Saturday, January 26, 2013

“ကပိလ၀တ္ထုရွှေမြို့တော်သို့ “

နိဂြောဓာရုံကျောင်းတိုက်ဟောင်းနေရာ

ကပိလ၀တ်နန်းတွင်းရှိ နန်းတော်ဟောင်းနေရာ

ကပိလ၀တ်နန်းတော်တွင်းရှိ သိဒ္ဓတ္ထတောထွက်တော်မူခဲ့သော အရှေ့ဘက်မုတ်နေရာ

ကပိလ၀တ်နန်းတော်ဟောင်းသို့ သွားရာလမ်းတွင် တွေ့ရှိခဲ့ရသော ဘုရားလောင်းနောက်ဆုံးမျိုးဆက် အိမ်ဂေဟာရှေ့အမှတ်တရ

မယ်တော်မာယာသည် လုမ္ဗိနီသာမော အင်ကြင်းတောမှာ သိဒ္ဓတ္ထဘုရားလောင်းကို ဖွာင်းမြင်ပြီးနောက် ဒေ၀ဒဟသို့ ဆက်မသွားတော့ပဲ ကပိလ၀တ္ထုရွှေမြို့တော်ကြီးသို့ ပြန်လာခဲ့သည်။
        ဤဘဒ္ဒကမ္ဘာမှ ရှေးဦးစွာသော အန္တရကပ်တွင် ဖြစ်ကြသော ကမ္ဘာဦးသူလူအပေါင်းတို့၏ ဦးစွာမင်းသည် ဘုရားအလောင်းတော်ဖြစ်လေ၏။ အလောင်းတော်သူမြတ်သည် လူအပေါင်းတို့က အုပ်ချုပ်သူအဖြစ် သဘောတူဆုံးဖြတ် တင်မြှောက်ထားသောကြောင့် မဟာသမ္မတဟူသောအမည်ကိုလည်းကောင်း၊ လယ်ယာမြေတို့နှင့်ပက်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ရှိသောကြောင့် ခတ္တိယဟူသော အမည်ကိုလည်းကောင်း၊ လူအပေါင်းတို့အား ကောင်းမွန်ဖြောင့်မှန်သော မင်းကျင်းတရားဖြင့် စီရင်အုပ်ချုပ်နှစ်သက်မြတ်နိုးချစ်ကြည်စေတတ်သောကြောင့် ရာဇဟူသောအမည်ကိုလည်းကောင်း ရရှိတော်မူခဲ့ပါသည်။
        ဤဘဒ္ဒကမ္ဘာ-လူမင်းတကာတို့တွင် ဤအမည်နာမသုံးမျိုးကို ဘရားလောင်း မြတ်သာလျှင် ရှေးဦးစွာရရှိခဲ့လေသည်။ ဘုရားအလောင်းတော် မဟာသမ္မတမင်းမှစ၍ သြက္ကာကမင်းတိုင်အောင် မင်းဆက်ပေါင်း (၂၅၂၅၅၆) နှစ်သိန်း ငါးသောင်း နှစ်ထောင် ငါးရာ ငါးဆယ့် ခြောက်ဦးရှိခဲ့သည်။ နောက်ဆုံးမင်းမှာ သြက္ကာကမင်းဖြစ်လေသည်။ စကားပြောသောအခါ အာခံတွင်းမှ ၀င်းဝင်းလတ်လတ် ဥက္ကာရောင်-မီးရှူးရောင် ထွက်သောကြောင့် သြက္ကာကမင်းဟု ခေါ်ခဲ့ကြခြင်းဖြစ်သည်။ သြက္ကာကမင်းကြီးမှာ ဟတ္ထာ၊ စိတ္တာ၊ ဇန္တု၊ ဇာလိနီ၊ ၀ိသာခါဟူသော မိဖုရားငါးဦးရှိခဲ့လေသည်။      
        အကြီးဆုံးဖြစ်သော ဟတ္ထာမိဖုရားကြီးမှ သားတော်လေးပါး၊ သမီးတော်ငါးပါး ဖွားခဲ့သည်။ ဟတ္ထာမိဖုရားကြီး နတ်ရွာစံသောအခါ မင်းကြီးသည် အခြားမင်းသမီးငယ် တစ်ယောက်ကို မိဖုရားကြီးအဖြစ်တင်ကောက်လေသည်။ ထိုမိဖုရား ဇန္တုမည်သော သားတော်တစ်ပါးဖွားမြင်ခဲ့သည်။ မင်းကြီးသည် သားတော်ကို နှစ်သက်သောကြောင့် လိုရာဆုတစ်ခုကို တောင်းယူပါဟု မိဖုရားကြီးအား ပြောလေသည်။ ထိုအခါ မိဖုရားသည် သားတော်အား မင်းအဖြစ်ပေးပါဟု တောင်းလေသည်။ မင်းကြီးသည် အပြစ်ပြောကာ ငြင်းဆန်ခဲ့သည်။ မိဖုရားကထိုဆုကို အကြိမ်ကြိမ်အခါအခါ တောင်းနေသောကြောင့် မင်းကြီးသည် သားတော်ကြီးလေးပါးတို့အား ခေါ်၍အကျိုးအကြောင်းပြောပြကာ တိုင်းပြည်မှ ထွက်သွားပြီးတ္တေရှောင်နေကာ သူ့နတ်ရွာစံမှ တိုင်းပြည်ကို ပြန်လည်သိမ်းပိုက်ပါဟု မိန့်တော်မူကာ အမတ်ကြီးရှစ်ယောက်နဲ့အတူ စေလွတ်သည်။ မင်းသားများသည် မင်းသမီးများနဲ့အတူ စစ်အင်္ဂါလေးပါးခြံရံလျက် ဟိမ၀န္တာတောအုပ်သို့ ထွက်ခွါခဲ့ကြသည်။
        ထိုအချိန်က ဘုရားအလောင်းတော်သည် ဥစ္စာကြွယ်ဝသော ဗြဟ္မဏမဟာသာလအမျိုးဝင် ကပိလအမည်ရှိသော ပုဏ္ဏားဖြစ်လေသည်။ သူဌေးအဖြစ်ကိုစွန့်လွတ်ပြီး တောထွက်ရသေ့ရဟန်းပြုလျက် ဟိမ၀န္တာတောင်နံပါးတွင် သစ်ရွက်မိုးကျောင်းဆောက်လုပ်၍ နေချိန်ဖြစ်သည်။ ကပိလရသေ့သည် ဘူမိဇာလခေါ် မြေကြန်အင်္ဂါကို သိသောအတတ်ကို ကျွမ်းကျင်သူဖြစ်သည်။
        ဥက္ကာမုခ စသောမင်းသားတို့သည် ကပိလရသေ့၏ ညွန်ကြားချက်အတိုင်း ဤဟိမ၀န္တာအရပ်တွင် မြို့နန်းတည်ဆောက်ကာ ကပိလ၀တ္ထုဟု အမည်ပေးခဲ့သည်။ မင်းသားတို့သည် အသက်ရွယ်ရလာသောအခါ အမျိုးကိုထိန်းသိမ်းသောအားဖြင့် အကြီးဆုံးဖြစ်သော ပိယာမင်းသမီးကို အမိအရာမှာထား၍ မောင်နှမအချင်းချင်း ထိမ်းမြားမင်္ဂလာပြုလျက် နေထိုင်ခဲ့ကြသည်။ ထိုအကြောင်းကို ခမည်းတော်မင်းကြီး
ကြားသိသောအခါ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး မှူးမတ်ဆွေမျိုး ပရိသတ်အလည်မှာ “သကျာ ၀တ ဘော ကုမာရာ- အို အချင်းတို့ ငါ၏ သားတော်, သမီးတော်တို့သည် စွမ်းနိုင်ကြပေတကား။ ပရမာ သကျာ ၀တ ဘော ကုမာရာ- အို အချင်းတို့ ငါး၏ သားတော်သမီးတော်တို့သည် လွန်ကဲမြင့်မြတ်သည်ဖြစ်၍ စွမ်းနိုင်ကြပေစွတကား” ဟူ၍ချီးကျူးစကားကျူးရင့်တော်မူလေသည်။
        ထို သကျာ ၀တ= စွမ်းနိုင်ကြပါပေစွတကား ဟူသော သြက္ကာကမင်းကြီး၏ ချီးကျူးစကားကိုအကြောင်းပြု၍ ဥက္ကာမုခစသော မင်းသားမင်းသမီးတို့မှ ဖွားမြင်ဆင်းသက်လာသော မင်းမျိုးအဆက်ဆက်တို့ကို သကျ-သာကိယ-သာကီဝင်-သာကီမျိုး+သာကီနွယ်ဟု ခေါ်ဝေါ်ထင်းရှားခဲ့ခြင်းဖြစ်သည်။
        နောက်.. မင်းသားတို့သည် အလောင်းတော်ကပိလအရှင်ရသေ့၏ နေရာကျွန်းတောကြီးအတွင်းမှာ မြို့နန်းသစ်တည်ထောင်ပြီး ကြီးပွားချမ်းသာခြင်းသို့ ရောက်အောင် နေထိုင်ကြသူများဖြစ်သောကြောင့် “ သာက-ကျွန်းပင်ဟူသောအနက်မှ သာကိယ-ကျွန်းတော်၌ နေထိုင်သူ” ဟူသောအဓိပ္ပါယ်ဖြင့် သာကီဝင်+သာကီမျိုးဟု အမည်ရရှိခဲ့ခြင်းဖြစ်သည်။
        ကပိလ၀တ္ထုနန်းတော်ကြီးတွင် နေထိုင်အုပ်ချုပ်ခဲ့သော မင်းဆက်အပေါင်းကား ဥက္ကာမုခမင်းမှစ၍ သားစဉ်မြေးဆက် မင်းအဆက်ဆက်-ဘုရားအလောင်းတော် ခမည်းတော်မင်းကြီးတိုင်အောင် မင်းဆက်အပေါင်း ရှစ်သောင်း နှစ်ထောင် တစ်ဆယ့်နှစ်ပါး-၈၂၀၁၂ ရှိခဲ့သည်။
        ယခုအခါ ကပိလ၀တ်နန်းတော်နေရာသည် လုမ္ဗိနီဥယာဉ်၏ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ တောလိဟ၀ါ- Tauli-hawa မြို့၏ မြောက်ဘက် တိလောရကုတ်- Tilaurakot အရပ်တွင် တည်ရှိသည်။ နန်းမြို့ရိုးတံတိုင်းနှင့် အနောက်ဘက်ဝင်ဂိတ်နေရာ၊ တောထွက်တော်မူခဲ့ရာ အရှေ့ဘက်ဂိတ်တံခါးနေရာ၊ အလည်တွင် နန်းဆောင်တစ်ခု အုတ်မြစ်ရိုးနေရာများကို တွေ့ရှိခဲ့ပါသည်။
        နောက်.. နန်းမြို့ရိုး၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်တွင် မယ်တော်မာယာ၏ အရိုးအိုးဂူနှင့် သုဒ္ဓေါဒနမင်းကြီး၏ ဓာတ်တော်စေတီတို့ကိုလည်း တွေ့ရှိခဲ့ပါသည်။ နန်းတော်၏ အရှေ့ဘက်ဂိတ်တံခါးအနီးတွင် အလောင်းတော်တောထွက်စဉ်က နန်းတော်ကိုပြန်လှည့်ကြည့်လိုစိတ် ဖြစ်ပေါ်လာသောကြောင့် ကဏ္ဍကမြင်းကို ရပ်တန့်ရာအရပ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟ အဆိုရှိသော စေတီကုန်း ကမုတစ်ခုကိုလည်း တွေ့ရှိခဲ့ပါသည်။
        နောက်.. တောလိဟ၀ါမြို့၏ အရှေ့မြောက်ဘက်သုံးမိုင်ခန့်အကွာတွင် လဲကျနေသော ကျောက်တိုင်တစ်ခုရှိပြီး ယင်းနေရာကို ကောဏာဂမနဘုရားရှင် ဖွားတော်မူရာဌာနဟု ခေါ်တွင်ပါသည်။ တောလိဟ၀ါမြို့၏ အနောက်ဘက် နှစ်မိုင်ခွဲခန့်အရပ်တွင် ထိပ်ပိုင်းပြတ်နေသော ကျောက်တိုင်းအကျိုးတစ်ခုတည်ရှိပြီး ယင်းနေရာကို ကကုသန္ဓဘုရားရှင် ဖွားတော်မူရာဌာနဟု အဆိုရှိပါသည်။ သို့သော်လည်း ထိုဘုရားရှင်တို့သည် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သောကြောင့် အတိကျပြောဆိုနိုင်ဖို့ ခဲယဉ်းနေသည်သာ။
(အမေ့မေတ္တာအရှင်-ခေတ္တ-နီပေါ)

