Wednesday, February 22, 2012

နှစ် လေး လုံး

 ဒီနေ့ နှစ်လေးလုံး နေ့လေးပါ။၂၂-၂-၂၀၁၂ဆိုပါတော့။ ကေလင်နိယတက္ကသိုလ်ကြီး၏ ပထမဦးဆုံးသော ခြေလှမ်းပါ။ သိပ်ကို ကြမ်းတမ်းခဲ့ပါတယ်။ လက်ချာ စသင်တဲ့နေ့ဆိုတော့ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ ဘယ်လိုများ သင်မလဲ? ဘာတွေများ သင်မလဲ? ဘယ်လောက်ကွာခြားသလဲ? ဘယ်လိုတော်ကြတာလဲ? စသည်ပေါ့။
  အမှန်တော့စဖွင့်သည့်ရက်က၂၀ ရက်နေ့ဆိုပါတော့။ သို့သော်လည်း အဲ့ဒီနေ့က တမီးလွတ်လပ်ရေးနေ့တဲ့လေ။ သူတို့ဓလေ့က အတော်လေးကို ကောင်းပါလား။ လွတ်လပ်ရေးနေ့နှင့် အညီ တကယ်ကို လွတ်လပ်ပါပေတဲ့။ အမိမြေမှာ ကြတော့---တစ်ခါတစ်လေ လွတ်လပ်ရေးနေ့မှန်းတောင် မသိလိုက်ရဘူးလေ။ ကိုက Monk ဆိုတော့။ ကိုယ့်တို့အမိမြေမှာတော့ လွတ်လပ်ရေးနေ့လဲ-တကယ်မလွတ်လပ်ပါဘူး။ သမိုင်းထဲ ထည့်ထားယုံ သက်သက်ပါပဲ။
  ၂၁ ရက်နေ့ကြပြန်တော့လဲ ဥပုသ်နေ့တဲ့လေ။ သူတို့က အထွဋ်အမြတ်ထားတဲ့နေ့တွေမှာ အကုန်းလုံး လိုလိုကို ပိတ်တာပါ။ ဘာသာရေးအတွက် ကျေးဇူးပြုနေသော အထင်ကရ ဖြစ်တဲ့ ကေလင်နိယ တက္ကသိုလ်ကြီးတောင် ပိတ်တယ်နော်။ ဒါကလဲ အမိမြေနဲ့ ကွာခြားတာပဲ မဟုတ်လား။
  ဒါကြောင့် ဒီ ၂၂ ရက်နေ့မှ စတက်ရတယ်ဆိုပါတော့။ မိုးလင်းကတဲ့က လှုပ်ရှားနေတဲ့ စိတ်တွေဟာ လက်ချာပြီးချိန်ထိ မငြိမ်ခဲ့ဘူးဆိုပါတော့။ တက္ကသိုလ်ကို ဟန်တပြင်ပြင်လုပ်နေတဲ့ ခြေလှမ်းတွေဟာ ဒီခြားထဲ မိခင် မကုဋကျောင်းတော်ကြီးဆီ ရောက်သွားသေးတယ်။ ဆွမ်းကပ်ရှိလို့လေ။ စင်္ကာပူက မြန်မာဒကာ/ဒကာမ မိသားစုတွေက ဒေါ်လာ တစ်ရာ လှမ်းလှူလိုက်လေ။ ဒီလိုကြပြန်တော့လဲ မကုဋကို အရမ်းကို ချစ်စရာကောင်းပါတယ်။ အရှင်တို့လို အလင်္ကာမြေက ပညာသင် ကိုယ်တော်လေးတွေကလဲ ဒီလို ဆွမ်းကပ်လေးရှိမှ --ဟဲဟဲ ကောင်းကောင်းဘုဉ်းပေးရတယ်ဆိုပါတော့။ ကုသိုလ်ရှင်တွေကို ကျေးဇူးတင်မဆုံး သာဓုသုံးကြိမ်ခေါ်ကာ မေတ္တာတွေ အထပ်ထပ် ပို့သလျှက်ပါ။ အဝေးမှာ ပညာသင်နေတာဆိုတော့လဲ ဒီလောာက်တော့ ဆင်းရဲခံရမှာပေါ့။
   အော်--သတိရလို့ပြောရလိုက်အုံးမယ်နော်။ နားနဲ့မနာ ဖ၀ါးနဲ့နာ ပေါ့လေ။ မိခင်မကုဋမှာလဲ ဘုဉ်းပေးလို့ကောင်းတာက --ကိုရွှေးထီးတို့ အဖွဲ့ဆိုလား-မသိ။ သူတို့အဖွဲ့အလှည့် ဆိုရင်တော့ စေတနာကလဲ ကောင်း လက်ရာကလဲကောင်း။ အကုန်ကို ကောင်းနေတာတဲ့လေ။ ဟုတ်လဲဟုတ်ပါတယ် ။ ဒီနေ့ပဲ့နမူနာပဲလေ။ အင်း--သူကြီးက ပြန်တော့မယ်ဆိုတော့ အိမ်ရှင်မ မဟုတ်တဲ့ အိမ်ရှင်ထီးကို လွမ်းရအုံးမှာပေါ့လေ။ သတိရလို့တော့ မဟုတ်ပါဘူး။ ဟင်းကောင်းကောင်းမစားရမှာ စိုးလို့ပါ။
