက်- နန်းတေ ဆိုတာကတော့ ဟိုင်းမြေနာဂတိုင်းဂရင်းသားတွေရဲ့ အသုံးပါ။ ဘုန်းကြီးလို့ ခေါ်ဆိုခြင်းပါပဲ။ အရှင်က နာဂတောင်တန်း သာသနာပြု နှစ်နှစ်တာခရီးမှာ နာဂရွာလေး သုံးရွာမှာ သာသနာပြုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ခဲ့ရပါတယ်။ အဲ့ဒီနာဂရွာလေးတွေက ၁။ လာဝယ်ရွာ။ ၂။ နန်ဖာရွာ။ ၃။ အောင်မြေရွာဖြစ်ပါတယ်။ ခန္တီးမြို့နယ်-စစ်ကိုင်းတိုင်းမှာပါ။
       လာဝယ်ရွာလေးအကြောင်းကိုတော့ မပြောတော့ပါဘူး။ လာဝယ်ရွာလေးမှာ သင်္ကြန်ကျခွင့် မရခဲ့ဘူးလေ။ ကျန်တဲ့ ရွာလေး နှစ်ရွာမှာပဲ သင်္ကြန်ကျခဲ့ပါတယ်။ ဒါကြောင့် ကျော်မန်းဆိုတာက နန်ဖာဆိုတဲ့ နာဂရွာလေးက ဘုန်းကြီးကိုခေါ်တဲ့ စကားသံလေးပါ။ နန်းတေ ဆိုတာ ကတော့ အောင်မြေရွာက နာဂသူလေးတွေရဲ့ ဘုန်းကြီးအခေါ်ပါ။ သူတို့လေးတွေက သင်္ကြန်ရောက်တော့မယ်ဆိုတာနဲ့ ရင်ခုန်သံတွေက မြန်နေကြပြီလေ။ သူတို့မျက်နှာလေးတွေမှာ အပြုံးကိုယ်ဆီ ပွင့်လို့နေပါတယ်။ သူတို့မျက်နှာလေးတွေကို ကြည့်ပြီး သာသနာပြု ရဟန်းတော်များမှာလဲ ၀မ်းသာပီတိဖြစ်ကြရပါတယ်။ မောပန်းတယ်လို့ မထင်ရအောင်ကို ပီတိဖြစ်ရတာပါ။ မောပန်းဆိုတာက--အရှင်တို့သာသနာပြု ညီတောင်နောင်တော်များက သင်္ကြန်ကာလကို နီးလာတာနဲ့ ပြေးရလွှားရပါတယ်။ သူတို့လေးတွေ သင်္ကြန်မှာ ပျော်နိုင်ရွှင်နိုင်ဖို့ လှုပ်ရှားကြရ။ ပြင်ရဆင်ရပါတယ်။
       သင်္ကြန်သီချင်းများကို ရှာဖွေစုဆောင်းရပါတယ်။ သင်္ကြန်ရေသဘင်ကို ဆောက် ပေးရပါတယ်။ တတ်နိုင်သလောက် ၀တ်စုံလေးတွေကိုလဲ မှာယူ ချုပ်ပေးရပါတယ်။ နောက်- သူတို့လေးတွေကို မြန်မာ့အတာသင်္ကြန်သီချင်းများနဲ့ သင်္ကြန်အက ကို တိုက်ပေးရပါတယ်။ သူတို့လေးတွေကလဲ အတော်လေးကို ပျော်ပျော်ရွှင်ရွှင်ပဲ အကကိုတိုက်ကြပါတယ်။ မျက်နှာလေးတွေကလဲ ရှက်သွေးဖြန်းနေတော့ တစ်မျိုးလေး ကြည့်လို့ကောင်းနေပါတယ်။ အကကိုတော့ ခေတ်ဟောင်း-ခေတ်ပေါ် နှစ်မျိုးလုံးကို တိုက်ပေးရပါတယ်။ ဒါတွေကို သင်္ကြန်မတိုင်ခင် တစ်လအလိုကတဲ့က ကြိုတင်လုပ်ပေးရတာပါ။ ညတိုင်း မီးမောင်းပေးဖို့လဲ အရှင်တို့မှာ မောရပါတယ်။ ဓာတ်ဆီဈေးကလဲ တယ်ကြီးကိုဗျ။ ၅၀၀၀ကျော် ၆၀၀၀လေ။ တော်တော့ တော်ပါသေးတယ် ခန္တီးမြို့ပေါ်မှာက အထောက်အပံ့ဒကာမလေး ဘာလေးရှိနေလို့ပေါ့။ မလွယ်ဘူးဗျ တစ်ညကို ဂါလံဝက်လောက်ကုန်တယ်လေ။ နောက်--သူတို့လေးတွေ သင်္ကြန်မှာ ပျော်ရွှင်စေဖို့ ကြိုတင်ကာ ရေလဲ စီစဉ်ထားရပါတယ်။ သူတို့ရွာလေးတွေက အမြင့်ပိုင်းတည်ဆောက်ထားတော့ ရေက ခက်ခဲတယ်လေ။ ဒါကိုက နာဂတိုင်းရင်းသာ-သူလေးတွေရဲ့ ဘ၀အခက်ခဲတစ်မျိုးဆိုမမှားပါဘူး။
      ဒါတင်ဘယ်ကမလဲ သူတို့လေးတွေကို သင်္ကြန်မှာ အာဟာရကျွေးဖို့ အရှင်မှာ မြို့ပေါ်ကိုပြေးလိုက် ရသေးတယ်လေ။ တပ်ကူတောင်းတဲ့သဘောပါ။ မြို့ပေါ်က ရင်းနှီးရာ ဒကာ-ဒကာမတွေကို ကုသိုလ်ယူခိုင်းရတယ်လေ။ အရှင်မှာ စေတနာရှိသော်လည်း အားလုံးကို မတတ်နိုင်ဘူးလေ။ အစိုးရ နိုင်ငံတော်က တစ်လမှ တစ်သောင်းခွဲပဲ အထောက်အပံ့ပေးတာလေ။ ဒီတော့ ကိုယ်အားကိုကိုး-ကိုယ်ဝန်ကို ကိုယ်ရုန်းပြီး နာဂတိုင်းရင်းသား-သူလေးတွေရဲ့ ဘ၀တွေ လှပ ရှင်သန်နေဖို့ ဥယျာဉ်မှူးတွေအဖြစ် ဘ၀ကို ပေးဆပ်နေခြင်းရယ်ပါ။ နောက်- သင်္ကြန်တွင်းကာလမှာ ဥပုသ်သီလတွေစောင့်နိုင်အောင်၊ မြတ်ဗုဒ္ဓ၏ တရားဒေသနာ တော်တွေကို နာယူကြည်ညို မှတ်သားနိုင်အောင်လဲ အရှင်တို့က ကြိုတင်စီမံရပါတယ်။ နောက်-- သက်ကြီးရွယ်အို အဘိုးအဘွားများကိုလဲ တတ်နိုင်တာလေးနဲ့ သက်ကြီးပူဇော်ပွဲလေး ပြုလုပ်ပေးဖို့ခြေလှမ်းကို ကြဲကြဲ လှမ်းရပါတယ်။
