Sunday, April 22, 2012
ဝမ်းမြောက်နုမော်ခေါ်ဆိုနိုင်ရန်
       အလင်္ကာမြေမှ ပညာသင် မြန်မာရဟန်းတော် သံဃာတော်များနှင့် အားလုံးသော ဗုဒ္ဓဘာသာဝင်တွေ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် ဒီပို့စ်လေးကို ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါတယ်။ ဂုဏ်ယူဝင့်ကြွား လိုသောကြောင့် မဟုတ်ပါ။ အားလုံး သောကကင်းပြီး သာယာအေးချမ်းမှုဖြစ်စေရန် ရည်ရွယ်ပြီး တင်လိုက်ခြင်းဖြစ်ပါတယ်။
    ဒီဓာတ်ပုံလေးက သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၊ ကောလုနာဝကားလမ်းဘေးမှာတည်ရှိသော မဟာရာဇ၀ိဟာရမည်သောသီရိလင်္ကာဘုန်းတော်ကြီး၏ ကျောင်းတိုက်တော်အတွင်းက မြန်မာရဟန်းပညာသင်ရဟန်းတော်များ သီတင်းသုံးတည်း ခိုမှုပြုနေကြသော တိုက်ကျောင်းလေးဖြစ်ပါတယ်။ ဒီတိုက်ကျောင်းလေးမှာ သီရိလင်္ကာေ ရာက်မြန်မာ ရဟန်းတော်များ တည်းခိုနေထိုင် သီတင်းသုံးပြီး တက္ကသိုလ်ပညာရပ်များကို သင်ကြား လာခဲ့တာ ဆယ်စုနှစ်နီးပါး ရှိခဲ့ပြီ။ အရှင်တို့မြန်မာရဟန်းတော်များသည် သီရိလင်္ကာမြေမှာ ပညာသင်ကြားရာတွင် စားစရာထက် နေထိုင်သီတင်းသုံးစရာ နေရာရဖို့က ပိုခက်နေပါသည်။
    အလင်္ကာတွင် မြန်မာမိခင်, မကုဋကျောင်းတိုက်တော်ကြီး ရှိနေသောကြောင့်သာ အရှင်တို့မြန်မာရဟန်းတော် အများစု စိုးရိမ်ကြောင့်ကြမှု ကင်းကြရပါသည်။ သို့သော်လည်း မိခင်မကုဋတွင်လဲ အားလုံး နေထိုင် သီတင်းသုံးခြင်းငှါ မဖြစ်နိုင်သောကြောင့် နောက်ရောက် ရဟန်ုးတော်များသည် တက္ကသိုလ်ပညာရပ်များကို တက်ရောက် သင်ကြားနိုင်ရန် နေစရာကို အမောရှာဖွေကြရပါသည်။ အရှင်တို့တစ်တွေသည် နိုင်ငံခြားပညာသင်ထွက်လာခဲ့သည်ဆိုသော်လည်း အဆင်ပြေသော ကျောင်းသားများရှိသလို၊ ခက်ခဲသောကျောင်းသာ ရဟန်းတော်များလဲ ရှိနေပါသည်။ အချို့က ထောက်ပံ့သူ ဒကာ-ဒကာမ ပြည့်ဝသော်လည်း။ အချို့မှာက ခြို့ခြို့ခြံခြံ နေထိုင် ပညာသင်နေရသော ကျောင်းသားများလဲ ရှိနေပါသည်။
     မိခင်မကုဋတွင် နေရာ မရရှာသော ရဟန်းတော်များတွင် အချို့ ကုလားဘုန်းတော်ကြီးများကျောင်းများကို လိုက်လံရှာဖွေ လျှောက်ထားပြီး နေထိုင် သီတင်းသုံးရပါသည်။ အချို့ ကုလားဘုန်းတော်ကြီးကျောင်းများတွင် နေရာ မရသောကြောင့် လူနေအိမ်များကို ရှာဖွေ ငှါးရမ်းပြီး နေထိုင် ပညာသင်ရပါသည်။ လူနေအိမ်များကို ငှါးရမ်းနေထိုင် သီတင်းသုံး ကြရသော မြန်မာ ရဟန်းတော်  ကျောင်းသား များအတွက် အိမ်လခမှာ တစ်လကို ရူပီငွေ ၂၅၀၀(မြန်မာငွေ-၂၅၀၀၀)ပေးရပါသည်။ စားစရိတ်ဘာညာနဲ့ဆို တစ်လကို ရူပီ ၅၀၀၀ (မြန်မာငွေ-၅၀၀၀၀) လောက်ကျပါတယ်။ ဒါတောင် ဟိုသွား ဒီလာ ကားခ၊ အင်တာနက် အသုံးပြုခ စသည်မပါသေး ပါဘူး။
       ဒါကြောင့် အရှင်တို့တစ်တွေဟာ သီရိလင်္ကာဘုန်းကျောင်းများမှာ သူ့အဆက်နဲ့သူ လျှောက်ပြီး သည့်ခံ အောင့်အီးကာ နေထိုင် သီတင်းသုံးနေကြရပါတယ်။ သီရိလင်္ကာ ဘုန်းတော်ကြီး များကိုလဲ ကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့ နေစရာ အလကားပေးတယ်။ ရေ၊ မီး ပေးတယ်။ တစ်ချို့ ကျောင်းများမှာဆိုရင် စားစရာပါပေးတယ်။ ဒီတော့ ကျေးဇူး တင်ထိုက်ပါတယ်။ သီရိလင်္ကာဘုန်းတော် ကြီးကျောင်း များမှာ နေခွင့်ရကြသော မြန်မာကျောင်းသာ ရဟန်းတော် များကတော့ နေစရိတ်၊ စားစရိတ်က အိမ်ငှါးပြီးနေကြသော ရဟန်းတော်များထက် အတော်လေးကို သက်သာပါတယ်။
   သို့သော်လည်း---အခုအရှင်ဖော်ပြထားတဲ့ ဓာတ်ပုံထဲက ကျောင်းအိုလေးဟာ အရှင်တို့အတွက် မဟာမြင့်မိုရ်ပါပဲ။ ကျေးဇူးလဲ အင်မတန်ကြီးမားပါတယ်။ ဒီတိုက်ကျောင်းလေးကို မြန်မာရဟန်းတော်များ အဆက်ဆက်၊ လက်ဆင့်ကမ်းနေထိုင် သီတင်းသုံးခဲ့ ကြ တာ နှစ်ပေါင်း ဆယ်ရာစု တစ်စုထိ တိုင်ခဲ့ပါပြီ။ မြန်မာရဟန်းတော်များ နေထိုင်သီတင်းသုံးလာတာ ဆယ်စုနှစ်ဆိုပေမဲ့ တိုက်ကလေးရဲ့ သက်တမ်းက အတော်လေးကို ကြာခဲ့ပါပြီ။ သက်တမ်းရလာတဲ့ တိုက်ကျောင်းကလေးဟာ " နုနယ်ရုပ်ဆင်း၊ပျိုမြစ်ခြင်းက၊ အိုခြင်းနောက် ဆုံးရှိခြေ၏" ဟူသောစကားအတိုင်း အခုတော့ အတော်လေးကို အိုမင်ယိုယွင်းနေခဲ့ပါပြီ။ အိုတာမှ အလွန်ပါပဲ။ အရှင်တို့ကို နေစရာေ ပးထားသော်လည်း၊ သက်တမ်းရလာသော ဒီတိုက်ကျောင်းလေးက အရှင်တို့ကို စိတ်ချမ်းသာအောင် မထားနိုင် ခဲ့ပါဘူး။