   မကုဋမှာ ဆွမ်းစားပြီး တက္ကသိုလ်ကို လှမ်းမယ်လုပ်တုန်း သူငယ်ချင်းတွေက အဆောင်ပြောင်းတာကို လိုက်ပို့ခိုင်းလို့ လမ်းကြောင်းပြောင်းလိုက်ရတယ်ဆိုပါတော့။ အဆောင်မှာနေပြီးကျောင်းတက်ရတဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပြန်တယ်လေ။ သူတို့လေးတွေ မလွယ်ဘူး။တကယ်ကို မလွယ်တာပါ။ အဆောင်ကြေး၊ အသုံးအဆောင်ကြေး၊ စားဖို့ သောက်ဖို့ကြေးတွေနဲ့လေ။ တွေးမိပါတယ်။ အမိမြေမှာ များ ဒီလို တက္ကသိုလ်ကြီးတွေ ရှိရင် ဘယ်လောက်ကောင်းလိုက်မလဲ။ တက်ခွင့်ရမယ်ဆိုရင်လေ ။ အမိမြေက ဒေါ်လာတွေ ဘာလို့ အပြင်ကို ထုတ်ပစ်မှာလဲ မဟုတ်ဘူးလားဗျာ။
  သူတို့ဆီကမှ ကော်ဖီတစ်ခွက်သောက်ပြီး တက္ကသိုလ်ကို သွားလိုက်တယ်။ ရောက်တော့လဲ ကျေးဇူးရှင်တစ်ယောက်ဆီက Apple လေးတစ်စိပ် ၀ါးလိုက်သေးတယ်။ စေတနာကို အသိအမှတ်ပြုတဲ့သဘောပါ။
  ဒါနဲ့သူငယ်ချင်းတစ်ဦးဆီက ကျောင်းအပ်ဖို့ ဖောင်အသစ်ဝယ်ခိုင်းတာကြောင့် လက်ချာမစခင် ရုံးခန်းကို ပြေးလိုက်ရသေးတယ်။ ပြီးမှ စာသင်ခန်းကို ၀င်လိုက်ရတယ်။ မကြာလိုက်ဘူး ဆရာက တန်းတွယ်တော့တာပဲလေ။ ရီကောဒါးလေးကိုတောင် အမြန်ဖွင့်လိုက်ရတယ်။ မလွယ်ပါလား။ ဆရာကလဲ " Origin and nature of society"ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ပြောသွားတာ မြန်လိုက်တာ အတော်လေးကို နားထောင်ယူရတယ်။ တော်ပါသေးတယ်လေ။ ကိုယ်ကလဲ အမိမြေက အင်္ဂလိပ်စာလေး အတော်ပါခဲ့လို့။ ဒါလဲ ၀ါကျတစ်ရာမှ ဆယ်ကြောင်းလောက်ပဲ နားလည်မယ်ထင်ပါတယ်။ ဘယ်လွယ်မလဲလေ။ ဟိုတုန်းက လေ့လာသင်ယူခဲ့တာက By heart လေ။ ဒီမှာ ကြတော့ Research and philosophy လေ။ ဘာပဲဖြစ်ဖြစ်မေးခွန်းလေးတော့ မေးလိုက်သေးတယ်။ ဆရာကိုလေ တော်ကြာ ဘရူးမယ်တွေကို ညံ့တယ်ထင်မှာ စိုးလို့ပါ။ သိလို့ တတ်လို့ မဟုတ်ဘူး။ အမိသွေး အမိစိတ်ဓာတ်ကတော့ ရှိပါသေးတယ်လေ။
   နောက်တစ်ချိန်ကြ-" The Buddhist Vinaya and the Monastic Organization"ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဆရာအလင်္ကာဘုန်းဘုန်းကလဲ ဆော်လိုက်တာ အတော်လေး ခေါင်းနောက်သွားတယ်။ မြန်ကလဲမြန် ကုလားသံကလဲ ပါဆိုတော့လေ။ အလင်္ကာဘုန်းကြီးဆရာသာဆိုတာ ၀ိဂြိုဟ်တွေကြတော့လဲ ရတာပါလား။ ရယ်တော့ရယ်ရတယ် သွားလေးတွေကို ဖွေးနေတာပဲ။
  နောက်ဆုံးအချိန်မှာတော့--ပထမဆရာ Dr. Wasantha Priyadarsana က "Buddhist Psychotherapy " ဆိုတဲ့ခေါင်းစဉ်အောက်နေ လှော်လိုက်ပြန်ရော။ ကောင်းပါတယ် ဆရာတွေသင်တာက ကိုယ်က ကို ဥာဏ်အားနည်းတာလေ။ သူကဆို Medical Doctor နဲ့ Mental Doctor ကို နှိုင်းယှဉ်ပြသွားတယ်လေ။ ဗုဒ္ဓကို စိတ်ကို ကုသပေးသော ဆရာဝန်လို့ တင်စားသွားတာပဲလေ။ ဘာပဲဖြစ်ဖြစ် အတော်လေးတော့ အီသွားတယ် ။ ပထမခြေလှမ်းက ကြမ်းတယ်ဆိုပါတော့။ 
  မနက်ဖန်လက်ချာတွေကိုလဲ ဆက်လက် လေ့လာကြတာပေါ့လေ။

No comments:

Post a Comment