       သင်္ကြန်ရောက်ပြီလဲဆိုရော သူတို့လေးတွေအားလုံး တကယ်ကိုပျော်ရွှင် ကြည်နူးနေကြပါတယ်။ ပထမနှစ် သင်္ကြန်မှာတော့ အရှင်က နန်ဖာရွာလေးမှာ ကျခဲ့ပါတယ်။ နန်ဖာရွာ နာဂတိုင်းရင်းသား-သူလေးများက အတော်လေးကို ဖော်ရွေကြပါတယ်။ သူတို့လေးတွေ အားလုံး ရွာသာသနာပြု ဘုန်းတော်ကြီး ကျောင်းမှာပဲ သင်္ကြန်ကာလကို ကုန်ဆုံးကြရတယ်။ နေ့ဆို ရွာထဲမှာ ပျော်ပျော်ပါးပါး သင်္ကြန်ရေး ကစားကြုပီး။ ညနေပိုင်းမှာ သင်္ကြန်ခုံ-ဆင်ပေါ်မှာပါ သင်္ကြန်သီချင်းများကို ဖွင့်ပြီး ကခုန်ကြပါတယ်။ အဖွဲ့လိုက်ကခြင်း၊ စုံတွဲကခြင်း၊ တစ်ယောက်ခြင်း ကခြင်း စုံလို့ပါပဲ။ အဘွားကြီးတွေကလဲ တစ်ခါတစ်လေ ၀င်ကကြပါသေးတယ်။
  အနီးနားက မျိုးနွယ်တူ ရွာက တိုင်းရင်းသား- သူလေးတွေကလဲ လာလည်ကြ ပါတယ်။ ရေပက်ကစားကြသလို -ဘောလုံးကန်ခြင်း- ဘော်လီဘော ပုတ်ခြင်း၊ ပိုက်ကျော်ခြင်းခတ်ခြင်း စသည်ကိုလည်း ကစားကြပါတယ်။ ခိုက်ရန်လုံးဝ မဖြစ်ကြပါဘုး။ ပြီးတဲ့အခါမှာတော့ သူတို့ ရိုးရာ ခေါင်ရည်နဲ့ ဧည့်ခံကြပါတယ်။ ဒါက-သူတို့ရိုးရာ ဓလေ့တစ်ခုပါ။
       နောက်တစ်ရက်မှာတော့ မျိုးနွယ်တူ နာဂရွာလေးတစ်ရွာကို ရေပက်ခံ ထွက်ကြပါတယ်။ သင်္ကြန်ခုံ မရှိတဲ့ရွာလေးတွေကတော့ သင်္ကြန်သီချင်းများကို ဖွင့်ပေးပြီး ချင်းတွင်းမြစ်ရေကို ပိုက်တွေနဲ့ စုတ်ယူပြီး ပက်ဖြန်းပေးပါတယ်။ လာလည်သူတွေအားလုံးက သီချင်းများနဲ့အတူ ရေပက်ဖြန်းပေးတဲ့ အလည်ခေါင်မှာ အတူ ကကြခုန်ကြ ပျော်ပါးကြပါတယ်။ တစ်ချို့ဆင်းရဲ့တဲ့ ရွာလေးတွေ ကတော့ မြစ်နဲ့လည်းဝေးတော့ ရေးအခက်ခဲရှိပါတယ်။ သင်္ကြန်လို့တာပြောနေတာ ရေကို ၀အောင် မပက်ရဘူးလေ။ ဒီတော့ သင်္ကြန်အနှစ်သာရကို ကောင်းကောင်း မခံစားရ ဘူးဆိုပါတော့။ တောင်ပေါ်ရွာလေးတွေဆို ပိုဆိုးပါတယ်။ ရေခက်ရတာကလဲ ဝေးတော့ သင်္ကြန်မှာ ပျော်ခွင့်မရကြဘူးလေ။ အတော်လေးကို သူတို့လေး ဆင်းရဲနေပါသေးတယ်။ ဒါတောင် ရွှေတွေ ကျောက်တွေ ထွက်ပါတယ်ဆိုတဲ့ ခန္တီး နာဂတောင်တန်းမှာနော်။
       နန်ဖာရွာလေးက မြစ်ကမ်းဘေးက ရွာလေးဆိုတော့ ဘယ်သွားသွား မြစ်ထဲကပါပဲ။ ကုန်းလမ်းမရှိဘူး။ ကုန်းလမ်းက တောင်ယာလမ်းလောက်ပဲ ရှိတာလေ ။ မြစ်ကြောင်း ဆိုတော့ ပျော်စရာလဲ ကောင်း-ရင်ခုန်စရာလဲ ကောင်းပါတယ်။ အန္တရယ်လဲ ရှိတယ်ဆိုပါတော့။ မြစ်ထဲမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရေကစားရင်း မော်တော်စီးရတော့ အတော်လေးကို ပျော်စရာကောင်းပါတယ်။ မြစ်ကမ်းဝဲယာမှာကလဲ တောတန်း၊တောင်တန်းတွေက စိမ်းစိမ်းစိုစိုဆိုတော့ အတော်လေးလဲ ကြည်နူး စရာကောင်းပါတယ်။ ရွှေမောင်းထားတဲ့ ကမ်းပါးတွေကလဲ အ၀ါလိုလို အနီလိုလို အရောင်ထင်းနေပါတယ်။ မြစ်အလည်ခေါင်မှာလည်း ရွှေလုပ်သားမော်တော်တွေက ရှိနေတော့ သူတို့နဲ့ဆုံတဲ့အခါ ဟားကြဟေးကြ နှောက်ကြ ပြောင်ကြ၊ အပြန်အလှန်ရေပက်ဖြန်းရင်း ပျော်စရာကောင်းနေပြန်ပါတယ်။ နောက်--သင်္ကြန်အတတ်နေ့မှာတော့ နီးစပ်ရာ ထေရ်ကြီး ဆရာတော့်ကျောင်းများကို