အမေ့သို့တမ်းချင်း....

အမေ...အမေ့သားမောင်ပဉ္ဇင်းက
အခု ရှင်တော်မြတ်ဗုဒ္ဓ မွေးဖွားတော်မူခဲ့တဲ့ နေရာ၊
ဒုက္ကရစရိယာ ကျင့်တော်မူခဲ့တဲ့နေရာ
ဘုရားဖြစ်တော်မူခဲ့တဲ့နေရာ၊
ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့တဲ့နေရာတွေရှိတဲ့ မစ္ဇျိမဒေသ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေကို ရောက်နေပါတယ်...အမေ့။
အမေ့သာရှိနေသေးရင် အမေ့ ဂုဏ်ယူနေမယ်ဆိုတာ
သား သိပါတယ်..အမေ့။
အမေ့ကို ပြောပြရအုံးမယ်..အမေ့၊
သားတို့ ရှင်တော်မြတ်ဗုဒ္ဓက၊
မဟာသက္ကရာဇ်-၆၈ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊
လုမ္ဗိနီသာမော အင်ကြင်းတောကြီးမှာ မယ်တော်မာယာက မွေးဖွားတော်မူခဲ့တာပါ။
သားက..ခရစ်သက္ကရာဇ် ၁၉၈၁၊ ဒီဇင်ဘာ-၁၅ရက်၊ စနေနေ့၊
လယ်တောတွေပေါတဲ့ ၀က်လက်နယ်က တောရွာလေးမှာ အမေ မွေးခဲ့တာပါ။
ဒါပေမဲ့ သားဒီတောရွာလေးကို ချစ်ပါတယ်..အမေ။
သြော်..အမေ! သိဒ္ဓတ္ထ ဘုရားလောင်းက ကြီးကျယ်ခန်းနားတဲ့ နန်းတော်ကြီးမှာ ဖွားခဲ့တာပါ။
သားက..ဓနိမိုး၊ ထရံကာ အိမ်စုပ်လေးမှာ အမေ မွေးခဲ့တာပါ။
ဒါပေမဲ့ သား နွေးထွေးခဲ့ပါတယ်....အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက ဖွားဖွားခြင်း ခြေ ၇လှမ်း ကြာပန်းပေါ်မှာ လှမ်းခဲ့ပါတယ်။
သားကတော့ အမေသိပ်တဲ့ ဖျာပန်းပေါ်မှာ ငိုရီနေခဲ့ပါတယ်။
ဒါပေမဲ့...သား မမောခဲ့ပါဘူး..အမေ။
မယ်တော်မာယာက ဘုရားလောင်း သိဒ္ဓတ္ထကို မွေးဖွားပြီး ၇ ရက်အကြာမှာ နတ်ရွာစံခဲ့ပါတယ်။
အမေ့ကတော့ သားကို မွေးဖွားပြီး ၂၁ နှစ်ကြာမှ ဘ၀သစ်ကို ကူးခဲ့တာပါ။
ဒါပေမဲ့...သား အမေခေါ်လို့ မ၀-အားမရခဲ့ပါဘူး..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက မင်းသားအဖြစ် ထင်ပေါ်ခမ်းနားခဲ့ပါတယ်။
သားက..နွားကျောင်းသားအဖြစ် ဆင်းရဲခဲ့ပါတယ်။
ဒါပေမဲ့....သား အားမငယ်ခဲ့ပါဘူး..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက ငယ်ငယ်ရွယ်ရွယ်နဲ့ အဌာရသ ၁၈ ရပ်ကို စုံအောင် သင်ယူတတ်မြောက်ပြီး ၁၆ နှစ်မှာ ချောမောလှပတဲ့ ဖွားဖက်တော်လေး ယသောဓရာ မင်းသမီးလေးနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။
သားက..အရွယ်နှောင်းမှ ဘာသာရေးစာပေတွေ သင်ယူခဲ့ပြီး ကိုရင်ဘ၀၊ ရဟန်းဘ၀ကို ရရှိခဲ့တာပါ။
ဒါပေမဲ့..သားဘ၀ မခါးခဲ့ပါဘူး လှပခဲ့ပါတယ်..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက ဘုရင်အဖြစ်နဲ့ ကပိလ၀တ်ထီးနန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
သားက..ရဟန်းအသွင်နဲ့ သာသနာ့ဘောင်ကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့..သား သာသနာ့ဘောင်ကို တန်ဖိုးထား မြတ်နိုးပါတယ်..အမေ။
ဘုရားလောင်းသိဒ္ဓတ္ထက သက်တော်၂၉မှာ သားရာဟုလာကို မွေးဖွားခဲ့ပါတယ်။
သားက...တပည့်တပန်းတွေ များစွာ မွေးခဲ့ပါတယ်။
ဒါပေမဲ့ ..သား အေးချမ်းခဲ့ပါတယ်..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက သက်တော် ၂၉ မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်ပြီး သံဝေဂရကာ တောထွက်ခဲ့ပါတယ်။
သားက..အခုချိန်ထိ နိမိတ်ကြီးလေးပါးကို မြင်နေရပေမဲ့ သံဝေဂ မရနိုင်သေးပါဘူး။
ဒါပေမဲ့ သား..ကြိုးစားနေဆဲပါ..အမေ။
ဘုရားလောင်းသိဒ္ဓတ္ထက တောကြီးမှာ ဝေနေယျများစွာအတွက် ဒုက္ကရစရိယ အကျင့်ကို ၆ နှစ်ကြာကြာ ကျင့်ခဲ့ပါတယ်။
သားက...သာသနာ့ဘောင်မှာ ရဟန်းအသွင်နဲ့ နေပြီး ဒီအသက်အရွယ်တိုင်အောင် ကိုယ့်အတွက်ပဲ အားထုတ်နေဆဲပါ။
ဒါပေမဲ့..သား အများအတွက် ပေးဆပ်ဖို့ကိုလဲ ရ့ည်မှန်းချက်တွေ ရှိနေပါတယ်..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက ၃၅ မှာ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။
သားက...အခုချိန်ထိ ဘာတရားထူးမှ မရသေးပါဘူး။
ဒါပေမဲ့..သား ကြိုးစားနေဆဲပါ..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက လေးဆယ့်ငါးနှစ်ကြာ တရားဓမ္မတွေကို ဝေနေယျများစွာအား ဟောကြားပေးခဲ့ပါတယ်။
သားက..၃၁ နှစ်ကြာ အတတ်ပညာ အသိပညာတွေကို သင်ကြားနေဆဲပါ။
ဒါပေမဲ့..သား တတ်သိသလောက် ပြန်လည် ချပြနေပါတယ်..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက နောက်ဆုံး မိခင်ကျေးဇူးကို ဓမ္မရေအေးဖြင့် အကျေဆပ်နိုင်ခဲ့ပါတယ်။
သားက..အမေ့ကျေးဇူးကို ဓမ္မဖြင့် မဆပ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ သား..လောကီနည်းဖြင့်တော့ အမေ့ကျေးဇူးတွေကို သားစွမ်းအားရှိသမျှ ပေးဆပ်ခဲ့ပါတယ်။
အမေ့နို့နှစ်လုံးဖိုး မကျေခဲ့ရင်တောင် အမေ့နို့တစ်စက်ဖိုးတော့ ကျေမယ်လို့တော့ သား ယုံကြည်ပါတယ်။
သို့သော်..သား..အားရမှု ကျေနပ်မှုတော့ မရှိခဲ့ မရခဲ့ပါဘူး..အမေ။
အခုလဲ ထပ်ပြီး အမေ့ မရှိတော့ပေမဲ့ အမေ့ကျေးဇူးတွေကို အမေ့နေ့လေးမှာ
ရေးစပ်သီကုံးလို့ အင်တာနက်မျက်နှာပြင်ထက်မှာ သား ဖေါ်ကြူးလိုက်ပါတယ်..အမေ။
(ဘာပဲဖြစ်ဖြစ် သား ကျေနပ်ပါတယ်..အမေ)
သားသမီးများအားလုံး၊ အမေအဖေရှိသူများ အားလုံး မိဘကျေးဇူးကို နားလည်တန်ဖိုးထားပြီး ပြန်လည်ပြုစုလုပ်ကျွေး ပေးဆပ်နိုင်ပါစေလို့..အမေ့မေတ္တာအရှင်-ခေတ္တ-Chidanbaram)