  အဘယ်ကြောင့်ဆိုသော်...အိုမင်းရင့်ရော်မှုကြောင့် မိုးဒဏ်ကိုလဲမခံ -မကာကွယ်နိုင်တော့ ပါဘူး။ နောက်--ပြင်းထန်သော လေဒဏ်များ-မြေငလျင်ဒဏ်များကိုလဲ ခံနိုင်ရည်နည်းနေပါပြီ။ ဒါတင် ဘယ်ကမလဲ။ အားလုံးက ဆွေးမြေ့နေတာမို့--အမိုးကလဲ မိုးမလုံ။ အင်္ဂတေများကလဲ ဆားပေါက်ပြီ တစတစ ပြုတ်ကျနေပါတယ်။ တစ်ချို့နေရာတွေဆို အသားဒေါက်တန်းများနဲ့ ထောက်ထားရပါတယ်။ အရင်နောင်တော်ကြီးများကလဲ ခဏခဏ ပြုပြင် မွန်းမံခဲ့ကြပါတယ်။ သက်တမ်းရင့် လာတော့လဲ တိုက်ကလေးက ခံနိုင်ရည်အင်အားများနည်းပါးလာခဲ့ခြင်းပါ။ အခုဆို အရှင်တို့မှာ စိုးရိမ်ကြောင့်ကြ မှုတွေနဲ့ မှေးစက်ေ နရ တယ်လေ။ ဘယ်ချိန်များပြိုကျမလဲဆိုတဲ့ အတွေးကလဲ တစ်ခါတစ်လေ လာလာပြီး နှိပ်စက်နေပါသေးတယ်။ ည မိုးရွာပြီဆိုပါက နေရာထ ထရွှေ့ရတာကလဲ ဒုက္ခမသေးဘူးလေ။ အရှင်တို့မှ မဟုတ်ပါဘူး။ နောင်လာမဲ့ ညီတော်နောင်တော်ရဟန်းတော်များလဲ ဒီလိုပဲ ဒုက္ခ-သော ကတွေ ရှိနေမှာပဲ။ ဒီတော့ အရှင်တို့မှာ ကံပါလာရင် ရှောင်လွဲလို့မရပါဘူးဆိုတဲ့ အတွေးသံဝေဂနဲ့နေလာခဲ့ ကြတာ နှစ်လပြည့်တော့ မည် ဆိုပါတော့လေ။
      ခုတော့--အရှင်တို့ရင်တွင်းက သောကစိုးရိမ်ကြောင့်ကြမှုတွေ။ အရှင်တို့ တွေ့ကြုံခံစားနေရတဲ့ တိုက်ကျောင်းလေးရဲ့ ဒုက္ခ အခက်အခဲတွေကို ဖြေရှင်းပေးမဲ့သူပ်ါလာခဲ့ပါပြီ။ ဒီတိုက်ေ ကျာင်းရဲ့သက်တမ်း အိုမင်းမှုကို ပြန်လည်ပြုပြင်ခြင်းများနဲ့ အစားထိုးဖို့ လမ်းစပေါ်လာခဲ့ပါပြီ။ အရှင်တို့နဲ့အတူ နောင်လာမဲ့မြန်မာရဟန်းတော် များအားလုံး ဒီတိုက်ကျောင်းလေးနဲ့ ပက်သက်လို့ ဒုက္ခ၊ သောကတွေ မဖြစ်ရအောင် ၀ိဟာရဒါနရှင်ကြီး ပေါ်လာခဲ့ပါပြီ။ မကြာခင်မှာ အားလုံး ၀မ်းသာနုမော် သာဓုခေါ်နိုင်ပါတော့မည်။
   ဘယ်သူဆိုတာ မဖော်ပြသေးသော်လည်း အရှင်ရဲ့ရင်ထဲမှာ ကျေးဇူးအနန္တပါလို့  ကုသိုလ်ရှင် ကျောင်းအစ်မ ခေတ်သစ်ဝိသာခါလို အမျိုးသမီးကို ကျူးရင့်လိုက်ချင်ပါတယ်။ သာဓုတွေလဲ အကြိမ် ကြိမ် ဟစ်အော်နေပါတယ်။ အရှင်ရင်ထဲမှလဲ----၀မ်းသာမဆုံးပီတိေ တွဖုံး လို့နေပါတယ်။ ခံစားမိတာလေးက--အရှင်ဟာ ဒီတိုက်ကျောင်းလေးမှာ တစ်နှစ်ပဲ နေထိုင်သီတင်းသုံးမယ့် ပုဂ္ဂိုလ်ဖြစ်သော်လည်း အတ္တကို ခ၀ါချကာ နောင်လာမဲ့ ညီတော်နောင်တော်ရဟနုးတော်များ အခက်အခဲမ ရှိရလေအောင်။ စိတ်ချမ်းသာမှု မှရှိရလေအောင်။ စိုးရိမ်ကြောင့် သောက ကင်းဝေး ရအောင်။ နောက်---မြန်မာ ကိုယ်တော်တွေ နေသာနေသွားတယ် ကျောင်းလေးကို ဘာမှပြုပြင်မှု မလုပ်ခဲ့ဘူးဆိုတဲ့ သီရိလင်္ကာ ဘုန်းတော်ကြီးများရဲ့ အတွေးကဲ့ရဲ့မှုဒဏ်တွေကိုလဲ ကွာကွယ်ပြီး သာဖြစ်ရအောင်။ နောက်--မိမိပခုံးပေါ် ကျရောက်လာတဲ့ တာဝန်ကို ကျေပွန်စေ ချင်တာရယ်ကြောင့်---ဒီအတွေးစိတ်ကူးလေး ပေါ်လာရခြင်းဖြစ်ပါတယ်။
   ပေါ်လာတဲ့စိတ်ကူးအတွေးလေးကို အကောင်းဆုံးဖြစ်အောင် ဖော်ဆောင်ဝေငှလိုက်ခြင်းရယ်ပါ။ အားလုံးသော ညီတော်နော င်တော် မြန်မာရဟန်းတော်များ ၀မ်းမြောက်နုမော် သာဓုခေါ်ကာ ကျန်းမားရွှင် လန်းနိုင်ကြပါစေ။ ကုသိုလ်ရှင် ကျောင်းအစ်မကြီးလဲ သံသရာစ အပူကင်းပြီး အေးချမ်းသာယာ သော၊ ချမ်းသာခြင်း အတိရှိသော နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါစေလို့----အမေ့မေတ္တာ အရှင်....။
Saturday, April 21, 2012
ဘယ်လိုနေရှာမလဲ
                                                  ဘယ်လိုနေရှာမလဲ
                                                         သို့
                                                   မာကြ,သာကြရဲ့လား
     မြတ်ဘုရားက ရဟန်းတော်တွေကို "ကစ္စိ ခမနီယံ၊ ကစ္စိ ယာပနီယံ..ချစ်သားတို့ ကျန်းမာကြသလား။ သပ္ပါယဖြစ်ကြရဲ့လား၊ ကျန်းခန့်မာလို့ သာပါရဲ့လား" လို့ ရဟန်းတော်တွေ နဲ့တွေ့တိုင်း မေးမြန်းလေ့ ရှိပါတယ်။ မြတ်ဗုဒ္ဓဆိုတာ ဗုဒ္ဓဘာသာကို တည်ထောင်မွေး ဖွားပေး ခဲ့သူ။ ခေါင်းဆောင်တစ်ဦးဖြစ်သလို။ လောကကြီးကိုလဲ အလင်းပြပေးခဲ့သူတစ်ဦး၊ သတ္တ၀ါတွေကို အမှန်းတရား ရှာဖွေးပေးခဲ့သူတစ်ဦးဖြစ်တဲ့။ သူတည်ထောင်ထားတဲ့သာသနာဘောင့်ကို ၀င်ရောက်လာသော ရဟန်းသံဃာအားလုံးကိုလဲ အမြဲတမ်းသာယာမှုကို ရရှိစေချင်သူ။ ဘယ်တော့မှ ရဟန်းသံဃာတော်တွေကို မျက်ကွယ်မပြုခဲ့ဘူး။ ဒါကြောင့်လဲ- မြတ်ဗုဒ္ဓက ရဟန်းတော်တွေကို ချစ်သားတို့ နေရထိုင်ရ သီတင်းသုံးရတာ အဆင်ပြေကြရဲ့လား။ ကျန်းမာကြရဲ့လား။ သပ္ပါယဖြစ်ကြရဲ့လား လို့ အမြဲတမ်းလိုလိုမေးမြန်းလေ့ရှိပါတယ်။ မေးဆို--မြတ်ဗုဒ္ဓက သာသနာ့ခေါင်းဆောင်တစ်ဦးပါ။