ရွာသူ-ရွာသားတွေနဲ့အတူ သွားရောက် ကန်တော့ လှူဒါန်းကြပါတယ်။ လူငယ်လေး များကတော့ အပျော်ရေကစားရင်ပေါ့။ ကန်တော့ခံဆရာတော်က ဆုံးမ တရားဒေသနာကို အကျဉ်း မျှဟောပြပါတယ်။ နောက်--ရွာသူ-သားများက ဧည့်ခံ ကျွေးမွေး ကြပါတယ်။ ကျောင်းပေါ်က အဆင်းမှာတော့ ရေ၀ိုင်းပက်ကြပါတယ်။ အဲ့ဒီအခါမှတော့ ဧည့်သည် ဘုန်းကြီးလဲ မနေရဘူး။ ရေ၀ိုင်းပက်ကြတယ်လေ။ ဆရာတော်ဘုရားလဲ သင်္ကန်းရေ စိုနဲ့ ကျောင်းပြန်ရတာပေါ့။ ဒါကလဲ နာဂတိုင်းရင်းသူ-သားလေးတွေရဲ့ ခင်မင်ကြည်ညိုမှုဆိုလဲ မမှားပါဘူး။
       နောက်--နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရွာသူ-သားများက ဘုန်းကြီးကို ရှိခိုးကန်တော့ကြပါတယ်။ သူတို့တတ်စွမ်းသမျှ လှူဒါန်းကြပါတယ်။ သူတို့လေးတွေကို ချစ်စရာကောင်းတာက လူဆင်း ရဲပေမယ့် စေတနာ သဒ္ဓါတရား မမွဲတာကိုပါ။ သူတို့ခြွေးနဲစာလေးနဲ့လှူကြခြင်းရယ်ပါ။ သူတို့ လေးတွေကတောင် မလှူလို့မရှိ-မရှိလို့မလှူဆိုတာကို ပိုနားလည်သဘောပေါက်နေသလိုပါပဲ။ နောက်--ရွာသူ-ရွာသားအားလုံးကို တရားဒေသနာဟောကြား ဆုံးမစကားပြော-အားပေး စကားပြော ကြားပေးရပါတယ်။ ကန်တော့အပြီးမှာတော့ ရွာသူ-သားအားလုံးကို အာဟာရဒါနကျွေးမွေးပါတယ်။ ရွာသား-သူများကလဲ အားရ၀မ်းသာ စားကြ-သုံးဆောင်ကြပါတယ်။
  နောက်--သက်ကြီးအဘိုးအဘွားများကို အသုံးအဆောင် ဆေးဝါး၊ တံဘက်၊ လုံချည်၊ ပုဆိုး၊ ဟောလစ်ဘူးများကို ပေးပါတယ်။ အဘိုးအဘွားများက ၀မ်းသာပီတိ မျက်ရည်စိုအိကြပါတယ်။ တစ်ချို့ အဘိုးများကဆို အသိတွေရလာကြပါတယ်။ ငါ့တို့ကို ဘုန်းကြီး( ကျော်မန်း)ကတောင် ပူဇော်ပွဲလေးလုပ်ပေးတယ်။ ငါ့တို့ကို မိဘသဖွယ် အရာသွင်းတယ်။ ဒီတော့ ငါတို့လဲ အရက်သောက်တာ- ဘိန်းရှူတာကို လုံးဝဖြတ်မယ်လို့ပြောလာသူ အဘိုးတွေလဲ ရှိလာပါတယ်။
      ဒါလေးတွေကို ပြန်မြင်ယောင်-ကြားယောင်ပြီး လာမယ့် ၁၃၇၄-ခုရဲ့ နှစ်သစ်သင်္ကြန်ကို ကြိုလင့်ကာ အတိတ်ကသင်္ကြန် သို့ နာဂမြေကို လွမ်းမောခြင်းရယ်ပါ။ အခုလောက်ဆို နာဂ ခန္တီးမြေက နာဂတိုင်းရင်းသူ-သားလေးတွေကလဲ နှစ်သစ်သင်္ကြန်ကို စောင့်ကြိုကာ ရင်ခုန်သံတွေနဲ့ အတူ ပျော်ရွှင်နေကြရပေါ့။ သူတို့လေးတွေက သတိရ-မရတော့ မသိဘူး။ ကိုယ့်ကတော့ သူတို့လေးတွေ သတိယ တမ်းတ လွမ်းဆမိပါတယ်။ အော်--သူတို့လေးတွေ အဆင် မှပြေရဲ့လား။ နေမှကောင်းရဲ့လား။ သင်္ကြန် အကတွေကို တိုက်များ တိုက်ဖြစ်ကြရဲ့လား။ ကျော်မန်းအသစ်- နန်းတေ အသစ်နဲ့ရော အဆင်မှပြေရဲ့လား။ သူတို့ သာသနာပြု ရဟန်းတော်အသစ်လေးများကရော ဂရုတစိုက်ရှိရဲ့လား စသည်ကို ပါ။ မေတ္တာအဖြူ တည်သက်သက်ရယ်ပါ။
      ကဲ--
နာဂတောင်တန်းကြီးကို လွမ်းတယ်။
ချင်းတွင်းမြစ်ကြီးကို တမ်းတမိတယ်။
နာဂရွာလေးများကို အောက်မေ့မိတယ်။
နာဂတိုင်းရင်းသူ-သားလေးများကို
သတိရမိပါတယ်။
အတိတ်ကဖြစ်ရပ်အားလုံးကို
မေ့ဖျောက်မရဘူး။
ပေးဆပ်ခဲ့သမျှကို ပြန်လည်
ခံစားမိတယ်။
အတိတ်က အလွမ်းသင်္ကြန်ကို
နှစ်သစ်သင်္ကြန်ရေနဲ့ပဲ
အစားထိုးကာ ဖြေလိုက်တော့မယ်။
နုတ်ဆက်လိုက်တယ် အတိတ်သင်္ကြန်ကို၊
ကြိုလင့်နေတယ်--- နှစ်သစ်ကို။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ---အမေ့မေတ္တာအရှင်။

Thursday, April 5, 2012

မြတ်ဗုဒ္ဓ၏ နိုင်ငံရေး အမြင် သို့ ကူဋဒန္တသုတ်