Saturday, January 19, 2013

"လူ့ဘ၀ဆိုတာ သူတို့အတွက်တော့"

ဘ၀၀မ်းစာအတွက် အဖြေခက်နေသူများ..

မဂဓကျောင်းသာ သူငယ်ချင်းတစ်ပါးက သကြားလုံးဝေနေပုံ

သူတို့လေးတွေကို စာနာမိပါသည်....

သူငယ်ချင်းဖြစ်သူ မောင်ပဏ္ဍိဦးဆောင်၍ မဂဓကျောင်းသားများနဲ့အတူ ဂယာမြို့ရှိ ဥရုဝေလတောအုပ်- ဒုက္ကရစရိယတောင်သို့ သွားရောက် လေ့လာကြည့်ရှု ဖူးမြော်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဒုက္ကရ စရိယတောင်ဆိုသည်မှာ ဘုရာလောင်း သိဒ္ဓတ္ထ သဗ္ဗညုတဥာဏ်ရှိပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဖြစ်တော်မူဖို့ ခြောက်နှစ်ကြာ တရားဓမ္မများကို မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် ကျင့်ကြံတော်မူခဲ့သော နေရာမြတ် တစ်ခုဖြစ်ပါသည်။

ဒီတောင်တော်မြတ်သို့ ကားဖြင့်သွားရောက် လေ့လာခဲ့ကြပါသည်။ စာရေးသူအရှင်တို့ နေထိုင်တည်းခိုရာ ကျောင်းသားကျောင်းတော်ကြီးကနေ လေးဆယ့် ငါးမိနစ်ခန့်လောက်စီးရပါသည်။ တောင်အောက်ခြေမှာ ဈေးဆိုင် သေးသေး လေးများရှိသလို တောင်ပေါ်ကိုတက်ဖို့ အထမ်းသမားများ များစွာကလဲ နေရာယူ စောင့်နေလျှက်ပါ။
ထို့အပြင် ဓာတ်ပုံတွင်မြင်ရသည့်အတိုင်း အိန္ဒိယလူမျိုး-ဆင်းရဲနွမ်းပါးသူများကလဲ ၀မ်းတစ်ထွာအတွက် ပုံစံအမျိုးမျိုးဖြင့် ဘုရားဖူးလာ ရွှေဧည့်သည်များအထံမှ အစားအစာ၊ ငွေအသပြာများ တောင်းခံနေကြသည်ကိုလဲ တွေ့မြင်ရမှာဖြစ်ပါသည်။ အဖိုး-အဘွား၊ အဖေ-အမေ၊ အစ်ကို-အစ်မ၊ ညီ-ညီမ၊ ကလေး-လူကြီး အစုံပါပဲ။

သူတို့ကိုကြည့်ပြီး အမိမြန်မာပြည်က မိမိလူမျိုးတွေ သိပ်ဆင်းရဲတာပဲ၊ ကံဆိုး လိုက်တာလို့ တွေးခဲ့တဲ့အတွေးလေးတွေ၊ စိတ်သောက၀မ်းနည်းမှုလေးတွေဟာ ဘာမှ မပြောလောက်ဘူးဖြစ်သွားတယ်။ ဒီတော့မှ သြော်.. အမိမြန်မာပြည်က တို့လူမျိုးတွေက တော်သေးတာပါလားလို့ စိတ်သက်သာရာလေးလဲ ရမိပါတယ်။ သူတို့တစ်တွေ အတော်လေးကို ဆင်းရဲကြတာပါ။ လူဦးရေကလဲ အတော်လေးကိုများပြားလွန်းပါတယ်။ ဘာကြောင့်များ သူတို့အစိုးရက ဖြေရှင်းမပေး နိုင်တာလဲလို့တောင် မဆီမဆိုင် တွေးမိလိုက်သေးတယ်။ ဒီတစ်နေရာတည်း မဟုတ်ပါဘူး ဘုရားဖူးတွေ စည်းကားတဲ့နေရာတိုင်းလိုလိုမှာ ဆင်းရဲပြီးတောင်းစား နေသူတွေ အတော်လေး ကိုများပြားလှပါတယ်။

တကယ်တော့ လူ့ဘ၀ဆိုတာ တိုတိုလေးပဲ မဟုတ်ပါလား။ တိုတိုလေးနေရတဲ့ အချိန်လေးမှာတောင် သိပ်ဆင်းရဲလွန်းနေပြန်တော့ လူ့ဘ၀ဆိုတာ ဘာပါလို့တောင် သိလိုက်ရမယ် မထင်ဘူး။ လူ့ဘ၀ဆိုတာ ရဖို့် သိပ်ခက်ခဲပါတယ်။ ရလာပြန်တော့လဲ စားရမဲ့၊ ၀တ်ရမဲ့၊ သောက်ရမဲ့၊ နေရမဲ့ ဘ၀မျိုးဆိုပြန်တော့ လူ့ဘ၀ဆိုတာ ဘာများ အဓိပ္ပါယ် ရှိဦးမှာလဲ။ သူတို့အတွက်တော့ လူ့ဘ၀ဆိုတာ ဘာမှ မဟုတ်သလိုပါပဲ။

လူ့ဘ၀-လူ့ဘုံဆိုတာ အလယ်အလတ်ဘုံဌာနကြီးတစ်ခုပါ။ အထက်ကို တက်မလား၊ အောက်ကိုဆင်းမလား။ ကြိုက်တာကိုရွေးလို့ရပါတယ်။ နောက်ပြီး လူတွေဆိုတာလဲ ကိုယ့်ထက်သာတဲ့လူလဲ ရှိတယ်။ ကိုယ့်ထက် နိမ့်ကျတဲ့လူလဲ ရှိတယ်။ ကိုယ်က အလယ်ကပါ။ ဘာများ မာနကြီးစရာ၊ မောက်မာနေစရာ၊ ၀မ်းနည်းစရာ၊ အားငယ် စရာတွေ ရှိဦးမှာလဲ။ ကိုယ်ကချမ်းသာနေလို့လဲ မာနကြီးစရာ၊ မောက်မာနေစရာ မလိုသလို၊ ကိုယ်က ဆင်းရဲနေလို့လဲ ဘာများ ၀မ်းနည်မျက်ရည်ကျနေရမှာလဲ။ လူ့ဘ၀ဆိုတာ အားငယ်စရာ မဟုတ်ပါဘူး။ အထက်ကိုတက်ဖို့ လှေခါးထစ်တွေများစွာ ရှိနေတာပဲ။ ကိုယ့်ဘက်က မှန်မှန်လေး လှမ်းနေဖို့ပဲလိုပါတယ်။

အခုကြည့်လေ… အရှင်လဲ တစ်ချိန်က အမိမြေမှာ နေစဉ်က ကိုယ်တိုင်းပြည်ကလူတွေ သိပ်ဆင်းရဲတာပဲဆိုပြီး မိမိကိုယ်ကို အားမရသလို နိုင်ငံခေါင်းဆောင်တွေအပေါ်ကိုလဲ စိတ်တိုမိတယ် မဟုတ်ပါလား။ အခုလို..အိန္ဒိယဘက်ကို သီဟိုဠ်ကနေ အလည်အပတ် ရောက်လာတော့မှ မျက်မြင်ကိုယ်တွေ့ အိန္ဒယတိုင်းသားတွေ့ရဲ့ ဘ၀အခြေအနေကို တွေ့မြင်ခဲ့ရပါတယ်။
သီရိလင်္ကာမှာတော့ ဆင်းရဲတဲ့သူတွေ၊ အခုလိုတောင်းစားတဲ့သူတွေ ရှိတယ်ဆိုသော်လဲ အိန္ဒယလောက်တော့ မဆိုးပါဘူး။ သို့သော် အိန္ဒိယက နိုင်ငံကြီးပြီး လူဦးရေလဲ သိပ်သည်းထူထပ်များပြားတာတော့ အမှန်ပါပဲ။