      ဒီလိုပါပဲ.. နေရာတိုင်းမှာ ခေါင်းဆောင်ဆိုတာ ရှိပါတယ်။ နိုင်ငံခေါင်းဆောင်တွေကလဲ မိမိရဲ့လက်အောက် ငယ်သား နိုင်ငံသူ-နိုင်ငံသားများကို အဆင်ပြေရဲ့လား။ သာယာမှုရှိကြရဲ့လားလို့ တွေးမိ စဉ်းစားမိကြမှာပါ။ မိသားစုတစ်စုမှာလဲ မိဘများကို သားသ္မီးတွေ အဆင်ပြေကြရဲ့လား။ နေကောင်းကျန်းမာကြရဲ့လား။ ဘယ်လိုများနေကြသလဲ ဆိုတာတွေကို စဉ်းစားမိမှာ အမှန်ပါပဲ။ အမြဲတမ်းတွေးနိုင်လေလေ။ စဉ်းစားနိုင်လေလေ ပိုကောင်းကောင်းလေလေပါ။
  အခု--အရှင်လဲ စဉ်းစားနေမိတာပါ။ သူတို့လေးတွေ ဘယ်လိုနေရှာမလဲ။ မာကြ-သာကြရဲ့လားလို့ပါ။ အမြဲတမ်းလိုလို တွေးမိ စဉ်းစားမိနေတာပါ။ သူတို့ဆိုတာက--အရှင်လွန်ခဲ့တဲ့နှစ်နှစ်တုန်းက မန်းလေး မိခင်တက္ကသိုလ်ကြီးက ပေးအပ်လိုက်သော သာသနာပြုတာဝန်တွေကို ထမ်းဆောင်ဖို့ကြွရောက်စဉ်က ကျခဲ့ဆုံခဲ့ ပြုစုစောင့်ရှောက်ခဲ့သော ခန္တီး နာဂတောင်တန်းဒေသက နာဂတိုင်းရင်သား-သူလေးများကို ဆိုလိုတာပါ။
   အားလုံးသိတဲ့အတိုင်းပဲလေ..အရှင်တို့တစ်တွေဟာ အမိတက္ကသိုလ်ကြီးမှာ လေးနှစ်တာပညာရပ်တွေ သင်ယူပြီး နှစ်နှစ်တာ မြန်မာနိုင်ငံအနှံ့အပြားရှိ နယ်စပ်နှင့်တောင်းတန်းဒေသများဆီသို့ သာသနာပြုခရီး ထွက်ခဲ့ကြရပါတယ်။ ရန်ကုန်-မန်းလေး အမိတက္ကသိုလ်ကြီး ရင်ခွင်နှစ်ခု မှ ပညာရည်နို့သောက်စို့ခဲ့ကြသော ညီတော်နောင်တော် ရဟန်းတော်များဟာ မိမိတို့ကျရာ ဒေသ အသီးသီးသို့ ထွက်ခွါချီ တက်ခဲ့ကြရပါတယ်။ ဝေးလံခေါင်း ပါးသော တောင်တန်းဒေသများရှိသလို။ ချောမွေ့ နီးသော မြေပြန့်များလဲ ရှပါတယ်။ ဘယ်လောက်ပဲ ဝေးဝေး၊ ဘယ်လောက်ပဲ ကြမ်းတမ်းကြမ်းတမ်း၊ ဘယ်လောက်ပဲ ခက်ထန်ခက်ထန်၊ ဘယ်လောက်ပဲ ခေါင်းပါး ခေါင်းပါး-- အရှင်တို့ တစ်တွေဟာ ငြင်းဆိုခွင့်မရှိ မိမိတို့ကြရာ ဒေသများဆီသို့ သာသနာပြုစိတ် ဓာတ်အပြည့်၊ တောင်တန်းဒေသက တိုင်းရင်း သားလေးတွေကို ပြုစြု ပုထောင်ပေးလိုသော စိတ်ဓာတ်အပြည့်နဲ့ ကြွရောက် ချီတက် ကြပါတယ်။
    အရှင်ကတော့--စစ်ကိုင်းတိုင်းဒေသထဲက ခန္တီးမြို့နယ် အတွင်းက လာဝယ်ဆိုတဲ့ နာဂရွာလေးတစ်ရွာကို တာဝန်ကျပါတယ်။ ခန္တီးကို မန်းလေးကနေ လေယျာဉ်နဲ့ သူငယ်ချင်းလေးပါး (အရှင်လက္ခဏ၊ သုမန၊ ဇောတိကတို့နှင့်) အတူ ကြွရောက်ခဲ့ကြပါတယ်။ ခန်းတီးက လေယျာဉ်က ၁ နာရီ လေးဆယ့်ငါးမိနစ် လောက်စီးရပါတယ်။ ခန္တီးမြို့လေး ဟိုအရင် တစ်ချိန်က ရတနာ -ကျောက်စိမ်းမြို့ေ တ်ာလေးပါ။ ခုတော့လဲ တောရွာလေးသာသာပါ။ ခန္တှီးမြို့ပေါ်မှာ ရှမ်း-မြန်မာ-နာဂတိုင်းရင်းသားအများစုနေထိုင်ကြပါတယ်။ ခရစ်ယာန် နဲ့ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပါတယ်။ စီးပွားရေးကတော့ ရွှေ၊ ကျောက်စိမ်း၊ တောင်ယာ၊ တံငါ၊ ဈေးရောင်း လုပ်ငန်းများကို အဓိက လုပ်ကိုင်စားသောက်ကြပါတယ်။ လမ်းပန်း ဆက်သွယ်ရေးကတော့ ကားလမ်း မပေါက်ပါဘူး။ ရေလမ်းနဲ့လေကြောင်းပဲရှိပါတယ်။ လေကြောင်းကတော့ ခန်းတီးကို တိုက်ရိုက်ရောက်ပါတယ်။ ရေကြောင်းကတော့ နှစ်ညအိပ်ကြာပါတယ်။ မုံရွာ ချဉ်းတွင်းမြစ်အတိုင်း ဆန်တက်ရပါတယ်။ ခန်းတီးမြို့လေးက ချဉ်းတွင်းမြစ်ဘေးမှာ တည်ရှိနေပါတယ်။ သာယာတယ်လို့လဲ ပြောနိုင်ပါတယ်။
    အရှင်ကြတဲ့လာဝယ်ရွာလေးကတော့ ခန်းတီးကနေ လေးမိုင်လောက်ဝေးပါတယ်။ ကားလမ်း-ရေလမ်း နှစ်မျိုးပေါက်ပါတယ်။ မိုးရာသီမှာတော့ ကိုယ်ပိုင် ဟွန်ဒါ စက်လှေလေးတွေနဲ့သွားကြလာကြပါတယ်။ ရေရှားချိန်မှာတော့ ကားလမ်းကနေ သွားကြလာကြပါတယ်။ ကားလမ်း ဆိုသော်လည်း ခြေကျင်သာ သွားလေ့ ရှိကြ ပါတယ်။ လေးမိုင်လောက်ဆိုပေမဲ့ တောင်ဆင်းတောင် တက်လမ်းတွေဖြစ်တာမို့ ပုံမှန်အားဖြင့် ၂ နာရီလောက် လျှောက်ရပါတယ်။ အရှင်ကတော့ ဗဟိုခေါင်းဆောင်ဆရာတော်။ ခရိုင်သာသနာရေးမှူး၊ မြို့နယ်သာသနာရေးမှူးတို့နဲ့အတူ သုံးဘီးကားနဲ့သွားခဲ့ပါတယ်။ လာဝယ်ရွာ ဥက္ကဌအဖွဲ့တွေလဲ လာကြိုကြပါတယ်။ အရှင်မှာကလဲ မန်းလေးက ပါလာခဲ့သော အ၀တ်အစား။ လုံခြည်။ ဆပ်ပြာမုန့်။ ချိုချဉ် အထုပ်တွေကလဲ ပါတော့ ကားကို အတော်လေး မောင်းရပါတယ်။ လမ်းတွေကတော့ မဆိုးပါဘူး။ ဖုန်ပေါပြီး ကျောက်စရစ်ခဲများပါတယ်။ လမ်းကတော့ အမြင့်ပိုင်းကြပါတယ်။ လမ်းဘေးဝဲယာအောက်မှာတော့ ချောက်တွေပေါပါတယ်၊ တောင်ယာ-တောင်ခင်း-လယ်ယာတွေကိုလဲ တွေရပါတယ်။ ရွာကိုမရောက်ခင် ပထမဦးဆုံးတွေ့ရတာက ခန်းတီး အကျဉ်းထောင် ပါပဲ။ ထောင်ရဲ့ခေါင်းရင်းမှာ စေတီတစ်ဆူကို ဖူးတွေ့ရပါတယ်။ ခန်းတီးထောင်ကို ကျော်ပြီး သိပ်မကြာခင်မှာပဲ လာဝယ်ရွာလေးကို ရောက်ခဲ့ပါတယ်။ တကယ်တော့ လာဝယ်ရွာလေးနဲ့ ခန်းတီးအကျဉ်းထောင်က သိပ်မဝေးပါဘူး။ ဆယ်မိနစ်လောက်ပဲ လျှောက်ရပါတယ်။