မြတ်ဗုဒ္ဓ၏ နိုင်ငံရေး အမြင်
သို့
ကူဋဒန္တသုတ်
       
       ကူဋဒန္တသုတ်တော်ဟာ  သုတ်တစ်သုတ်ဖြစ်ပါတယ်။ ဒီသုတ်တော်ဟာ မြတ်ဗုဒ္ဓရဲ့ နိုင်ငံရေးအမြင်နှင့် ပက်သက်လို့ အလွန် အရေးကြီးပါသည်။ ဒီသုတ်တော် အဆိုအရ နိုင်ငံတစ်နိုင်ငံဆိုတာ အခက်အခဲပြဿနာ (ဒဿုခီလ) တွေ ပြည့်နေပါတယ်။
       ဒီသုတ်တော်မှာ ဘုရားလောင်းက ရှင်ဘုရင်ကို ယဇ်နတ်ပူဇော်ဖို့အတွက် အသက်တွေ မသတ်ဖြတ်ဖို့ အကြံပေးပါတယ်။ နောက်--လူ့အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ခု တည်ဆောက် တယ်ဆိုတာ ညီညီညွတ်ညွတ် (သံဝိဓာန) နဲ့ တစ်ဆင့်ခြင်းဖွဲ့စည်း တည်ထောင် ဖို့ကိုလဲ  ပြောခဲ့ပါသေးတယ်။
        ပထဦးဆုံး- -နိုင်ငံ အတွင်းမှာ လယ်ယာ စိုက်ပျိုးရေးကို လုပ်ကိုင်စားသောက် နေသော ပြည်သူ -ပြည်သားတွေရှိပါတယ်။ သူတို့မှာ ကျွဲ-နွားစသည် လိုအပ်ပါတယ်။ လယ်ယာ စိုက်ပျိုးရေးကို လုပ်ကိုင်စားသောက်သော ပြည်သူတွေဟာ ကျွဲ-နွားစသည် မပါပဲ သူတို့လယ်ယာစိုက်ပျိုးရေးကို မလုပ်ကိုင်နိုင်ပါဘူး။ ဒါကြောင့် ရှင်ဘုရင်က သူတို့ကို မျိုးစေ့ ရိက္ခာတွေကို ထုတ်ပေးရမှာပါ။ ဒါဟာ ရှင်ဘုရင်တစ်ယောက်၊ အစိုးရတစ်ယောက် ကျင့်သုံးရမယ့် ပထမဦးဆုံးအဆင့် တစ်ခုပါ။ ဒီနည်းလမ်းကို ကျင့်သုံးခြင်းအားဖြင့် တိုင်းသား -ပြည်သူတွေဟာ လွယ်ကူစွာ လယ်ယာ စိုက်ပျိုးရေတွေကို လုပ်ကိုင်နိုင်ကာ သူတို့ရဲ့ နေ့စဉ်ဘ၀အခက်အခဲတွေကိုလည်း မပင်မပန်းဖြေရှင်းနိုင်ပါလိမ့်မယ်။
     ဒုတိယ အဆင့်  နည်းလမ်းကတော့--  လယ်ယာစိုက်ပျိုးရေးကို ကောင်းမွန်စွာ လုပ်ကိုင် ရသောကြောင့် များစွာသော ပြည်သူ- သားတွေဟာ နိုင်ငံ အတွင်းမှာ အရောင်းအ၀ယ်ကို ကောင်းစွာ လုပ်ကိုင်ပါလိမ့်မယ်။ နိုင်ငံအတွင်း ကုန်ရောင်း ကုန်ဝယ်ကို ကောင်းမွန်စွာလုပ်ကိုင်နိုင်ဖို့ အရင်းအနှီးတွေကို ထုတ်ပေးရပါလိမ့်မယ်။ အဲ့ဒီလို ထုတ်ပေးခြင်းအားဖြင့် အရောင်းအ၀ယ်၊ ကုန်သည် သမားတွေဟာ ပြည်တွင်း -ပြည်ပ နှစ်ခုလုံးမှာ အရောင်း အ၀ယ်တွေကို ပြုလုပ်နိုင်ပါတယ်။ နောက်-- အခြားသော အိမ်နီးချင်း နိုင်ငံတွေကိုလည်း မိမိနိုင်ငံထွက် ကုန်များကို တင်ပို့ပြီး။ အခြားသောနိုင်ငံထွက် ကုန်များကိုတင်သွင်းနိုင်ပါတယ်။
          တတိယအဆင့် နည်းလမ်းကတော့-- ရှင်ဘုရင်ဟာ ပြည်သူတွေနဲ့ လိုက်လျှောညီထွေမှု ရှိအောင် အုပ်ချုပ်ရပါ့မယ်။ မိမိနိုင်ငံမှာ နိုင်ငံတာဝန်၊ အစိုးရတာဝန်တွေကို ထမ်းဆောင်နေသော ပြည်သူ-သားတွေကို လုံလောက်သော လစာ၊ အစာရိက္ခာတွေကို စီမံပေးရပါမယ်။ ဒါမှသာ သူတို့ရဲ့နေ့စဉ်ဘ၀ ၀မ်းစာရေး အခက်အခဲကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ သူတို့ကို လုံလောက်သော လစာ၊ အစာရိက္ခာကို ထုတ်ပေးခြင်းအားဖြင့် နိုင်ငံဝန်းထမ်းများကလဲ တာဝန်အသီးသီးကို စည်းကမ်းနှင့်အညီ ထမ်းဆောင်ကြပါလိမ့်မယ်။ နောက်--လာဘ်စားမှုတွေကိုလဲ ရှောင်ကြဉ်ကြပါလိမ့်မယ်။