 ဘာပဲဖြစ်ဖြစ်လေ မြန်မာပြည်သူတွေ အနေနဲ့ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ စိတ်ဓာတ်မကျဖို့၊ ပုံမှန် လှော်ခတ်နေဖို့ လိုအပ်ပါတယ်။
တကယ်တော့ လူသားတိုင်း ရည်ရွယ်ရာပန်းတိုင်ဆိုတာ ရှိကြတာပါပဲ။ မိမိတို့ ရည်ရွယ်ရာ ပန်းတိုင်ကို အသက်ရှင်သန်နေသမျှ ရယူပိုင်ဆိုင်ခွင့်ရှိကြပါတယ်။ သို့သော် ပုံမှန်ချီတက်နေမှုတော့ ရှိရမှာပါ။ ရည်ရွယ်ရာပန်းတိုင်ကတော့ အမျိုးမျိုး ကွဲပြား နေမှာပါ။ တစ်ချို့က လက်ရှိဘ၀ပစ္စုပ္ပန်အတွက်ပဲ ရည်ရွယ်ထား ကြတာပါ။ တစ်ချို့ ကတော့ အနာဂတ်သံသရာထိ ရည်ရွယ်ထားကြတာပါ။
ဒီတော့ မိမိတို့ရည်ရွယ်ပန်းတိုင်ကို စွဲစွဲရှိရှိနဲ့ လှပစွာ၊ အေးချမ်းစွာ ရယူ ပိုင်ဆိုင်နိုင်ဖို့အတွက် ဆင်းရဲချမ်းသာမရွေး လူမျိုး ဘာသာမရွေး ပုံမှန်လှော်ခတ်ကြိုးစား ချီတက်ကြရမှာပါ။ ဆင်းရဲနေလို့ ၀မ်းနည်းငိုကြွေး နေစရာမ လိုသလို ချမ်းသာနေလို့လဲ မောက်မာ ၀င့်ကြွားနေစရာ မလိုပါဘူး။ အားလုံးဟာ လူသား တွေပါပဲ။ အားလုံးတန်းတူ အခွင့်အရေးရှိနေပါတယ်၊ မွေးဖွားပြီး သေကြရမှာပဲလေ။ ဒါက စစ်မှန်တဲ့ သဘာဝတရား တစ်ခုပါပဲ။
ကဲ..အားလုံး လိုအင်ဆန္ဒတွေပြည့်ဝပြီး ပျော်ရွှင်ချမ်းမြေ့ နိုင်ပါစေလို့။ အမေ့မေတ္တာအရှင်..

“မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေ မွေးရပ်မြေသို့ တစ်ခေါက်”