       ရွာကိုရောက်တာနဲ့ ရွာသူရွာသားတွေက စောင့်ကြိုနေကြပါတယ်။ ကလေးတွေလဲအများကြီးပဲလေ။ သူတို့က ကလေးတွေကို ပိုးတံဘက်နဲ့ အမြဲတမ်းပဲ ပိုးထားကြပါတယ်။ ချီတယ် ပွေ့တယ်ဆိုတာ မရှိသလောက်ပါပဲ။ အားလုံးကု အရှင်ကို ၀ိုင်းကြည့်ပြီး ပြုံပြကြပါတယ်။ လော်ဝမ်း--လော်ဝမ်း လို့ခေါ်နေတာကိုလဲ ကြားရပါတယ်။ ဘာပြောမှန်းတော့ မသိဘူးပေါ့။ ရွာလေးက အောက်ချိုင့်လေးထဲမှာ တည်ထားမို့ ကားလမ်းပေါ်ကနေ တစ်ရွာလုံးကို မြင်နေရပါတယ်။ နောက်--သာသနာပြုရွာဦးကျောင်းနဲ့ ရွာဦးစေတီကိုလဲ ထင်းထင်းကြီး ဖူးတွေ့ရပါတယ်။ ရွာသူရွာသားတွေက အထုပ်အပိုးတွေကို ၀ိုင်းသယ်ပေးကြပါတယ်။ ကျောင်းကိုသွားရာလမ်းက ရွာလယ်ခေါင်မှာမို့ အိမ်းတိုင်း ထွက်ပြီး ကြည့်ကာပြုံးပြနေကြပါတယ်။ ကျောင်းကိုရောက်တော့ ဆရာတော်ကြီးကို ရှိခိုးပြီး ရွာသူ-သားတွေနဲ့ မိတ်ဆက်ပွဲလေးလုပ်ပါတယ်။
       ဒီမှာ--ဆရာတော်ကြီးဆိုတာက နာဂတိုင်းရင်းသား ဘုန်းကြီးတစ်ပါးပါ။ ခန်းတီးဇာတိပဲဆိုပါတော့။ ဒီရွာလေးကို အရင်က တက္ကသိုလ်ကျောင်းဆင်းရဟန်းတော်တွေကို ချလေ့မရှိပါဘူး။ အရှင်က ပထဦးဆုံး နပသ ကျောင်းဆင်း သာသနာပြုရဟန်းတော်ဆိုပါတော့။ အပြင် သထပ သာသနာပြု ရဟန်းတော်အဆက်ဆက် သာသနာပြုခဲ့တာပါ။ အခုတော့ ဆရာတော်ကြီးက အသက်လဲ ကြီးလာ--စာပေကလဲ သိပ်မတတ်တော့ အရှင်ကို ထပ်ချပေးတယ်ဆိုပါတော့။ ဆရာတော်ကြီးကတော့ ၅၀ ကျော် ၆၀ ဆိုတော့ ဆေးပဲကုပေးနိုင်တယ်လေ။သို့သော် ဆရာတော်ကြီး ကျေးဇူးတွေက ရွာသူ-သားတွေအပေါ်မှာ မနည်းပါဘူး။ ဆရာတော်ကယ်ခဲ့တဲ့ သူတွေ နည်းမှ မနည်းပဲ။
    အရှင်ကတော့ ဆရာတော်ကြီးနဲ့ နေပြီး သာသနာပြုရပါတယ်။ ကံကောင်းတယ်ပဲပြောရမလား။ ကံဆိုးတယ်ပဲပြောရမလား မသိဘူး။ ကျောင်းက နှစ်ထပ်အသားကျောင်း သွပ်မိုး။ စေတီတစ်ဆူရှိတယ်။ မီးစက်ရှိတယ်။ ရေပြည့်စုံတယ်။ နေဖို့စားဖို့ ပြည့်စုံတယ်ဆိုပါတော့။ ရွာက ဆွမ်းပို့ပေးပါတယ်။ ပထမ တစ်ရက်နှစ်ရက်တော့ ကြောင်တောင်တောင်ပါပဲ။ ကျောင်းသားကိုရင်မရှိလို့လေ။ ရွာလေးက အိမ်ခြေ ၇၀ကျော်ရှိပါတယ်။ အားလုံးက ဗုဒ္ဓဘာသာချည်ပဲ။ သူတို့ ရိုးရာဓလေ့စည့်ကမ်းလေးက ကောင်းတယ်။ ရွာမှာ အားလုံး ဗုဒ္ဓဘာသာဝင်တွေချည်ပဲ ရှိရမယ်။ တခြား ဘာသာခြားတွေလာနေချင်တယ်ဆိုရင် အားလုံး ဗုဒ္ဓဘာသာကိုပြောင်းရတယ်။ အိမ်ထောင်ပြုတဲ့အခါမှာလဲ ခရစ်ယာန်ဘာသာဝင်တစ်ဦးကို လက်ထပ်မယ်ဆိုရင် ရွာမှာနေပါက ဗုဒ္ဓဘာသာပြောင်းရတယ်။ မပြောင်းဘူးဆိုရင်တော့ ရွာမှာနေလို့မရဘူး။ တရွာလုံး အခုချိန်ထိ ဒီစည်းကမ်းကို လိုက်နာကြတယ်။ ကျိုးဖောက်တဲ့သူမရှိသေးဘူး။
       ပထမတစ်ရက်နှစ်ရက်တော့ အရှင်လဲ ရွာသူ ရွာသားတွေနဲ့ ရင်းနှီးမှုရအောင် ဆိုပြီး ရွာထဲကို လမ်းလျှောက်ထွက်တယ်။ အိမ်တွေကို လိုက်လည်တယ်။ ကလေးတွေကို မုန့်ကျွေးပြီး ကျောင်းကိုခေါ်တယ်။ တန်းကျောင်းသားလေးတွေ လေးငါးဆယ်ယောက် ကျောင်းကို လာအိပ်ကြတယ်။ သူတို့လေးတွေကို ညမှာ ဘုရားရှိခိုး။ ဆုံးမစာလေးတွေကို သင်ပေးပါတယ်။ တန်းကျောင်းက စာတွေကို ပြန်သင်ပေးတယ်။ ပုံပြင်ပြောပြပေးတယ်။ ကလေးတွေကလဲ နားထောင်ကြပါတယ်။ အရှင်ကိုလဲ ခင်ကြမင်ကြပါတယ်။ သူတို့လေးတွေကို မနက်တစ်ချိန် ၊ ညတစ်ချိန် ဘုရားရှိခိုးတက်ခိုင်းတယ်။ စောစောထခိုင်းပြီး ဘုရားရှိခိုးတက်ခိုင်းပြီး ရေနွေးအိုးတည်သူကိုတည်ခိုင်း၊ တံမြက်စည်းလည်း ကြမ်းတိုက်ခိုင်းသူကို ခိုင်း၊ သောက်ရေအိုးဖြည့်ခိုင်းသူကို ခိုင်း ရပါတယ်။ အရှင်ကလဲ သူတို့ဆီကနေ့ နာဂစာလေး ပြန်လည်သင်ရပါတယ်။
    နောက်--သူတို့လေးတွေပျော်အောင် ညနေပိုင်းမှာဆို ဘောလုံးကန်ခိုင်းရတယ်။ တစ်ခါတစ်လေလဲ ကိုယ်တိုင်ကန်ပေးရပါတယ်။ ဘောလုံးကန်ပြီးတာနဲ့ ခဏနားပြီး ချောင်းကိုသွားပြီး သူတို့လေးတွေနဲ့အတူ ရေးချိုးရပါတယ်။ ပြန်လာတာနဲ့ သူတို့လေးတွေကို မီးဖိုချောင်ဝင်ပြီး ညနေစာ စီမံပေးရပါတယ်။ နေ့လည်က ချန်ထားတဲ့ဟင်းလေးတွေကို ပြန်နွေးပြီး အရှင်ဝယ်ထားတဲ့ ပဲကြမ်းကြော်--ငပိဖူးလေးတွေကို ဝေပေးရပါတယ်။ သူတို့စားပြီးတာနဲ့ ဘုရားရှိခိုးတက်ခိုင်းပြီး စာကျက်ခိုင်းရပါတယ်။ ၈ နာရီလောက်ဆို နားခိုင်းပြီး အနားမှာ ခေါ်ကာ ပုံပြင်ပြောပြ--ဆုံးမစကားပြောပြပါတယ်။ ကိုးနာရီလောက် အိပ်ခိုင်းလိုက်ပါတယ်။ မိးက ဖုယောင်းတိုင်ဆိုတော့လေ။ မီးးစက်က ဆရာတော်ကြီးက မမောင်းချင်တော့--မမောင်းဖြစ်ဘူးလေ။----ဆက်ပါမည်။
             အားလုံးရွှ့င်လန်းချမ်းမြေ့သာယာရှိပါစေ! အမေ့မေတ္တာ အရှင်..။
Monday, April 16, 2012
Religions.