 ဒီ--ဘုရားဟော နည်းလမ်း အဆင့်သုံးသွယ်က နိုင်ငံသူ- သားတွေရဲ့ ဘ၀ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ နိုင်ငံသူ- သားတွေ တိုးတက်ဖို့ တကယ်ကို အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ဒီနည်းလမ်းအဆင့် သုံးသွယ်က အဓိကနေရာက ရှိနေပါတယ်။ ဒီနည်းလမ်းသုံးမျိုးကို လိုက်နာကျင့်သုံးပါက နိုင်ငံရေးရာ အားလုံး ကောင်းမွန် အဆင်ပြေပြီးကာ နိုင်ငံတော်ကြီးတိုးတက် လာပါလိမ့်မယ်။ အဲ့ဒီအခါမျိုး၊ အဲ့ဒီလို ရှင်ဘုရင် အစိုးရက လိုက်နာကျင့် သုံးမယ်ဆိုပါက အားလုံးသော တိုင်းသား-ပြည်သူ၊ နိုင်ငံသူ- သားတွေက သူတို့ရဲ့ တာဝန် အလုပ်တွေကို လေးလေးနက်နက် လုပ်ကိုင်ကြပါလိမ့်မယ်။ နိုင်ငံတော်ကိုလည်း နှောက်ယှက်မှုတွေ ဆူညံမှုတွေကို ပြုလုက်ကြမှာ မဟုတ်ပါဘူး။ နောက်--နိုင်ငံက အေးချမ်းနေသောကြောင့် နိုင်ငံတော် ဘဏ္ဍာရေးတွေကလဲ တိုးတက်လာပါလိမ့်မယ်။ နောက်-- တိုင်း နိုင်ငံသည်လည်း ညီညွတ်စွာနဲ့ သာယာအေးချမ်း လာပါလိမ့်မယ်။ သူခိုး-ဓားမြ-သူပုန်တွေလဲ ကင်းနေပါလိမ့်မယ်။ နိုင်ငံသူ-သားတွေ အားလုံးလည်း သူတို့ မိသားစုတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်၊ အချင်းချင်းလဲ ယုံမှား  သံသယရှင်းရှင်း၊ ဘေးကင်းစွာဖြင့် နေထိုင်နိုင်ကြပါလိမ့်မယ်။
   နောက်ဆုံး-- ပြဿနာ တွေအားလုံး၊ အခက် အခဲတွေ အားလုံး လုံးဝပြေလည် သွားပါလိမ့်မယ်။ နိုင်ငံအ၀ှမ်း ကံကြမ္မာကောင်းတွေနဲ့ အတူ ကျော်ကြားမှုတွေ ရလာပါလိမ့်မယ်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အညီ ငြိမ်းချမ်းသော တိုင်းပြည်-နိုင်ငံတစ်ခု တည်ဆောက်ဖို့ အုပ်ချုပ်သူ၊ ဘုရင်၊ အစိုးရ တစ်ယောက်ဟာ အထက်ပါ နည်းလမ်း သုံးသွယ်ကို လိုက်နာ ကျင့်သုံးရပါမယ်။ တကယ်တော့ နိုင်ငံအဖွဲ့ အစည်းတစ်ခု တိုးတက်အောင်မြင်ဖို့ နိုင်ငံရေးရော စီးပွားရေးရော ကောင်းမွန်ဖို့ လိုအပ်ပါတယ်။
       ဒါကြောင့်--နိုင်ငံတစ်ခု၊ တို်င်းပြည်တစ်ခုကို အုပ်ချုပ်၊ ခေါင်းဆောင်သော သူတွေအတွက် ဒီ ကူဋဒဏ္ဍသုတ်လာ နည်းလမ်း သုံးသွယ်က တကယ်ကို အရေးပါ၊ ပဓာနကျပါတယ်။ ဒီနည်းလမ်းသုံးခုကို လိုက်နာ ကျင့်သုံးသော နိုင်ငံ့ခေါင်းဆောင်၊ အစိုးရတွေအားလုံး ပြည်သူတွေရဲ့ ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ အားကိုး အားထားပြုခြင်း၊ ရိုသေလေးစားခြင်း၊ ချီးမွှမ်းဂုဏ်ပြုခြင်းကို ခံရပါလိမ့်မယ် ဆိုတာ ကို မြတ်ဗုဒ္ဓက ဟောကြားဆိုဆုံးမခဲ့ပါတယ်။
       အထက်ပါနည်းလမ်းသုံးသွယ်ကို မလိုက်နာ မကျင့်သုံးသော အစိုးရ ဘုရင်ကို ပြည်သူ-သားတွေက အလိုရှိမှာ မဟုတ်သလို။ သူ့အုပ်ချုပ်သော နိုင်ငံ- တိုင်းပြည်ကလည်း သာယာ အေးချမ်း၊  မဟုတ်ပါဘူး။ နောက်-- ယနေ့ မျက်မှောက် ခေတ်ကာလမှာ နိုင်ငံ- တိုင်းပြည်တွေမှာ စစ်ပွဲတွေ၊  ခိုက်ရန်ဖြစ်မှုတွေ၊ အညှင်းပွား မှုတွေ၊ ပဋိပက္ခတွေ၊ အသက် ဘ၀တွေ-  သွေးတွေ ပေးဆပ်နေ ရတယ်၊ ဖြစ်နေရ တယ်ဆိုတာ အထက်ပါ နည်းလမ်းသုံးသွယ်ကို မလိုက်နာ မကျင့်သုံး လို့ဖြစ်တယ် ဆိုတာကိုလဲ သိနိုင်ပါတယ်။
       ဒီတော့--ကမ္ဘာလောကကြီးနှင်း လူသားတွေ ငြိမ်းချမ်းသာယာလှပစေဖို့ နိုင်ငံခေါင်းဆောင်တိုင်း၊ အစိုးရတိုင်း၊ အုပ်ချုပ်သူတို်င်း အထက်ပါ နည်းလမ်းသုံးသွယ်ကို လိုက်နာကျင့်သုံးနိုင်ကြပါစေလို့----
                                                                                                    အမေ့မေတ္တာအရှင်။။

Tuesday, April 3, 2012

Ten Duties of the King! မင်းကျင့်တရားဆယ်ပါး သို့ မြတ်ဗုဒ္ဓ၏ နိုင်ငံရေးအမြင်

Ten Duties of the King!