ုလုမ္ဗနီသာမောအင်ကြင်းတောရှိ မယ်တော်မာယာအိမ်

ုလုမ္ဗနီသာမော အင်ကြင်းတောရှိ အသောကကျောက်တိုင်

ဘုရားလောင်းဖွားတော်မူစဉ်က လှမ်းကြွခဲ့သော ခြေလှမ်း ၇လမ်းအထိမ်းမှတ်စေတီပုံစံများ

ရှင်တော်မြတ်ဗုဒ္ဓ၏ မွေးရပ်မြေဆိုသည်ကား သိဒ္ဓတ္ထ (ဘုရားလောင်း) ကို ဖွားမြင်ခဲ့သော လုမ္ဗနီသာမော အင်ကြင်းတောနှင့် သိဒ္ဓတ္ထကြီးပြင်းခဲ့သော ကပိလ၀တ္ထုရွှေမြို့တော်ကြီးကို ဆိုလိုပါသည်။ ထိုလ္ဗိုနီသာမော အင်းကြင်းတောကြီးနှင့် ကပိလ၀တ္ထု ရွှေမြို့တော်ကြီးကား အိန္ဒိယနိုင်ငံကြီးနဲ့ ကပ်လျက် တံတိုင်းနှစ်ခုသာ ခြားသော နီပေါနိုင်ငံအတွင်းမှာ တည်ရှိနေပါသည်။ တကယ်ကို အိမ်နီးချင်းနိုင်ငံတစ်ခုဟု ဆိုရမှာပါ။
        ရှင်တော်မြတ်ဗုဒ္ဓ ဖွားမြင်ခဲ့တော်မူသော လုမ္ဗနီသာမော အင်ကြင်းတော်ကြီးကို ရောက်ဖို့ တံခါးမရှိ တံတိုင်းမရှိ လွယ်လွယ်လေးတော့ မရောက်နိုင်ပါဘူး။ စာရေးသူ အရှင်တို့သည် ထိုအင်ကြင်းတောကြီးဆီသို့ ကုသိနာဂရ-ကုသိနာရုံကနေ ကားလေးဖြင့် သွားရောက်ခဲ့ကြပါသည်။ ကုသိနာရုံဆိုတာ ဗုဒ္ဓစာပေသမိုင်းမှာ ကုသိနာရုံ-မလ္လာမင်းတို့၏ အင်ကြင်းတောကြီးဟု ထင်ရှားခေါ်ဆိုခဲ့ကြပါသည်။
        ထို ကုသိနာဂရ-မလ္လာမင်းတို့၏ အင်ကြင်းတောမှာ ရှင်တော်မြတ်ဗုဒ္ဓ မဟာပရိနိဗ္ဗာန်ဝင်စံခဲ့သည်ပင် ဖြစ်ပါသည်။ စာရေးသူအရှင်တို့သည် “ ဖွား၊ ပွင့်၊ ဟော၊ စံ” ဆိုသည့်အတိုင်း အစဉ်အတိုင်းတော့ မဖြစ်ခဲ့ပါဘူး။ ခရီးစဉ်အရ ရှင်တော်မြတ်ဗုဒ္ဓ မဟာပရိနိဗ္ဗာန် ၀င်စံခဲ့တော်မူသော ကုသိနာရုံ-အင်ကြင်းတောကြီးကနေ ရှင်တော်မြတ်ဗုဒ္ဓ (သိဒ္ဓတ္ထ) မွေးဖွားတော်မူခဲ့သော လ္ဗိုနီသာမော အင်ကြင်းတော-မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေ မွေးရပ်မြေကို ထွက်ခွါလာခဲ့ခြင်း ဖြစ်ပါသည်။
        ကုသိနာရုံကနေ လုမ္ဗနီသာမော အင်ကြင်းတော-နီပေါသို့ မနက် ၇ နာရီမှ စထွက်ခွါခဲ့ကြပါသည်။ အတော်လေးတော့ ဝေးပါသည်။ မနက် ၁၀ နာရီဝန်းကျင်လောက် စွန်နောလီ-မြန်မာကျောင်းသို့ ရောက်ရှိခဲ့ကြပါသည်။ ထိုကျောင်းတော်ကြီးသို့ ခေတ္တခဏ ၀င်နားက နေ့ဆွမ်းဘုဉ်းပေးကြပါသည်။ ထိုကျောင်းဆရာတော်ကား ရခိုင်တိုင်းရင်းသားတစ်ပါးဖြစ်သော်လည်း သဘောမနော ကောင်းပါသည်။ ပွင့်လင်းပြတ်သားမှုလည်း ရှိပါသည်။
        နေ့ဆွမ်းကိုကား ကုသိနာရုံမြန်မာကျောင်းတော်ကြီးကနေ အသင့်ယူလာသော ဆွမ်း-ဟင်းဖြင့် ဘုဉ်းပေးပြီး စွန်နောလိဆရာတော်နဲ့ နုတ်ဆက်စကားပြောကာ နီပေါသို့ ဆက်လက်ထွက်ခွါခဲ့ကြပါသည်။ စွန်နောလိဆရာတော်မှာလိုက်သော စကားများကား အိန္ဒိယ-Immigration Gateသို့ ရောက်သောအခါ မျက်မြင်ကိုယ်တွေ့ သိလိုက်ရပေသည်။
        ဆရာတော်ကား “အင်း.. ဦးဇင်းတို့ရေ အခုအိန္ဒိယ ဂိတ်က အရင်ကလိုတော့ မဟုတ်တော့ဘူး။ အားလုံးပြောင်းလဲကုန်ပြီ၊ အရင်ကတော့ မဂဓကျောင်းသားတွေ လို့ပြောပြီး လ္ဘက်ရည်ဖိုးလေး ဘာလေးပေးလိုက်ရင် ရတယ်။ အခုတော့ မရတော့ဘူး။ ဦးဇင်းတို့ Passport ပါတယ်မဟုတ်လား၊ အဆင်ပြေအောင်တော့ ပြောရမှာပေါ့” တဲ့။
        တကယ်ပါပဲ…ဟိုရောက်တော့ မင်းတို့ ထောက်ခံစာတွေ ဘာတွေ မပါလို့မရဘူး ဘာညာပေါ့။ ဒီကလဲ ကိုယ်တတ်သလောက်တော့ ပြောပြတယ် မရဘူး။ တတ်သလောက်ဆိုပေမဲ့ ဂိတ်ကလူတွေထက်တော့ သာအောင်ပြောခဲ့လိုက်နိုင်တယ် ထင်တာပဲ။ နောက်ဆုံးတော့…ဒါဆိုလဲ မင်းတို့အဆင်ပြေအောင်တော့ လုပ်ပေးကွာ၊ ငါတို့ကလဲ မင်းတို့အလိုကို လိုက်လျှောပါမယ်လို့ပြောလိုက်တော့မှ ဒါဆို တစ်ယောက်ကို တစ်ထောင် သုံးထောင်ပေးတဲ့။ သုံးယောက်စာအတွက်တောင်းတယ်။ သူငယ်ချင်းကလဲ များတယ်၊ နှစ်ထောင်လောက်ပြောလိုက်ကွာဆိုလို့ ပြောလိုက်တယ်။ တစ်ယောက်ကို ၅၀၀ပေါ့လေ။ (လာတာက လေးယာက်ကိုဗျာ။ ကိုယ်ကတော့ Tourist Visa ဆိုတော့ ပြဿနာ မရှိဘူးဆိုပါတော့။ သူငယ်ချင်းတွေက မဂဓကျောင်းသားတွေလေ စာရေးသူကို လိုက်ပို့ကြတာလေ။) နောက်ဆုံးတော့..၂၂၀၀ နဲ့အဆုံးသတ်သွားတယ်။ ဒီတော့မှ သူတို့ကိုယ်တိုင် ဒီပါချာဖောင်တွေဖြည့်ပေးပြီး လက်မှတ်ထုပေးလိုက်တာလေ။ “သူတို့လဲ လည်လာကြပြီ၊ ငွေရမှန်းသိတော့ တောင်းတတ်၊ ရစ်တတ်လာပြီ” လို့ သူငယ်ချင်းတွေကို ပြောမိလိုက်တယ်။
        မကြာဘူး…ငါးမိနစ်လောက် နေတော့ ဟိုဘက် နီပေါ့ဂိတ်ကိုရောက်ပါလေရော။ နီပေါဂိတ်ကိုဝင်ပြီ Arrival Visa အတွက် ဖောင်ဖြည့်ရတယ်။ လေးယောက်စာဆိုတော့ နည်းနည်းလေးကြာနေတယ်ဆိုပါတော့။ ဖြေနေစဉ်မှာပဲ ဂိတ်က လူတစ်ယောက်လာပြီး ဖြည့်ပုံနမူနာရေးပြတယ်။ သူကပြောသေးတယ်။ မင်းတို့ငွေပေးလိုက်ရင် အကုန်လုပ်ပေးတယ်တဲ့။ အော်…ဒီလိုလား။ ငါတို့က မသိဘူးကွာ။ သိလိုရှိရင်တော့ ဟုတ်တာပေါ့လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ပဲ သူကိုကူဖြည့်ခိုင်းပြီး ပတ်စ်ပို့မိတ္တူဆွဲပြီး ငွေ ရူပီ ၅၀၀ ညှပ်ပေးလိုက်တယ်။ ဒီတော့မှ ကျေးဇူးဘာညာနဲ့လုပ်တာ။ စစ်တဲ့ကောင်တာက ၀န်းထမ်တစ်ယောက်ပေါ့။ နောက်..ဗီဇာထု-ငွေ Us 25 ဒေါ်သွင်းရတဲ့ကောင်တာရောက်တော့လဲ ၀န်ထမ်းကုလားမက လေးပါးစာ Us 100 သွင်းပြီးတဲ့အခါ ကုလားလို “ပါဏိ ကျရေ” လို့ပြောလိုက်တော့။ သူငယ်ချင်းဖြစ်သူ မောင်ပဏ္ဍိကတော့ အိန္ဒိယ-ကုလားစကားကို နည်းနည်းပါးပါးပြောတတ်တော့ နားလည်သလိုရှိတယ်လေ။ ဒါနဲ့..ဟိုဘက်ကောင်တာမှာ မင်တို့အားလုံးအတွက် ငွေ ငါးရာကြီးများတောင်ပေးပြီးပြီလို့ ပြောလိုက်ရတယ်။ ဒီကုလားမက မယုံသင်္ကာနဲ့ ဟုတ်လို့လားမေးပြီး တစ်ဘက်က ကောင်တာကိုလှမ်းမေးလိုက်သေးတယ်။ အင်း..ကြည့်ရတာတော့ ဒီဝန်ထမ်းတွေလဲ လစ်ရင်လစ်သလို သုတ်တတ်တဲ့ သဘောရှိမယ်ထင်ပါရဲ့လို့တော့ တွေးမိလိုက်တယ်။
        နီပေါ အင်မီဂရေးရှင်းဂိတ်မှာ အတော်လေးကြာသွားတယ်။ ပြီးတာနဲ့ ခရီးဆက်ခဲ့တယ်။ မြို့တွင်းကိုရောက်တော့ မြန်မာကျောင်းတော်ကြီးအတွင်းကို ၀င်ဖို့ကားအတွက် ၀င်ခွင့်လက်မှတ်ဖြတ်ရတယ်။မင်းတို့ဘယ်သွားမှာလဲ မေးတော့ မြန်မာကျောင်းကိုသွားမှာလို့ပြောလိုက်တယ်။ ဂိတ်စောင့်က ထပ်ပြောတယ်။ ငါးနာရီထိုးမှ အတွင်းကိုဝင်ရမယ်တဲ့လေ။
        ဒါနဲ့ ကပိလ၀တ္ထုရွှေမြို့တော်ကြီးကို သွားရောက်ခဲ့ကြတယ်။ ကပိလ၀တ္ထုကို သွားရာလမ်းမှာ ထူးထူးဆန်းဆန်း ရှင်တော်မြတ်ဗုဒ္ဓ၏ နောက်ဆုံးသကျ မျိုးနွယ်ဝင်ဆိုသော မိသားစုတိုက် အိမ်လေးကို တွေ့ခဲ့ရပါတယ်။ ၀မ်းသာပီတိတွေလဲ ဖြစ်ခဲ့ရပါတယ်။ ရင်ထဲမှာ တစ်မျိုးခံစားမိပါတယ်။ အိန္ဒိယ ခရီးစဉ်တစ်လျှောက် မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော လုမ္ဗနီသာမော အင်ကြင်းတောကြီးနဲ့ ကပိလ၀တ္ထုမှာတော့ နီပေါသူလေးများကို ကြည့်ရမြင်ရတော့ အတော်လေး ကိုကြည်နူးမိပါတယ်။ အရမ်းလဲ ဂုဏ်ယူမိပါတယ်။ တိုက်အိမ်ကလေးမှာ အပေါ်ထပ်မှာ မြတ်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ တည်ထားပူဇော်ထားပါတယ်။ နောက်ပြီး… အခြားတစ်ဘက်ခန်းမှာလဲ ဘုရားလောင်းဖွားမြင်တော်မူပုံကို အုဋ်အင်္ကတေးဖြင့် ပုံဖော်ထားပါသည်။ ဒီအိမ်က ကလေးမလေးနှစ်ယောက်နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ပြီး မုန့်ဖိုးပေးကာ ကပိလ၀တ္ထုကို ခရီးဆက်ခဲ့ကြပါတယ်။ (ကပိလ၀တ္ထုအကြောင်းကို-ဆက်ရန်)
အားလုံးပျော်ရွှင်ချမ်းမြေ့ သာယာအေးချမ်းပါစေလို့..အမေ့မေတ္တာအရှင်၊ ခေတ္တ-ဂါယာ။

Monday, January 14, 2013

အိန္ဒိယခရီးစဉ်......