                                   Religions
      In this chapter, I think it should be described a modicum about the basic principles of the main religions. The reason it should be described is the men and children, the Buddhists and others to observe each religion by comparing and by developing consideration knowledge, and to criticize and discriminate truth and false, since childhood.
     In the academic study of religion as a phenomenon in history the term ‘religion’ can be considered in its different aspects: as an inner experience, as theology, or intellectual formulation of doctrine, as a basis or source of ethics and as an element in culture.
       Different scholars have given different views and opinions of its nature and meaning. According to Aldous Huxley, religion is, among other things, a system of education, by means of which human beings may train themselves, first to make desirable changes in their own personalities and in society, and second, to heighten consciousness and so establish more adequate religions between themselves and the universe of which they are parts.
   Modern India philosophers like Dr. Radhakrishnan, have expounded the theme that religion is not a set of doctrines but that it is experience. And religious experience is based on the realization of the ‘presence of the divine in man. ‘H.G. Wells says ‘religion is the central part of our education that determines our moral conduct’. The German philosopher, Kant, stated that ‘religion is the recognition of our moral principles as laws that must not be transgressed.’
      The Buddha’s message as a religious way of life: “Keeping away from all evil deeds, cultivation of life by doing good deeds and purification of mind from mental impurities.” For our purposes, religion may be defined in a very broad sense as a body of moral and philosophical teachings and the acceptance with confidence of such teachings.
     In this present world, men can be able to chooses as one’s wish and take refuges religion what is one appreciates freely. Regarding about it, men are taking refuge various religion, such as Hinduism, Buddhism, Islam, Christianity, Judaism, Jainism and so on. However, there are just four religions, which the great power and many million people are taking refuge. They are;
       (1) Hinduism,
       (2) Buddhism,
       (3) Christianity and
       (4) Islam.
I will mentioned it more and later. Be patient me. 
May all of you be happy and peaceful in your mind and body!
Thursday, April 12, 2012
သတိသို့ ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
သတိ
သို့
ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ
         အော်--သင်္ကြန်အကြိုနေ့ကိုတောင် ရောက်နေပြီကို။ မြန်မာပြည်ကြီး တစ်ခုလုံးသင်္ကြန် ရေတွေ လွှမ်းမိုးတော့မှာပါလား။ အားလုံးသောပြည်သူတွေလဲ ကိုယ်စီကိုယ်စီ ပျော်နေ ကြရောပေါ့။ ပြည်တွင်းက ပြည်သူတွေရော၊ ပြည်ပကပြည် သူတွေရော ၂၀၁၂ အတာသင်္ကြန်ရဲ့ အရသာကို အားရပါးရ ခံစားကြတော့မယ်လေ။ အလွှာမျိုးစုံကို တွေ့ရမှာပါ။ ပျော်သူတွေက ပျော်၊ ကဲ သူတွေ က-ကဲ၊ ကခုန်သူတွေက ကခုန်၊ သီဆိုသူတွေက သီဆို၊ ရေကစားသူတွေက ရေကစား၊ ကြည့်သူတွေက ကြည့် ပေါ့လေ။။ နောက်-သူတို့နဲ့အပြိုင် သင်္ကြန်မှာ ဘုရားကျောင်းသွားသူတွေက သွား၊ ရိပ်သာဝင်သူတွေက ၀င်၊ သီလစောင့်သူတွေက စောင့်၊ တရားနာသူတွေက နာ၊ အလှူဒါန ပေးသူတွေက ပေး၊ ဘုရား-ကျောင်းမှာ ဝေယျာဝစ္စ ကုသိုလ်တွေကို ယူသူတွေက ယူ၊ ဆွမ်းလောင်းသူတွေက လောင်း၊ ကောင်းမှုကုသိုလ်တွေကို ပြုသူတွေက ပြု၊ ပုတီးစိပ်သူတွေက စိပ် ပေါ့လေ။