မင်းကျင့်တရားဆယ်ပါး
သို့
မြတ်ဗုဒ္ဓ၏ နိုင်ငံရေးအမြင်
      
  မြတ်ဗုဒ္ဓက နိုင်ငံရေး၊ စစ်ပွဲနှင့်ငြိမ်းချမ်းရေး အကြောင်းတွေနဲ့ပက်သက်လို့ ရှင်းလင်း တိကျစွာ ပြောခဲ့ ဟောခဲ့ပါတယ်။ ဗုဒ္ဓဘာသာရဲ့ စကြာဝဠာ၊ ကမ္ဘာ လောကကြီးနှင့်ဆိုင်သော သဘောတရားအမြင်က အကြမ်းဖက်မှုကင်းပြီး၊ ငြိမ်းချမ်းမှု ရရှိဖို့ပါ။ နောက် အကြမ်းဖက်မှုတွေ ဘ၀အသက် ဖျက်ဆီးခြင်းတွေကိုလဲ အားမပေးခဲ့ပါဘူး။ ဗုဒ္ဓဘာသာအလိုအရ မျှတသောစစ်ပွဲ =Just War ဆိုတာ မရှိပါဘူး။ တကယ်တော့ သူတို့သုံးနေတဲ့ မျှတသော စစ်ပွဲ (Just War) ဆိုသည်မှာလဲ မှားယွင်းစွာတီထွင်ထားသော ဝေါဟာရတစ်ခုရယ်ပါ။ သူတို့ရဲ့ စိတ်ဆန္ဒတွေ ကျေနပ်မှုတွေကို ပြည့်စေဖို့ ဒီဝေါဟာရကို  ၀ါဒဖြန့်ပြီး ဒေါသတွေ၊ ရက်စက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ရက်စက်စွာ သတ်ဖြတ်မှုတွေကို ဖန်းတီးနေခြင်းရယ်ပါ။
       မျှတမှု၊ မမျှတမှု ရှိ-မရှိဆိုတာကို ဘယ်သူက ဆုံးဖြတ်မှာလဲ။ မျှတခြင်းရှိသော စစ်ပွဲ၊ မျှတမှု ကင်းသောစစ်ပွဲ ဟု ဆုံးဖြတ်သောသူကလည်း ပြောပါလိမ့်မယ်။ အင်းအားကြီးပြီး အောင်နိုင်သောသူက မျှတ=Just ဖြစ်ပြီး။ အင်အားနည်းပြီး ရှုံးနိမ့်သောသူက မမျှတ= Unjust လို့။ ဗုဒ္ဓဘာသာက ဒီအနေအထား၊ ဒီအယူအဆကို လက်မခံပါဘူး။
       မြတ်ဗုဒ္ဓက အကြမ်းဖက်မှုကင်းခြင်း၊ ငြိမ်းချမ်းမှုရှိခြင်းကို ဟောယုံသာ ဟောခဲ့သည်မဟုတ်ပါ။ ဗုဒ္ဓကိုယ်တိုင် လက်တွေ့ ဖြေရှင်းပေးခဲ့ပါတယ်။ ဘုရား လက်ထက်တော်အခါက ရောဟနီမြစ်ရေနဲ့ ပက်သက်လို့ အချင်းများ ခိုက်ရန်ဖြစ်လုနီးဖြစ်သော သကျတိုင်းသားတွေနဲ့ ကောလိယတိုင်းသားတွေ အထံကို ကိုယ်တော်တိုင်ကြွပြီး ရန်ပွဲ စစ်ပွဲကို တားမြစ်ကာ ဖြေရှင်းပေးခဲ့ပါတယ်။ နောက် ၀ဇ္ဇီတိုင်းနိုင်ငံကို တိုက်ခိုက်သိမ်းပိုက်မည် လုပ်သော အဇာတသတ်မင်းကိုလည်း တားမြစ်ခဲ့သော သာဓကတွေ ရှိခဲ့ပါသေးတယ်။
       တကယ်တော့ မြတ်ဗုဒ္ဓခေတ်အခါတုန်းကလည်း ယနေ့မျက်မှောက်ခေတ် ကာလကဲသို့ တိုင်းနိုင်ငံတွေကို မမျှမတ အုပ်ချုပ်ခဲ့သော ဘုရင် အစိုးရခေါင်းဆောင်တွေ ရှိခဲ့ပါတယ်။ အဲ့ဒီလိုအခါမျိုးမှာ တိုင်းသား ပြည်သူတွေဟာ မတရား ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေကို ခံခဲ့ရပါတယ်။ ဥပဒေနှင့်မညီသော၊ ပမာဏထက်ပိုလွန်သော အကောက်ခွန်တွေကိုလည်း တင်သွင်းခဲ့ရပါတယ်။ နောက် ရက်စက် ကြမ်းကြုတ်သော ပြစ်ဒဏ်တွေကိုလည်း ခံခဲ့ရပါတယ်။ မြတ်ဗုဒ္ဓက ဒီလူသား မဆန်သော ပြုလုပ် မှုတွေ အုပ်ချုပ်မှုတွေကို လေးလေးနက်နက် ဖယ်ရှားခဲ့ပါတယ်။
       မြတ်ဗုဒ္ဓက အစိုးရကောင်း၊ ဘုရင်းကောင်းရဲ့ ပြဿနာနဲ့ပက်သက်လို့ သူရဲ့ သဘော ဆန္ဒကိုလဲ ဖော်ပြထားပါသေးတယ်။ ဗုဒ္ဓလက်ထက်က လူမှုဆက်ဆံရေး၊ စည်းပွားရေး၊ နိုင်ငံရေးနောက်ခံ သမိုင်းတွေ အပေါ်မှာ ထားခဲ့သော ဗုဒ္ဓရဲ့ အမြင်းတွေက တကယ်ကို ကျေနပ် နှစ်သက် စရာပါ။ နောက် မြတ်ဗုဒ္ဓက အစိုးရခေါင်းဆောင်တွေ၊ ဘုရင်တွေ၊ ၀န်ကြီးတွေ၊ အုပ်ချုပ်ရေးဆိုင်ရာ အရာရှိတွေက အကျင့်ပျက်၊ စာရိတ္တတွေ ပျက်ပြားပြီး၊ မမှန်မကန်၊ မမျှမတဖြစ်သောအခါ တစ်နိုင်ငံလုံး၊ နိုင်ငံသူ-နိုင်ငံသားတွေ အားလုံးကလည်း အကျင့်တွေပျက်၊ စာရိတ္တတွေ ပျက်ပြားလာနိုင်ပုံ ဖော်ပြခဲ့ပါတယ်။ နိုင်ငံတစ်ခု၊ တိုင်းပြည်တစ်ခု ပျော်ရွှင်စေချင်တယ်ဆိုရင် မျှတမှန်ကန်သော ဘုရင်၊ အစိုးရ ရှိကိုရှိရပါမည်။