Photo: အိန္ဒိယခရီးစဉ်......
ချင်းနိုင်းကို လေးရက်နေ့ ၇-၃၀တွင်ရောက်ခဲ့သည်။ သွားမည့်-တည်းမည့်နေရာ လိပ်စာ အတိကျ မသိဖြစ်သွားသောကြောင့် မနက်ပိုင်း လေယာဉ် ချင်းနိုင်းကနေ ဒေလီသို့ မမှီလိုက်ဘဲ ညနေပိုင်း ၅-၃၀ လေယာဉ်ကိုစီးရမည်ဖြစ်၍ နောင်ကြီး ဦးတေဇ၀န္တတို့ဆီမှာ ခဏတာ နား-နေပြီး ညနေပိုင်း လေယာဉ်ဖြင့် ည ၈-၁၅ တွင် ဒေလီမြို့ကို ရောက်ရှိခဲ့ပါသည်။
လာကြိုနေတဲ့ ဒေလီက အိန္ဒိယမိသားစုကားဖြင့် မိသားစုအိမ်ကို ည ၁၀ နာရီအချိန်တွင် ရောက်ပါသည်။
မိသားစုအားလုံး ဗုဒ္ဓဘာသာဝင်များဖြစ်သလို ဖော်ရွေမှုလဲ ရှိပါသည်။ မိသားစုအလား ဆက်ဆံမှုပြုကြပါသည်။ မြန်မာဓလေ့ အနေဖြင့် မဆိုသာသော်လည်း အိန္ဒိယ နိုင်ငံအနေအားဖြင့် ဘာသာရေးကိုင်းရှိုင်းမှု ရှိကြပါသည်။
ဒီမိသားစုလေးကို အွန်လိုင်းဖေ့စ်ဘုတ်ကတစ်ဆင့် သိရသော်လည်း မိတ်ဆွေကောင်း ပီသလွန်းပါတယ်။ တစ်ခါမှ မမြင်ဖူး မသိဖူးသော်လည်း တိုင်းတစ်ပါးသားဖြစ်သော မြန်မာရဟန်းတော်တစ်ပါးကို လက်ခံတည်းခိုခွင့်ပြုဖို့ဆိုတာ အတော်လေးကို လွယ်ကူသော အရာမဟုတ်ပါ။
အိန္ဒိယတိုင်းသား အမျိုးသမီးဖြစ်တဲ့ Nicky Gautama က သူ့အိမ်မှာ ကြည်ဖြူစွာ တည်းခိုခွင့်ပြုခဲ့သလို ဒေလီမြို့တစ်ဝိုက်လဲ ဘုရားဖူး အလည်ပတ်ကို သူကိုယ်တိုင် လိုက်ပို့ပေးခဲ့ပါတယ်။
သူ့မိသားစုလေးကား ပစ္စည်းဥစ္စာဆင်းရဲသော်လည်း စိတ်မဆင်းရဲကြပါ။ မိသားအားလုံး ပျော်ရွှင်ချမ်းမြေ့စွာပဲ နေထိုင်ကြပါတယ်။ တကယ်ကို အတုယူစရာလဲ ကောင်းလှပါတယ်။
တကယ်တော့ နစ်ကီဂေါတမဆိုသော အမျိုးသမီးလေးဟာ အသက်အားဖြင့် ၂၃ ပဲ ရှိပါသေးတယ်။ အိမ်မှာ မိသားစု ငါးယောက်အနက် အကြီးဆုံးဖြစ်သည့်နှင့်အညီ တကယ်လဲ တော်ရှာပါတယ်။
 ဒေလီတက္ကသိုလ်ကနေ ကျောင်းပြီးထားပြီး မိဘများကို လုပ်ကိုင်ကျွေးမွေးနေသူလဲ ဖြစ်ပါတယ်။ 
သူဟာ ကူညီရိုင်းပင်းတတ်ပြီး စိတ်ကောင်းစေတနာကောင်း ရှိသူလဲဖြစ်ပါတယ်။ ဒေလီမှကျောင်းတက်
နေသော မြန်မာဗုဒ္ဓဘာသာ ရဟန်းတော်များနဲ့ သိကျွမ်းသလို၊ မြန်မာနိုင်ငံကနေ အိန္ဒိယ-ဒေလီကို ဆေးလာကု ကြသော မြန်မာ မိသားစုဝင်များနဲ့လဲ ခင်မင်နေ သူဖြစ်ပါတယ်။ 
သူကား တကယ်ကို မိတ်ဆွေကောင်းပီသသော၊ ကူညီရိုင်းပင်းတတ်သော၊ လိမ်မာရေးခြားရှိသော၊ မိဘကိုလုပ်ကျွေးနေသော၊ ပညာတတ်ဖြစ်သော၊ ဘာသာရေးကိုင်းရှိုင်းသော အမျိုးသမီးငယ်လေး-မိန်းကလေး တစ်ယောက်ဖြစ်ပါသည်။.................................................
သူ့မိသားစုလေးမှာ လေးညတာတည်းခို၍ အခု..ဒေလီမြို့နဲ့ မဝေးသော Noida Cityမှာ ဖွင့်ထားတဲ့ Gautem Buddhist University တွင် အမ်ဖီ-Mphil တက်နေသော နောင်တော်ကြီး တိလောက ထံတွင် ဂေါတမ်တက္ကသိုလ်...အကြောင်းကို လေ့လာရင်း ခဏတာရောက်နေပါသည်...မကြာခင် ဂယာကို သွားပါမည်။ အားလုံးအဆင်ပြေ သာယာပါကြောင်း။ ပျော်ရွှင် ချမ်းမြေ့ပါစေလို့.. အမေ့မေတ္တာအရှင်...

4

..ကျေးဇူးရှင်များကို မြတ်နိုးတန်ဖိုးထားတတ်ကြပါ.....

Photo: ......ကျေးဇူးရှင်များကို မြတ်နိုးတန်ဖိုးထားတတ်ကြပါ.....
ဒီပုံကို ကြည့်လိုက် မြင်လိုက်တာနဲ့ ဘယ်သူဆိုတာ အားလုံးနီးပါး သိကြမှာပါ ...မဟတ္တမဂန္ဓီဆိုတာ အိန္ဒိယနိုင်ငံ သမိုင်းမှာ မပါမဖြစ်၊ မသိမဖြစ်၊ မသိသူရှားလောက်သော အိန္ဒိယနိုင်ငံနဲ့ အိန္ဒိယပြည်သူတွေ အတွက် သိပ်ကိုကျေးဇူးကြီးမားသော ပုဂ္ဂိုလ်ကြီးပါ...
ဒါကြောင့်လဲ မဟတ္တမဂန္ဓီဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီး အိန္ဒိယနိုင်ငံကြီး မှာ လေးစားမြတ်နိုး တန်းဖိုးထားကြပါတယ်။ တကယ်လဲ တန်ဖိုးထား မြတ်နိုး သင့်သော ကျေးဇူးကြီးမားလှသော ပုဂ္ဂိုလ်ကြီးတစ်ဦးပါ။
 အခု အိန္ဒိယနိုင်ငံကြီးမှာ ဒီမဟတ္တမဂန္ဓီဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို အသက်ထင်ရှား မရှိသော်လည်း အမြတ်တနိုး လေးစားတန်ဖိုးထားပြီး၊ သက်ရှိထင်ရှား ရှိသကဲ့သို့ သူတို့ရဲ့နိုင်ငံသုံး Rupee ငွေတန်စက္ကူေ တွမှာ ဖော်ပြ ထား ပါတယ်။
နောက်...ပြတိုက်တွေ စာအုပ်တွေ ရုပ်ထုတွေ စုံစွာဖော်ပြထားသလို...မဟတ္တမဂန္ဓီ ဟောက်စ်...မဟတ္တမဂန္ဓီ သင်္ချိုင်း ဆိုပြီး သမိုင်းမှာ ထင်ရှားပြီး ကမ္ဘာက သိအောင် လှပသေသပ် ကျနစွာ တည်ဆောက် ဖော်ပြထားပါတယ်။
ဘယ်လောက် ..အိန္ဒိယပြည်သားတွေ နိုင်ငံအပေါ်ကျေးဇူး ကြီးမားသော ပုဂ္ဂိုလ်ကြီးများကို အမြတ်တနိုးထားတယ်ဆိုတာ..မြန်မာနိုင်ငံ အစိုးရခေါင်းဆောင်များနဲ့ မြန်မာပြည်သူ ပြည်သားတွေ လေ့လာမှတ်သား အတုယူ လိုက်နာရမှာ။
အခု...အောက်မှာ တွေ့မြင်နေရတဲ့ ပုံဟာ မဟတ္တမဂန္ဓီဟောက်စ်မှာ သေသပ်ကျနစွာ ဖော်ပြထားသော မဟတ္တမဂန္ဓီ၏ ပုံဖြစ်ပါ တယ်။ မဟတ္တမဂန္ဓီဟောက်စ်ဆိုတာ နယူးဒေလီမြို့မှာတည်ရှိပါတယ်။ အဲ့ဒီမှာ သူရဲ့ နောက်ဆုံး ခြေလှမ်းတွေကိုလဲ အမှတ်တရ ပုံဖော်ထားကြပါတယ်။ နောက်ဆုံးခြေလှမ်းဆိုတာ သူ့ဘ၀၏ နောက်ဆုံးအချိန် နောက်ဆုံးနေ့ရက်ကိုဆိုလိုတာပါ။ တကယ်တော့ သူလုပ်ကြံသတ်ဖြတ်ခံရတဲ့ နေရာနဲ့ အချိန်တွေကိုလဲ ကမ္ဘာက သိအောင် ပြသထားကြပါတယ်။
ဒါတင် ဘယ်ကမလဲဗျာ.... သူ့ဘ၀သမိုင်းကိုလဲ နေထွက်ချိန်မှ နေ၀င်ချိန်ထိ လေးစားမြတ်နိုးစွာ တန်ဖိုးရှိရှိ ဖော်ပြထားပါတယ်။ ဒီအကြောင်းကို အိန္ဒိယ -ဒေလီမှာကျောင်းတက်နေကြသော မြန်မာကျောင်းသားရဟန်းတော်များနဲ့ မြန်မာဘုရားဖူးအဖွဲ့များ ကောင်းစွာ သိလိမ့်မည်လို့ ထင်ပါတယ်။
အခု..အိန္ဒိယခရီးစဉ်မှာ ဒေလီကိုရောက်ခိုက်..Noida City, Gautem Buddhist University မှာ Mphil ပြုစုနေသော တစ်ချိန်က မန်းနပသတွင် အတူဆုံခဲ့သော နောင်ကြီး ကိုတိလောကထံမှာ နားခိုပြီး ဦးကုသလ၊ ဦးဧသိက၊ ဦးဓမ္မသာမိတို့နဲ့ အတူ မဟတ္တမဂန္ဓီ ဟောက်စ်ကို ရောက်ဖြစ်ခဲ့ ကြပါတယ်။
မဟတ္တမဂန္ဓီ ဟောက်စ်ကို ရောက်တော့ အတွေးလေး တစ်ခုပေါ်လာခဲ့တယ်။ အဲ့ဒါကတော့..ငါတို့အမိမြေမှာ ဒီလို နိုင်ငံနဲ့ ပြည်သူပြည်သားတွေ အတွက် အသက်သွေးတွေ ပေးသွားသော ကျေးဇူးကြီးမားသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားတန်ဖိုးထား မြတ်နိုးကြမယ်ဆို ဘယ်လောက် ကောင်းလိုက်မလဲ ဆိုတဲ့အတွေးလေးပါ။
အထူးအားဖြင့်တော့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပေါ့။ တကယ်တော့ အဖဗိုလ်ချုပ်အောင်ဆန်းဟာ The Father of Burmese လို့ခေါ်ဆိုထိုက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပါ။
ဒီိလိုမျိုးခေါ်ဖို့ဆိုတာ ဝေး..ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်ဆိုတာတောင် အခု မဟတ္တမဂန္ဓီလို မသားနားပါ ဘူးလေ။ နောက်.... တစ်ချိန်က.. ဗိုလ်ချုပ်ခေါင်းနဲ့ ငွေစက္ကူတွေတောင် ကြက်ပျောက် ငှက်ပျောက် ပျောက် ကုန်ပြီ မဟုတ်ပါလား။ ဒါပေမဲ့ မဟတ္တမဂန္ဓီ ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကတော့ အိန္ဒိယ နိုင်ငံသုံး ငွေစက္ကူ Rupees တွေပေါ်မှာ ထင်ရှားရှိနေဆဲပါပဲ။
နောက်..သူရဲ့မျိုးဆက် နိုင်ငံအတွက် အကျိုးကျေးဇူးကြီးမားသော ဂန္ဓီမျိုးဆက်အကြောင်းတွေကိုလဲ ဝေဆာဖော်ပြထားပါတယ်။
အမိမြန်မာပြည်ကြီးမှာတော့ ဗိုလ်ချုပ်မျိုးဆက်ဆိုတာ အမေစုသာပဲ မဟုတ်ပါလား.....
နောက်ဆုံး..မြန်မာပြည်သူ ပြည်သားများအနေဖြင့် နိုင်ငံအတွက် အသက်ပေးသွားသော ကျေးဇူးများလှသော ဖခင် ဗိုလ်ချုပ်အောင်ဆန်းလိုမျိုး နိုင်ငံအဇာနည်ကြီးများကို လေးစားမြတ်နိုး တန်ဖိုးထားတတ်ကြပါစေလို့..ဆန္ဒပြုရင်း..
.ကျေးဇူးရှင်အပေါင်းအား....ကျေးဇူးဆပ်သောအားဖြင့်....
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့ အမေ့မေတ္တာအရှင် (ခေတ္တ-နွိုက်ဒါပြည်နယ် Gautem Buddhist University)