        ဒါတင် ဘယ်ဟုတ်မလဲ--ရှိပါသေးတယ်။ ပြောခဲ့သော နှစ်မျိုးလုံးထဲမှာ မပါဝင်နိုင်သော သူတွေကလဲ ရှိသေး။ ကျန်းမာရေးမကောင်းလို့၊ လုံးဝကို မအားလို့၊ အဆင်မေပြေလို့ စသော အကြောင်းအမျိုးမျိုးကြောင့်ဆိုပါတော့။ ဘာပဲဖြစ်ဖြစ် ဒါတွေက သဘာဝတရားတွေပဲ မဟုတ်လား။ သဘာဝတရား ရှိနေမှတော့ ပျော်သူတွေကပျော်၊ ငိုသူတွေကငို၊ ကောင်းမှုလုပ်သူတွေက လုပ်၊ မကောင်းမှုလုပ်သူတွေကလုပ်ပေါ့လေ။
        ဒါပေမဲ့လဲ ပြောလိုက်ချင်သေးတယ်လေ--ကုသိုလ်လုပ်ရင်း အကုသိုလ်ဖြစ်တတ်ပုံ၊ ကောင်း ကျိုးထက် အပြစ်ကပိုများပုံလေး။ ရှေ့အခါကပေါ့- ဗာရာဏသီပြည်မှာ ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ်က ဆိုပါတော့ ပုဏ္ဏားတစ်ဦးက သေသူအတွက် ရည်မှန်းဆွမ်း လှူဒါန်းပွဲအတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် တပည့်တွေကို ဆိတ်လေးကို ရေချိုးပေးဖို့ မြစ်ဆိပ်ကို လွန်လိုက်တယ်။ ရေချိုးပြီး ဆိပ်ကမ်းမှာ ခဏလေး ချည်ထားတဲ့အခါ ဆိပ်က ဟက်ဟက်ပက်ပက် ရယ်မောပြီး တစ်ဖန်ငိုကြွေးလိုက် သည်။ ပြန်ရောက်တဲ့အခါ ဆရာပုဏ္ဏားကို ပြောပြကြတယ်။ ဆရာကြီးက ဘာကြောင့် ငိုလည်းငို ရယ်လည်းရယ်သလဲ မေးတဲ့အခါ ဆိတ်ကြီးက “ အသင် ပုဏ္ဏား ရှေ့အခါက ငါလည်း သင်ကဲ့သို့ ဆိတ်တစ်ကောင်ကို သတ်ပြီး ဆွမ်းလှူဒါန်းခြင်း မတကဘတ်ကို ပြုလုပ်ခဲ့ဖူးတယ်။ အဲ့ဒီ အကုသိုလ်ကံကြောင့် ငါဟာ လေးရာကိုးဆယ့်ကိုးဘ၀လုံး ခေါင်းဖြတ်အသတ်ခံရပြီး ယခု ဘ၀မှာ ငါးရာမြောက် နောက်ဆုံးဘ၀ဖြစ်တယ်။ ယခု ဒီဝဋ်ဆင်းရဲမှ လွတ်မြောက်တော့မည် ဖြစ်သောကြောင့် ရယ်ရပါသည်။ အသင်ကား ငါ့ကို သတ်ပြီး ငါကဲ့သို့ပင် ဘ၀ငါးရာ အသတ်ခံရမည်ကို တွေးကာ သနားသောကြောင့် ငါငိုရပါတယ်”လို့ ပြောပြလေသည်။
        ထိုအခါ ပုဏ္ဏားက သင့်ကို ငါမသတ်တော့ဟု ပြောသော် ၊ သင်မသတ်လည်း ငါသည် ယနေ့ သေခြင်းမှ မလွတ်နိုင် ဟု ဆိတ်ကြီးက ပြန်ပြောလေသည်။ ပုဏ္ဏာားကြီးက မည်သူမှ မသတ်စေရန် အစောင့်ရှောက်ထားလွတ်လိုက်သော်လည်း ဆိတ်ကြီးသည် ကျောက်ဖျာပေါ်တွင် ပေါက်နေသော ချုံဖုတ်မှ သစ်ရွက်များကို စားမည်လုပ်စဉ် မိုးကြိုး ပစ်ခတ်မှုကြောင့် လွှင့်ထွက် လာသော ကျောက်လွှာတစ်ခုသည် ဆိတ်ကြီး၏ လည်ပင်းကို ထိမှန်ပြီး ဆိတ်ကြီး အဲ့ဒီနေရာမှာပင် လည်ပြတ်သေဆုံးသွားရရှာသည်။
        ထိုဖြစ်ရပ်ကို လူများကု လာရောက်ကြည့်ကြသည်။ ထိုအခါ ရုက္ခစိုးဖြစ်နေသော ဘုရားလောင်က “သင်တို့သည် မကောင်းမှု၏ အကျိုးကို သိမြင်ကြရကုန်ပြီ၊ ဒါကြောင့် သစ်တစ်ပါးအသက်ကို မသတ်ကြကုန်လင့်” ဟု တရားဟောကာ သီလ၊ ဒါန၊ ဘာဝနာအမှုတို့ကို ပြုလုပ်စေပါသည်။
        ဒီဇာတ်လမ်းကို အကြောင်းပြုပြီး ယနေ့မျက်မှောက်ခေတ်တွင် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ  လို့ ဆိုရိုးပြုနေကြပါသည်။ မြန်မာဗုဒ္ဓဘာသာဝင်များလည်း “ မင်းလုပ်တာက ကုသိုလ်တစ်ပဲ ငရဲတစ်ပဿာ ဖြစ်နေပြီ” လို့ နေ့စဉ်လိုလို ပြောနေ-ကြားနေရပါသည်။ တကယ်တော့ ဒီဇာတ်တော်မှာ ပုဏ္ဏားကြီးသည် လှူဒါန်းမှုကို အကြောင်ပြုပြီး ဆိတ်ကိုသတ်မည်လုပ်၏။ ၀ဋ်မှာအမြဲ ငရဲမှာ အပ၊ ၀ိပါတ်ကြမ္မာ မပြေးသာ၊ ပြုသူ အသစ် ဖြစ်သူအဟောင်းဆိုသည့် ဆိုရိုးစကားအတိုင်း မိမိတို့ပြုလုပ်သည့် အကုသိုလ်သည် တစ်ဖန်ပြန်ပြီး ခံရမည်ဖြစ်ကြောင်း၊ ကုသိုလ်ပြုသောအခါမှာလည်း အကုသိုလ်ခြံရံပြီး မပြုလုပ်ရန်။ နောက်-မည်သည့်အကြောင်းကြောင့် ဖြစ်စေ ကောင်းမှုပြုလျှင် ကောင်းကျိုးခံစားရမည်၊ မကောင်းမှုပြုလျှင် မကောင်းကျိုးခံသစာရမည် ဖြစ်ကြောင်း။ နောက်-ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်ရန် သန့်ရှင်းစွာ ကုသိုလ်ပြုတတ်ရန် နှင့် ကုသိုလ်ယောင်ယောင်နဲ့ အကုသိုလ်ဖြစ်နေသော ကိစ္စရပ်များကို စဉ်းစားဆင်ခြင် တွေးတောကာ ရှောင်ရှားတတ်ရန် ဖော်ပြလိုက်ရပါသည်။
        နှစ်သစ်သင်္ကြန်မှာ ပျော်ရွှင်သူ အပေါင်း ဘေးကင်းစွာဖြင့် ပျော်ရွှင်ကြည်နူးနိုင်ပြီး အတာရေသင်္ကြန်အရသာကို ပြည့်ဝစား ခံစားနိုင်စေရန်နှင့် ကုသိုလ်ကောင်းမှုပြုလုပ်သူ အပေါင်းလည်း ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ မဖြစ်မိစေရန် ဆုတောင်းမေတ္တာပို့သရင်းဖြင့်----အမေ့မေတ္တာ အရှင်-။ အားလုံး တက်သစ်နေ၀န်း၊ ထွန်းသစ်လမင်း၊ ပွင့်သစ်ပန်းကဲ့သို့ ရွှင်လန်းချမ်းမြေ့ သာယာကြည်နူးနိုင်ကြပါစေ--။
Sunday, April 8, 2012
အတိတ်ကသင်္ကြန် သို့ နာဂမြေကို လွမ်းမောခြင်း
အတိတ်ကသင်္ကြန်
သို့
နာဂမြေကို လွမ်းမောခြင်း
 ဘာလိုလိုနဲ့ နှစ်သစ်သင်္ကြန်ကို ရောက်ပြန်တော့မယ်။ သင်္ကြန်နဲ့  ပက်သက်လို့ ရှေ့မှာ ပြည့်စုံနီးပါး ဖော်ပြခဲ့ပြီးပါပြီ။ ခုတော့ ဘာရယ်မဟုတ်ဘူး နာဂမြေက အတိတ်သင်္ကြန်ကို ပြန်လည် လွမ်းမောခံစားကြည့်ခြင်းရယ်ပါ။ ခံစားဆို တကယ်လဲ ကြည်နူးစရာ၊ ပျော်ရွှင်စရာ၊ လွမ်းမောစရာ၊ မှတ်သားစရာတွေက များခဲ့တယ်လေ။ အခုလို အမိမြေနဲ့ဝေးနေချိန်မှာဆိုတော့ ပိုလို့တောင် တမ်းတမိပါတယ်။