       အစိုးရကောင်း၊ ဘုရင်ကောင်း၊ ခေါင်းဆောင်းကောင်း တစ်ယောက်ဖြစ်ဖို့ ဘယ်လိုနားလည် သဘောပေါက် လို်က်နာကျင့်သုံးရမယ်ဆိုတာကို မြတ်ဗုဒ္ဓက ဇာတကမှာ မင်းကျင့်တရား ဆယ်ပါး= Ten Duties of the King (ဒသရာဇ ဓမ္မ) ကို ရှင်းပြဟောပြထားခဲ့ပါတယ်။ ယနေ့မျက်မှောက်ခေတ်မှာတော့ King=ရာဇ ဆိုတဲ့ ဝေါဟာရအစား Government လို့ပြောင်းလဲ ခေါ်ဝေါ်သင့်ပါတယ်။ ဒါကြောင့် မင်းကျင့်တရားဆယ်ပါးကို ယနေ့ မျက်မှောက်ခေတ် အစိုးရတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ ၀န်ကြီးတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဥပဒေအရာရှိတွေ၊ အုပ်ချုပ်ရေး ခေါင်းဆောင်တွေအားလုံး အသုံးပြု လိုက်နာသင့်ပါတယ်။
       မင်းကျင့်တရားဆယ်ပါး- Ten Duties of the King ဆိုသည်မှာ:
၁။ စာနာခြင်း၊ ရက်ရောကျင်နာခြင်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲ ခြင်းဟူသော ဒါနတရား ရှိရခြင်း။ နိုင်ငံ့ခေါင်းဆောင် တစ်ဦးဆိုတာ ပစ္စည်းဥစ္စာ ရွှေ ငွေရတနာတွေ အပေါ်မှာ တွယ်တာ တပ်မက်မှု  မဖြစ်သင့်၊ မဖြစ်ထိုက်ပါဘူး။ လူသားတွေကောင်းကျိုး၊ နိုင်ငံသူ- သားတွေကောင်းကျိုး (ပရဟိတ) အတွက် သူပိုင်ဆိုင်ထားသော စည်းစိမ်ဥစ္စာ၊ ရတနာတွေကို ပေးဝေသင့်၊ စွန့်ကြဲသင့်ပါတယ်။
၂။ မြင့်မားသောကိုယ်ကျင့်တရား ဟူသော သီလ (Morality) ရှိခြင်း။ နိုင်ငံကိုအုပ်ချုပ်မင်း လုပ်နေသော ခေါင်းဆောင်တစ်ဦးက အသက်တွေ၊ ဘ၀တွေကို ဘယ်တော့မှ မသတ်ဖြတ်၊ မဖျက်ဆီးသင့်ပါဘူး။ ဘယ်တော့မှ ပြည်သူ-သားတွေ၊ လူသားတွေအပေါ်မှာ မလိမ်ညာသင့်ပါဘူး။ ဘယ်တော့မှ သူတစ်ပါး၊ ပြည်သူတွေရဲ့ စည်းစိမ်ဥစ္စာရတနာတွေကို မတရားသဖြင့် ခိုးယူ၊ မသိမ်းပိုက်သင့်ပါဘူး။ အိမ်ထောင်ရေး ဖောက်ပြန်မှု၊ သူများသားသ္မီးကို မတရားသဖြင့် စော်ကားမှု၊ သိမ်းပိုက်မှုတွေကိုလဲ ဘယ်တော့မှ မကျူးလွန်သင့်ပါဘူး။ မှားယွင်းသော၊ မဟုတ်မမှန်ကန်သော စကားကိုလဲ ဘယ်တော့မှမပြောရပါဘူး။ အရက်၊ဘီယာ၊ ဘိမ်းစသော မူးယဇ်ဆေးဝါးများကိုလဲ ဘယ်တော့မှ မသောက်သင့်၊ မသုံးစွဲသင့်ပါဘူး။ ဒါကြောင့် နိုင်ငံခေါင်းဆောင် တစ်ယောက်မည်သည် အနည်းဆုံး သာမန်လူသားတွေ ကျင့်သုံးစောင့်ထိန်းနေသော ငါးပါးသီလကို ကျင့်သုံး လိုက်နာ၊ စောင့်ထိန်းရမှာပါ။
၃။ နံပါတ်သုံးစဉ်းမျဉ်းကတော့ သူတော်ကောင်း၊ သူတော်စင် ပုဂ္ဂိုလ်များအတွက် အရာရာတိုင်းကို စွန့်ခြင်းပေး ကမ်းခြင်းဆိုသော ပရိစ္စာဂ ဖြစ်ပါတယ်။ ဆိုလိုတာက ဘုရင် ၊နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဟာ လူသားတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးဖို့ ဆန္ဒတွေပြည့်စေဖို့ သူ့ရဲ့ ပုဂ္ဂလိကဆိုင်ရာ ဇိမ်ခံမှုတွေ နာမည်ကျော်ကြားမှုတွေ၊ နောက်ဆုံး သူ့ဘ၀ အသက်ကိုတောင် ပေးဆပ်ဖို့ စွန့်လွတ်ဖို့ အမြဲတမ်း ပြင်ဆင်ထားရမှာပါ။
၎။ နံပါတ်လေး မင်းကျင့်တရားမှာ… ရိုးသားဖြေင့်မတ်မှု (အဇ္ဇ၀) ရှိခြင်းပါ။ ဆိုလိုတာက နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ဆိုတာ သူရဲ့အလုပ်တာဝန်ခန့်မှု၊ ထုတ်ပယ်မှုတွေမှာ အဂတိတရား ကင်းရပါမယ်။ သူရဲ့ ရည်ရွယ်ချက်တွေက အမြဲတမ်း ရိုးသားဖြေင့်မတ် မှန်ကန် တိကျနေရမှာပါ။ နောက်..ပြည်သူတွေကိုလဲ ဘယ်တော့မှ မလှည့်စား၊ မလိမ်ညာ၊ မဖြားယောင်းရပါ။
၅။ နံပါတ်ငါးမင်းကျင့်တရားမှာ..ကြင်နာခြင်း၊ နုညံ့သိမ်မွေ့ခြင်း(မဒ္ဒ၀) ရှိရပါမယ်။
နုညံ့သိမ်မွေ့သော၊ ကြင်နာတတ်သော စရိုက်လက္ခဏာ ရှိရပါမည်။
  ၆။ နံပါတ်ခြောက် မင်းကျင့်တရားကတော့ ခြို့ခြံသော အကျင့်၊ အပြုအမူ (တပ) ရှိရပါမည်။ နိုင်ငံ့ခေါင်းဆောင် ရှင်ဘုရင်တစ်ဦးဟာ ရိုးရှင်သော ဘ၀ကို ဦးတည်နေရပါမယ်။ ကာမဂုဏ်၊ ကာမအာရုံတွေကို မလိုက်စား၊ မပျော်ပါးသင့်ပါဘူး။ မိမိကိုယ်ကို အမြဲတမ်းထိန်းချုပ်မှုရှိရပါမည်။
   ၇။ နံပါတ် ခုနစ် မင်းကျင့်တရားမှာ…အမုန်းအဃာတ အမျက်ဒေါသ၊ ရန်ငြိုးမရှိခြင်း (အက္ကောဓ) ဖြစ်ပါသည်။ နိုင်ငံ့ခေါင်းဆောင် တစ်ယောက်ဟာ တိုင်းသား ပြည်သူတွေ အပေါ်မှာ ရန်ငြိုးထားခြင်း၊ အမုန်းပွားခြင်း မရှိရပါဘူး။