1

မဂဓတက္ကသိုလ်ကြီးနှင့် ကျောင်းသားများကျောင်း

          မဂဓတက္ကသိုလ်ဆိုတာ တစ်ချိန်က သိပ်ကိုထင်းရှားကျော်ကြားခဲ့သော ဗုဒ္ဓစာပေဆိုင်ရာ တက္ကသိုလ်ကြီး တစ်ခုပါ။ အခုလဲ ထင်းရှာကျော်ကြားနေဆဲပါပဲ။ စာရေးသူ အိန္ဒိယ-ဗုဒ္ဓဂယာသို့ ရောက်ရှိခိုက် မဂဓတက္ကသိုလ်ကြီးရဲ့ ပုံရိပ်ကို ထင်ထင်ရှားရှားတွေ့မြင်ခဲ့ရပါတယ်။
          မြန်မာကျောင်းသား ရဟန်းတော်များ ဗုဒ္ဓစာပေဆိုင်ရာ တက်ရောက်သင်ကြားနေသော တက္ကသိုလ်ကြီးတစ်ခုလဲဖြစ်ပါတယ်။ တက္ကသိုလ်ကြီးဟာ ဂယာမြို့နဲ့ ခပ်လှမ်းလှမ်းမှာ တည်ဆောက် ထားသော်လဲ တက္ကသိုလ်အင်္ဂရပ်တွေနဲ့ ပြည့်စုံနေလျှက်ပါ။ တက္ကသိုလ်ဝန်းကျင်းကို လှပစွာတန်ဆာ ဆင်မထားသော်လည်း တကယ့်တက္ကသိုလ် အဆောက်အဦးများသာဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အငွေ့အသက်ကိုလဲ ခံစားရပါတယ်။
          အခုဆို မြန်မာကျောင်းသား ရဟန်းတော်များ M.A, PhD စသော ဒီဂရီများကို ဘာသာရပ်မျိုးစုံဖြင့် လေ့လာသင်ယူနေကြပါတယ်။ ဒီတက္ကသိုလ်ကြီးက မွေးဖွားပေးလိုက်သော M.A, PhD လောင်းများလည်း များစွာပေါ်ပေါက်နေပါပြီ။ ဒီတက္ကသိုလ်ကြီးက မွေးဖွားပေးလိုက်သော ပညာရှင်ရဟန်းတော်များသည် အခု မိမိတို့လေ့လာသင်ယူထားသော အတတ်ပညာ၊ အသိပညာ၊ တက္ကသိုလ်ပညာရပ်များဖြင့် မိမိတို့၏ အမျိုးဘာသာ သာသနာနဲ့ နိုင်ငံတော်ကြီးတိုးတက်အောင် ပရိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓတာဝန်များနဲ့အတူ လူမှုရေး၊ ပညာရေး၊ ပရဟိတအကျိုးပြုလုပ်ငန်းများကိုလဲ အားမာန်အပြည့်နဲ့ အတ္တဟိတကို နောက်ကွယ်မှာထားလို့ ကျိုးစားဆောင်ရွက်နေကြပါတယ်။
          တက္ကသိုလ်ဆိုလို့...ပြောရအုံးမယ်။ ကမ္ဘာမှာ နိုင်ငံအသီးသီးတွင် တက္ကသိုလ်ကြီးများစွာရှိပါတယ်။ ဘာသာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စစ်ရေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ် စသည်ဖြင့် တက္ကသိုလ်များစွာရှိပါတယ်။ စာရေးသူအရှင်သည်လည်း မန်းလေးနပသ တက္ကသိုလ်ကြီးက မွေးဖွားပေးလိုက်သော B.A တက္ကသိုလ်ကျောင်းသားတစ်ယောက်ပဲ မဟုတ်ပါလား။ မန်းလေးနပသ တက္ကသိုလ်လို့ပြောရတာက ရန်ကုန်မှာ နိုင်ငံတော်ပရိယတ္တိ သာသနတက္ကသိုလ်ကြီးလည်း ရှိနေသောကြောင့်ပါ။ ဒီ..မန်းလေး-ရန်ကုန် နပသတက္ကသိုလ်ကြီးနှစ်ခုဟာ ကျေးဇူးရှင် မင်းကွန်း တိပိဋကဆရာတော်ဘုရားကြီး၏ ကျေးဇူးများကြောင့် ရှင်သန်ပေါ်ပေါက်လာသော နိုင်ငံတော်အစိုးရ တက္ကသိုလ်ကြီးများသာ ဖြစ်ပါသည်။ ဒီတက္ကသိုလ်ကြီးများမှာလည်း စာရေးသူတို့တစ်တွေ B.A, M.A ဘွဲ့ထူးများကို လေ့လာသင်ကြာခွင့်ရှိခဲ့ပါသည်။ မိမိတို့ရဲ့ ဥာဏ်ရည် ဥာဏ်သွေးနဲ့ အကျင့်ကာရိုက်တာအပေါ်မှာ မူတည်၍ ရယူပိုင်ဆိုင်ရမည်သာ ဖြစ်ပါသည်။
          အခုဆို…..ပြည်ပတက္ကသိုလ်ကြီးများမှာ မြန်မာကျောင်းသား ရဟန်းတော်များစွာ တက်ရောက်သင်ယူနေကြပြီ ဖြစ်ပါသည်။ သီရိလင်္ကာ၊ အိန္ဒိယရှိ တက္ကသိုလ်ကြီးများမှာတော့ အတော်လေးကိုများပါတယ်။ နောက်..လန်ဒန် အောစ်ဖို့တက္ကသိုလ်ကြီးမှာတောင် မြန်မာကျောင်းသား ရဟန်းတော်များ ရှိနေပြီဖြစ်ပါသည်။ သီိရိလင်္ကာမှာ…ကိုလံဘိုတက္ကသိုလ်၊ ကေလနိယတက္ကသိုလ်၊ ဘီပီယူတက္ကသိုလ်၊ ပေရာဒနိယတက္ကသိုလ်ကြီးများ။ အိန္ဒိယမှာ မဂဓတက္ကသိုလ်၊ နာလန္ဒာတက္ကသိုလ်၊ ဒေလီတက္ကသိုလ်၊ ဘုံဘေတက္ကသိုလ်၊ ဆန်စကရစ်တက္ကသိုလ်၊ နာဂဇုတက္ကသိုလ်၊ နာဂပူတက္ကသိုလ်၊ ပုနေးတက္ကသိုလ်၊ မဒရပ်စ်တက္ကသိုလ်၊ B.H.U တက္ကသိုလ်၊ ကိုးလ်ကတ္တားတက္ကသိုလ်၊ ပန်ဂျပ်တက္ကသိုလ်၊ ဟိုက်
ဒရာဘက်တက္ကသိုလ်၊ ဂျမူးတက္ကသိုလ်များမှာ မြန်မာကျောင်းသားရဟန်းတော်များ B.A, M.A, M.Phil., PhD စသောအတန်း ပညာရပ်များကို လေ့လာသင်ယူနေကြပါသည်။
          ဒီတက္ကသိုလ်ကြီးများအားလုံးသည် သင်ကြားရေးစနစ်၊ ဖွဲ့စည်းပုံမူဝါဒများ မတူညီကြသော်လည်း တက္ကသိုလ်ကြီးများ စတိုင်လ်အမျိုးမျိုးဖြင့် ပီသကြပါသည်။ ပညာရေးမူဝါဒများလဲ အသီးသီးကောင်းကြပါသည်။ သို့သော်လည်း အဆင့်အတန်း၊ အဆောက်အဦးအနေထား၊ ပတ်ဝန်းကျင်ကွာခြားမှုဖြင့် ငွေကြေးအနည်း အများတော့ ရှိပါသည်။