       သတိရမိပါသေးတယ်--မနက်မိုးလင်းတာနဲ့ “ကျော်မန်း-ကျော်မန်း”၊ “နန်းတေ-နန်းတေ” ဆိုတဲ့ နာဂတိုင်းရင်း သူလေးတွေရဲ့ စကားဝဲ၀ဲလေးတွေက နားထဲမှာကြားကြား နေရ တာကိုလေ။ ပြောရအုံးမယ်--ကျော်မန်းဆိုတာက ပိန်းကူး နာဂမျိုးဝင် တွေစကားပါ။ ဘုန်းကြီး လို့ ခေါ်တာပါ။ နောက်- နန်းတေ ဆိုတာကတော့ ဟိုင်းမြေနာဂတိုင်းဂရင်းသားတွေရဲ့ အသုံးပါ။ ဘုန်းကြီးလို့ ခေါ်ဆိုခြင်းပါပဲ။ အရှင်က နာဂတောင်တန်း သာသနာပြု နှစ်နှစ်တာခရီးမှာ နာဂရွာလေး သုံးရွာမှာ သာသနာပြုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ခဲ့ရပါတယ်။ အဲ့ဒီနာဂရွာလေးတွေက ၁။ လာဝယ်ရွာ။ ၂။ နန်ဖာရွာ။ ၃။ အောင်မြေရွာဖြစ်ပါတယ်။ ခန္တီးမြို့နယ်-စစ်ကိုင်းတိုင်းမှာပါ။
       လာဝယ်ရွာလေးအကြောင်းကိုတော့ မပြောတော့ပါဘူး။ လာဝယ်ရွာလေးမှာ သင်္ကြန်ကျခွင့် မရခဲ့ဘူးလေ။ ကျန်တဲ့ ရွာလေး နှစ်ရွာမှာပဲ သင်္ကြန်ကျခဲ့ပါတယ်။ ဒါကြောင့် ကျော်မန်းဆိုတာက နန်ဖာဆိုတဲ့ နာဂရွာလေးက ဘုန်းကြီးကိုခေါ်တဲ့ စကားသံလေးပါ။ နန်းတေ ဆိုတာ ကတော့ အောင်မြေရွာက နာဂသူလေးတွေရဲ့ ဘုန်းကြီးအခေါ်ပါ။ သူတို့လေးတွေက သင်္ကြန်ရောက်တော့မယ်ဆိုတာနဲ့ ရင်ခုန်သံတွေက မြန်နေကြပြီလေ။ သူတို့မျက်နှာလေးတွေမှာ အပြုံးကိုယ်ဆီ ပွင့်လို့နေပါတယ်။ သူတို့မျက်နှာလေးတွေကို ကြည့်ပြီး သာသနာပြု ရဟန်းတော်များမှာလဲ ၀မ်းသာပီတိဖြစ်ကြရပါတယ်။ မောပန်းတယ်လို့ မထင်ရအောင်ကို ပီတိဖြစ်ရတာပါ။ မောပန်းဆိုတာက--အရှင်တို့သာသနာပြု ညီတောင်နောင်တော်များက သင်္ကြန်ကာလကို နီးလာတာနဲ့ ပြေးရလွှားရပါတယ်။ သူတို့လေးတွေ သင်္ကြန်မှာ ပျော်နိုင်ရွှင်နိုင်ဖို့ လှုပ်ရှားကြရ။ ပြင်ရဆင်ရပါတယ်။
       သင်္ကြန်သီချင်းများကို ရှာဖွေစုဆောင်းရပါတယ်။ သင်္ကြန်ရေသဘင်ကို ဆောက် ပေးရပါတယ်။ တတ်နိုင်သလောက် ၀တ်စုံလေးတွေကိုလဲ မှာယူ ချုပ်ပေးရပါတယ်။ နောက်- သူတို့လေးတွေကို မြန်မာ့အတာသင်္ကြန်သီချင်းများနဲ့ သင်္ကြန်အက ကို တိုက်ပေးရပါတယ်။ သူတို့လေးတွေကလဲ အတော်လေးကို ပျော်ပျော်ရွှင်ရွှင်ပဲ အကကိုတိုက်ကြပါတယ်။ မျက်နှာလေးတွေကလဲ ရှက်သွေးဖြန်းနေတော့ တစ်မျိုးလေး ကြည့်လို့ကောင်းနေပါတယ်။ အကကိုတော့ ခေတ်ဟောင်း-ခေတ်ပေါ် နှစ်မျိုးလုံးကို တိုက်ပေးရပါတယ်။ ဒါတွေကို သင်္ကြန်မတိုင်ခင် တစ်လအလိုကတဲ့က ကြိုတင်လုပ်ပေးရတာပါ။ ညတိုင်း မီးမောင်းပေးဖို့လဲ အရှင်တို့မှာ မောရပါတယ်။ ဓာတ်ဆီဈေးကလဲ တယ်ကြီးကိုဗျ။ ၅၀၀၀ကျော် ၆၀၀၀လေ။ တော်တော့ တော်ပါသေးတယ် ခန္တီးမြို့ပေါ်မှာက အထောက်အပံ့ဒကာမလေး ဘာလေးရှိနေလို့ပေါ့။ မလွယ်ဘူးဗျ တစ်ညကို ဂါလံဝက်လောက်ကုန်တယ်လေ။ နောက်--သူတို့လေးတွေ သင်္ကြန်မှာ ပျော်ရွှင်စေဖို့ ကြိုတင်ကာ ရေလဲ စီစဉ်ထားရပါတယ်။ သူတို့ရွာလေးတွေက အမြင့်ပိုင်းတည်ဆောက်ထားတော့ ရေက ခက်ခဲတယ်လေ။ ဒါကိုက နာဂတိုင်းရင်းသာ-သူလေးတွေရဲ့ ဘ၀အခက်ခဲတစ်မျိုးဆိုမမှားပါဘူး။
      ဒါတင်ဘယ်ကမလဲ သူတို့လေးတွေကို သင်္ကြန်မှာ အာဟာရကျွေးဖို့ အရှင်မှာ မြို့ပေါ်ကိုပြေးလိုက် ရသေးတယ်လေ။ တပ်ကူတောင်းတဲ့သဘောပါ။ မြို့ပေါ်က ရင်းနှီးရာ ဒကာ-ဒကာမတွေကို ကုသိုလ်ယူခိုင်းရတယ်လေ။ အရှင်မှာ စေတနာရှိသော်လည်း အားလုံးကို မတတ်နိုင်ဘူးလေ။ အစိုးရ နိုင်ငံတော်က တစ်လမှ တစ်သောင်းခွဲပဲ အထောက်အပံ့ပေးတာလေ။ ဒီတော့ ကိုယ်အားကိုကိုး-ကိုယ်ဝန်ကို ကိုယ်ရုန်းပြီး နာဂတိုင်းရင်းသား-သူလေးတွေရဲ့ ဘ၀တွေ လှပ ရှင်သန်နေဖို့ ဥယျာဉ်မှူးတွေအဖြစ် ဘ၀ကို ပေးဆပ်နေခြင်းရယ်ပါ။ နောက်- သင်္ကြန်တွင်းကာလမှာ ဥပုသ်သီလတွေစောင့်နိုင်အောင်၊ မြတ်ဗုဒ္ဓ၏ တရားဒေသနာ တော်တွေကို နာယူကြည်ညို မှတ်သားနိုင်အောင်လဲ အရှင်တို့က ကြိုတင်စီမံရပါတယ်။ နောက်-- သက်ကြီးရွယ်အို အဘိုးအဘွားများကိုလဲ တတ်နိုင်တာလေးနဲ့ သက်ကြီးပူဇော်ပွဲလေး ပြုလုပ်ပေးဖို့ခြေလှမ်းကို ကြဲကြဲ လှမ်းရပါတယ်။
       သင်္ကြန်ရောက်ပြီလဲဆိုရော သူတို့လေးတွေအားလုံး တကယ်ကိုပျော်ရွှင် ကြည်နူးနေကြပါတယ်။ ပထမနှစ် သင်္ကြန်မှာတော့ အရှင်က နန်ဖာရွာလေးမှာ ကျခဲ့ပါတယ်။ နန်ဖာရွာ နာဂတိုင်းရင်းသား-သူလေးများက အတော်လေးကို ဖော်ရွေကြပါတယ်။ သူတို့လေးတွေ အားလုံး ရွာသာသနာပြု ဘုန်းတော်ကြီး ကျောင်းမှာပဲ သင်္ကြန်ကာလကို ကုန်ဆုံးကြရတယ်။ နေ့ဆို ရွာထဲမှာ ပျော်ပျော်ပါးပါး သင်္ကြန်ရေး ကစားကြုပီး။ ညနေပိုင်းမှာ သင်္ကြန်ခုံ-ဆင်ပေါ်မှာပါ သင်္ကြန်သီချင်းများကို ဖွင့်ပြီး ကခုန်ကြပါတယ်။ အဖွဲ့လိုက်ကခြင်း၊ စုံတွဲကခြင်း၊ တစ်ယောက်ခြင်း ကခြင်း စုံလို့ပါပဲ။ အဘွားကြီးတွေကလဲ တစ်ခါတစ်လေ ၀င်ကကြပါသေးတယ်။