       ၈။ နံပါတ် ရှစ် မင်းကျင့်တရားကတော့.. အကြမ်းဖက်မှုကင်းခြင်း (အ၀ိဟိံသ) ရှိရပါမည်။ ဆိုလိုသည်မှာ နိုင်ငံအုပ်ချုပ် မင်းလုပ် သူဟာ အသက်ပေါင်း များစွာ၊ ဘ၀ပေါင်း များစွာကို သေကြေပျက်စီးစေခြင်း၊ အကြမ်းဖက်ခြင်းကို  ဖြစ်ပေါ်စေ တတ်သော စစ်ပွဲတွေကို ရှောင်ရှား တားမြစ်ပြီး နိုင်ငံသူ-သားတွေအားလုံးကို သာယာငြိမ်းချမ်းစေရပါမည်။ မည်သူတစ်ဦးတစ်ယောက်ကိုမျှ  မထိခိုက်စေရ၊ မပျက်စီး စေရပါဘူး။
      ၉။ နံပါတ်ကိုး မင်းကျင့်တရားမှာ..ပြည်သူ-သားတွေအပေါ်မှာ သည်းခံစိတ်ရှိခြင်း၊ နားလည်မှု ပေးခြင်း (ခန္တီ) ရှိရပါမည်။ ရှင်ဘုရင်၊ အစိုးရ၊ သမ္မတ တစ်ဦးဟာ တိုင်းသား -ပြည်သူတွေရဲ့ အခက်အခဲ၊ နိုင်ငံရဲ့ အခက်အခဲတွေကို သည်းခံစိတ် မွေးနိုင်ရပါမယ်။ နောက်..ဒေါသ မထွက်ပဲ ဖြေရှင်းကိုင်တွယ်နိုင်ရပါမည်။
       ၁၀။ ဆယ်ခုမြောက် နောက်ဆုံး မင်းကျင့်တရားကတော့  ပိတ်ဆို့တားမြစ်မှု၊ ဆန့်ကျင်မှုကင်းခြင်း (အ၀ိရောဓ) ရှိရပါမည်။ ရှင်ဘုရင်၊ အစိုးရဆိုတာ ပြည်သူ-သားတွေရဲ့ ဆန္ဒကို မဆန့်ကျင်ရပါဘူး။ နောက်..လူသားတွေ၊ ပြည်သူ-သားတွေရဲ့ အကျိုးစီးပွားကို ဖြစ်စေတတ်သော လုပ်ရပ် နည်းလမ်းများကိုလည်း မတားဆီး၊ မပိတ်ဆို့ရပါဘူး။
       တနည်းပြောရမယ်ဆိုရင်..ရှင်ဘုရင်၊ အစိုးရ၊ သမ္မတဟာ ပြည်သူ-သားတွေနှင့်အတူ ညီညီညွတ်ညွတ် အုပ်ချုပ်သင့်ပါတယ်။ နိုင်ငံတစ်နိုင်၊တိုင်းပြည် တစ်ပြည်ဟာ အထက်ပါ မင်းကျင့်တရားဆယ်ပါးနှင့် အညီအုပ်ချုပ်နိုင်ပါက ပျော်ရွှင်၊ ငြိမ်းချမ်းပါလိမ့်မည့်ဆိုတာကို ပြောစရာ မလိုပါဘူး။ တကယ်တော့ ဒါဟာ စိတ်ကူးယဉ်မဟုတ်ပါဘူး။ ရှေ့အခါက အိန္ဒိယနိုင်ငံရဲ့ ဘုရင်အသောကလို မင်းကျင့်တရားဆယ်ပါးကို ရင်ဝယ်မှာထားပြီး တိုင်းပြည် နိုင်ငံတည်ထောင်ခဲ့သော ဘုရင်တွေ ရှိခဲ့ပါတယ်။
       တကယ်တော့ ယနေ့မျက်မောက်ခေတ် လူသားတွေရဲ့ ဘ၀တွေက ကြောက်ရွံ့မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက်၊ မိသားစု တစ်ခုနဲ့တစ်ခု၊ အဖွဲ့စည်းတစ်ခုနဲ့တစ်ခု၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ လူမျိုးတစ်ခုနဲ့ တစ်ခု ယုံကြည်မှု ကင်းမဲ့စွာဖြင့် နေထိုင်နေကြရပါတယ်။ အမှန်တော့.. တိုင်းပြည် နိုင်ငံတစ်ခု မငြိမ်းချမ်းဘူး၊ မတိုးတက်ဘူးဆိုတာ။ စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ အငြင်း အခုံတွေ ဖြစ်ရတယ်ဆိုတာ။ ပြည်သူနဲ့ ဘုရင်အကြား တင်းမားမှုတွေ၊ ဆန္ဒပြ မှုတွေ၊ တောင်းဆိုမှုတွေ မကြာ ခဏဖြစ်တယ်ဆိုတာ။
နောက်.. အခုလို ပြည်တွင်းမှာ ပါတီပွဲတွေ၊ နိုင်ငံရေး အတိုက်အခံတွေ၊ အုံးအုံးကြွကြွ    ဆူညံမှုတွေ ဖြစ်ပေါ်နေရ တယ်ဆိုတာ။
နောက်.. ပြည်သူတွေဆင်းရဲနေရတယ်၊ စိတ်ဆင်းရဲနေရတယ်ဆိုတာ။ အသိဥာဏ် အတွေးအခေါ်၊ ဗဟုသုတတွေ နည်းတယ်ဆိုတာ။ ခေတ်နောက်ကျ၊ သူများနောက်ကျတယ်ဆိုတာ အုပ်ချုပ်သူ ဘရင် အစိုးရက မင်းကျင့်တရားဆယ်ပါးကို မလိုက်နာ မကျင့်သုံး၊ မစောင့်ထိန်းလို့ ဖြစ်ရတာပါ။ တကယ်လို့.. တိုင်းပြည်တစ်ခု ၊ နိုင်ငံတစ်နိုင်ငံ အေးချမ်းသာယာ လှပစည်ပင်၊ တိုးတက်အောင်မြင် စေချင်တယ်ဆိုပါက မင်းကျင့်တရား ဆယ်ပါးနှင့်အညီ အုပ်ချုပ်သော ရှင်ဘုရင် အစိုးရမျိုးကိုလိုအပ်ပါတယ်။
       ထို့ထက်..လူသားတွေ၊ သတ္တ၀ါတွေအားလုံး လှပ၊ ငြိမ်းချမ်းစေချင်တယ်ဆိုပါက  မြတ်ဗုဒ္ဓဟောကြား သိင်္ဂါလောဝါဒ သုတ်လာ တရားဒေသနာများနှင့် အညီ လူသားအားလုံး နေထိုင်၊ ပြုမူ၊ ကျင့်သုံး အုပ်ချုပ်သင့်ပါကြောင်း……။
အားလုံးသောလူသားတွေနဲ့ တိုင်းပြည်တွေ အေးချမ်းသာယာရှိပါစေ!
မေတ္တာများစွာဖြင့်…..အမေ့မေတ္တာ အရှင်……