          စာရေးသူအရှင်အမြင်အားဖြင့်တော့ မိမိနေထိုင် သင်ကြားလေ့လာခဲ့ဖူးသော တက္ကသိုလ်ကြီး များဖြစ်သည့် မန်းလေးနပသတက္ကသိုလ်ကြီးနဲ့ ကေလနိယ (ကိုလံဘို) တက္ကသိုလ်ကြီးများမှာတော့ အာဂုံဘက်ကို အလေးပိုနေတာတွေ့ခဲ့ရပါတယ်။ ဘီအေ၊ အမ်အေတန်းများကို ဆိုလိုတာပါ။ M.Phil, PhD အဆင့်မြင့် အတန်းဘွဲ့ထူးများကို မဆိုလိုပါဘူး။ ဒါကြောင့် စာရေးသူ အရှင်ပြောနေကြ စကားလေးတစ်ခွန်းရှိပါတယ်။ “ University မဟုတ်ဘူး By heart Versity ဖြစ်တယ်” ဆိုတဲ့ စကားပဲ ဖြစ်ပါတယ်။ တခြားတက္ကသိုလ်ကြီးများမှာတော့ ကိုယ်တိုင် မသင်ဖူး မလေ့လာဖူး၍ မပြောတတ်ပါ။ ဒီလိုမျိုးမဖြစ်ပါစေနဲ့လို့တော့ ဆန္ဒဖြစ်မိပါတယ်။
          အခု ဗုဒ္ဓဂါယာကို ရောက်ရှိခိုက် မဂဓတက္ကသိုလ်ကြီးမှာ ပညာသင်ယူနေကြသော ကျောင်းသားများနေထိုင်ရာ Hostel ငှါးနေဆောင်ကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ မြန်မာကျောင်းသားများနေထိုင်ရာ ဟော်စတယ်က တက္ကသိုလ်ကြီးနဲ့ ကပ်လျက်ပါ။ တက္ကသိုလ် ကျောင်းဝင်းထည်မှာပဲဖြစ်ပါတယ်။ ဒီဗုဒ္ဓဂါယာကို သူငယ်ချင်းဖြစ်သူ မန်းလေးနပသကျောင်း အတူတူဆင်း မောင်ပဏ္ဍိကို အကြောင်းပြု၍ ရောက်ရှိလာခဲ့ခြင်းဖြစ်ပါသည်။ သူငယ်ချင်းက သဘောကောင်း စိတ်ထားကောင်းသလို မဂဓမှာ ကျောင်းတက်နေကြသော မြန်မာကျောင်းသား ရဟန်းတော်များ အားလုံးကလည်း အလွန်ကို ဖော်ရွှေခင်မင်ကြပါတယ်။ ဒါကြောင့်လဲ မဂဓကျောင်းသားများ နေထိုင်ရာ မဂဓတက္ကသိုလ်ကြီးအတွင်း Hostel မှာ စာရေးသူ သိပ်ကိုပျော်ရွှင်ချမ်းမြေ့လျှက်ရှိပါတယ်။
          အင်း…မဂဓတက္ကသိုလ်ကြီးနဲ့ မဂဓကျောင်းသားများအကြောင်းကို ပြောပြီဆိုရင်တော့ မြန်မာကျောင်းသားများ ကျောင်းတော်ကြီးနဲ့ ဆရာတော်ကြီး ဦးပညာဒီပအကြောင်းကိုလဲ ချန်ထားခဲ့လို့တော့ ဖြစ်မယ်မထင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာကျောင်းသားများကျောင်းတော်ကြီးဟာ မဂဓတက္ကသို်လ်ကြီးမှာ ပညာရပ်တွေ လေ့လာသင်ယူနေသော ကြောင်းသားများအတွက် မရှိမဖြစ်လိုအပ်ပြီး ကျေးဇူးကြီးမားသော မိခင်ကျောင်းတော်ကြီးတစ်ခုပါ။
          မြန်မာနိုင်ငံကနေ အိန္ဒိယ-ဘီဟာပြည်နယ်-ဗုဒ္ဓဂါယာရှိ မဂဓတက္ကသိုလ်ကြီးကို ပညာသင်လာရောက်ကြသော မြန်မာကျောင်းသားများအနေဖြင့် ဒီမြန်မာကျောင်းသားများ ကျောင်းတော်ကြီးမှာ ခေတ္တခိုနားရပါတယ်။ ဒီကျောင်းတော်ကြီးမှာ စားသောက် အိပ်စက်လို့ မှီခိုကြရတာပါ။ ဒါကြောင့် ဒီကျောင်းတော်ကြီးဟာ မဂဓတက္ကသိုလ်က မြန်မာကျောင်းသား ရဟန်းတော်များ၏ ကျေးဇူးရှင် မိခင်ကြီးတစ်ခုပင် မဟုတ်ပါလား။
          ဒီကျောင်းတော်ကြီးကို ၂၀၀၅-၂၀၀၆ နှစ်မှာ စတင်ပြီး ဆရာတော်ဘုရားကြီးဒေါက်တာပညာဒီပတို့ ဦးဆောင်ပြီး စတင်တည်ထောင် ဆောက်လုပ်ခဲ့ပါတယ်။ ဆရာတော်ဘုရားကြီးသည်လည်း ဒေါက်တာ-PhD ကို ဒီမဂဓတက္ကသိုလ်ကြီးကနေပဲ ဒီကျောင်းတော်ကြီး တည်ထောင်ဆောက်လုပ် ဦးစီးရင်းလေ့လာသင်ယူ ကျမ်းပြုစုကာ ရရှိခဲ့ခြင်းဖြစ်ပါတယ်။
          ဒါကြောင့် ဆရာတော်ဘုရားကြီး ဦးပညာဒီပနှင့် ဒီမြန်မာကျောင်းသားများကျောင်းတော်ကြီးဟာ မဂဓတက္ကသိုလ်-မြန်မာကျောင်းသားရဟန်းတော်များနဲ့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာသို့ ဘုရားဖူးလာကြသော မြန်မာနိုင်ငံသူ-နိုင်ငံသားများအတွက် သိပ်ကို ကျေးဇူးကြီးမားလှပါတယ်။
          အခုဆို..စာရေးသူအရှင်အတွက်ရောပါ ဒီမြန်မာကျောင်းသားများ ကျောင်းတော်ကြီးနဲ့ ဆရာတော်ဘုရားကြီး ဦးပညာဒီပ၊ သူငယ်ချင်းဖြစ်သူ မောင်ပဏ္ဍိ၊ မဂဓကျောင်းသားများသည် ကျေးဇူးရှိခဲ့ပြီ မဟုတ်ပါလား။ ကျေးဇူးရှင်အား ကျေးဇူးဆပ်ခြင်းသည် ကောင်းသောလောက၀တ် မင်္ဂလာပဲ မဟုတ်ပါလား။ ကျေးဇူးရှင်များအား ကျေးဇူးကို ပြန်လည်မပေးဆပ်ချင်နေ ကျေးဇူးရှင်အား ကျေးဇူးမကန်းမိဖို့တော့ သိပ်ကိုအရေးကြီးသည်ပဲ မဟုတ်ပါလား။
          တကယ်တော့ လောကမှာ… ကျေးဇူးရှင်အား ကျေးဇူးဆပ်ဖို့ နေနေသာသာ မိမိရဲ့ကျေးဇူးရှင်အဖြစ် လူဘုံအလည်မှာ အသိမှတ်ပြုဖို့တောင် အင်မတန်ခက်ခဲသည် မဟုတ်ပါလား။ စာရေးသူ အနေအားဖြင့် မိမိအပေါ်မှာ ကွမ်းတစ်ယာ၊ ရေတစ်မုတ်၊ ဆွမ်းတစ်လုပ်မျှ ကျေးဇူးရှိခဲ့ဖူးသော ကျေးဇူးရှင်များအား ကျေးဇူးပြန်လည်ဆပ်နိုင်အောင် ကြိုးစားနေလျှက်ပါ။ ကျေးဇူးကိုပြန်လည် မပေးဆပ်နိုင်ရင်တောင် ကျေးဇူးကို မကန်းမိဖို့၊ ကျေးဇူးရှင်ကို မပြစ်မှားမဖို့ စွမ်းအားရှိသလောက် ကြိုးစားနေပါတယ်။
          အားလုံး ကျေးဇူးရှင်များအပေါ် ကျေးဇူးကို သိတတ်ပြီး ကျေးဇူးကို ပြန်လည်ဆပ်နိုင်ကာ လိုရာဆန္ဒကို ပြည့်ဝနိုင်ပါစေလို့…… အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ….အမေ့မေတ္တာအရှင် (ခေတ္တ-ဂယာ)