  အနီးနားက မျိုးနွယ်တူ ရွာက တိုင်းရင်းသား- သူလေးတွေကလဲ လာလည်ကြ ပါတယ်။ ရေပက်ကစားကြသလို -ဘောလုံးကန်ခြင်း- ဘော်လီဘော ပုတ်ခြင်း၊ ပိုက်ကျော်ခြင်းခတ်ခြင်း စသည်ကိုလည်း ကစားကြပါတယ်။ ခိုက်ရန်လုံးဝ မဖြစ်ကြပါဘုး။ ပြီးတဲ့အခါမှာတော့ သူတို့ ရိုးရာ ခေါင်ရည်နဲ့ ဧည့်ခံကြပါတယ်။ ဒါက-သူတို့ရိုးရာ ဓလေ့တစ်ခုပါ။
       နောက်တစ်ရက်မှာတော့ မျိုးနွယ်တူ နာဂရွာလေးတစ်ရွာကို ရေပက်ခံ ထွက်ကြပါတယ်။ သင်္ကြန်ခုံ မရှိတဲ့ရွာလေးတွေကတော့ သင်္ကြန်သီချင်းများကို ဖွင့်ပေးပြီး ချင်းတွင်းမြစ်ရေကို ပိုက်တွေနဲ့ စုတ်ယူပြီး ပက်ဖြန်းပေးပါတယ်။ လာလည်သူတွေအားလုံးက သီချင်းများနဲ့အတူ ရေပက်ဖြန်းပေးတဲ့ အလည်ခေါင်မှာ အတူ ကကြခုန်ကြ ပျော်ပါးကြပါတယ်။ တစ်ချို့ဆင်းရဲ့တဲ့ ရွာလေးတွေ ကတော့ မြစ်နဲ့လည်းဝေးတော့ ရေးအခက်ခဲရှိပါတယ်။ သင်္ကြန်လို့တာပြောနေတာ ရေကို ၀အောင် မပက်ရဘူးလေ။ ဒီတော့ သင်္ကြန်အနှစ်သာရကို ကောင်းကောင်း မခံစားရ ဘူးဆိုပါတော့။ တောင်ပေါ်ရွာလေးတွေဆို ပိုဆိုးပါတယ်။ ရေခက်ရတာကလဲ ဝေးတော့ သင်္ကြန်မှာ ပျော်ခွင့်မရကြဘူးလေ။ အတော်လေးကို သူတို့လေး ဆင်းရဲနေပါသေးတယ်။ ဒါတောင် ရွှေတွေ ကျောက်တွေ ထွက်ပါတယ်ဆိုတဲ့ ခန္တီး နာဂတောင်တန်းမှာနော်။
       နန်ဖာရွာလေးက မြစ်ကမ်းဘေးက ရွာလေးဆိုတော့ ဘယ်သွားသွား မြစ်ထဲကပါပဲ။ ကုန်းလမ်းမရှိဘူး။ ကုန်းလမ်းက တောင်ယာလမ်းလောက်ပဲ ရှိတာလေ ။ မြစ်ကြောင်း ဆိုတော့ ပျော်စရာလဲ ကောင်း-ရင်ခုန်စရာလဲ ကောင်းပါတယ်။ အန္တရယ်လဲ ရှိတယ်ဆိုပါတော့။ မြစ်ထဲမှာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရေကစားရင်း မော်တော်စီးရတော့ အတော်လေးကို ပျော်စရာကောင်းပါတယ်။ မြစ်ကမ်းဝဲယာမှာကလဲ တောတန်း၊တောင်တန်းတွေက စိမ်းစိမ်းစိုစိုဆိုတော့ အတော်လေးလဲ ကြည်နူး စရာကောင်းပါတယ်။ ရွှေမောင်းထားတဲ့ ကမ်းပါးတွေကလဲ အ၀ါလိုလို အနီလိုလို အရောင်ထင်းနေပါတယ်။ မြစ်အလည်ခေါင်မှာလည်း ရွှေလုပ်သားမော်တော်တွေက ရှိနေတော့ သူတို့နဲ့ဆုံတဲ့အခါ ဟားကြဟေးကြ နှောက်ကြ ပြောင်ကြ၊ အပြန်အလှန်ရေပက်ဖြန်းရင်း ပျော်စရာကောင်းနေပြန်ပါတယ်။ နောက်--သင်္ကြန်အတတ်နေ့မှာတော့ နီးစပ်ရာ ထေရ်ကြီး ဆရာတော့်ကျောင်းများကို ရွာသူ-ရွာသားတွေနဲ့အတူ သွားရောက် ကန်တော့ လှူဒါန်းကြပါတယ်။ လူငယ်လေး များကတော့ အပျော်ရေကစားရင်ပေါ့။ ကန်တော့ခံဆရာတော်က ဆုံးမ တရားဒေသနာကို အကျဉ်း မျှဟောပြပါတယ်။ နောက်--ရွာသူ-သားများက ဧည့်ခံ ကျွေးမွေး ကြပါတယ်။ ကျောင်းပေါ်က အဆင်းမှာတော့ ရေ၀ိုင်းပက်ကြပါတယ်။ အဲ့ဒီအခါမှတော့ ဧည့်သည် ဘုန်းကြီးလဲ မနေရဘူး။ ရေ၀ိုင်းပက်ကြတယ်လေ။ ဆရာတော်ဘုရားလဲ သင်္ကန်းရေ စိုနဲ့ ကျောင်းပြန်ရတာပေါ့။ ဒါကလဲ နာဂတိုင်းရင်းသူ-သားလေးတွေရဲ့ ခင်မင်ကြည်ညိုမှုဆိုလဲ မမှားပါဘူး။
       နောက်--နှစ်ဆန်းတစ်ရက်နေ့မှာတော့ ရွာသူ-သားများက ဘုန်းကြီးကို ရှိခိုးကန်တော့ကြပါတယ်။ သူတို့တတ်စွမ်းသမျှ လှူဒါန်းကြပါတယ်။ သူတို့လေးတွေကို ချစ်စရာကောင်းတာက လူဆင်း ရဲပေမယ့် စေတနာ သဒ္ဓါတရား မမွဲတာကိုပါ။ သူတို့ခြွေးနဲစာလေးနဲ့လှူကြခြင်းရယ်ပါ။ သူတို့ လေးတွေကတောင် မလှူလို့မရှိ-မရှိလို့မလှူဆိုတာကို ပိုနားလည်သဘောပေါက်နေသလိုပါပဲ။ နောက်--ရွာသူ-ရွာသားအားလုံးကို တရားဒေသနာဟောကြား ဆုံးမစကားပြော-အားပေး စကားပြော ကြားပေးရပါတယ်။ ကန်တော့အပြီးမှာတော့ ရွာသူ-သားအားလုံးကို အာဟာရဒါနကျွေးမွေးပါတယ်။ ရွာသား-သူများကလဲ အားရ၀မ်းသာ စားကြ-သုံးဆောင်ကြပါတယ်။
  နောက်--သက်ကြီးအဘိုးအဘွားများကို အသုံးအဆောင် ဆေးဝါး၊ တံဘက်၊ လုံချည်၊ ပုဆိုး၊ ဟောလစ်ဘူးများကို ပေးပါတယ်။ အဘိုးအဘွားများက ၀မ်းသာပီတိ မျက်ရည်စိုအိကြပါတယ်။ တစ်ချို့ အဘိုးများကဆို အသိတွေရလာကြပါတယ်။ ငါ့တို့ကို ဘုန်းကြီး( ကျော်မန်း)ကတောင် ပူဇော်ပွဲလေးလုပ်ပေးတယ်။ ငါ့တို့ကို မိဘသဖွယ် အရာသွင်းတယ်။ ဒီတော့ ငါတို့လဲ အရက်သောက်တာ- ဘိန်းရှူတာကို လုံးဝဖြတ်မယ်လို့ပြောလာသူ အဘိုးတွေလဲ ရှိလာပါတယ်။
      ဒါလေးတွေကို ပြန်မြင်ယောင်-ကြားယောင်ပြီး လာမယ့် ၁၃၇၄-ခုရဲ့ နှစ်သစ်သင်္ကြန်ကို ကြိုလင့်ကာ အတိတ်ကသင်္ကြန် သို့ နာဂမြေကို လွမ်းမောခြင်းရယ်ပါ။ အခုလောက်ဆို နာဂ ခန္တီးမြေက နာဂတိုင်းရင်းသူ-သားလေးတွေကလဲ နှစ်သစ်သင်္ကြန်ကို စောင့်ကြိုကာ ရင်ခုန်သံတွေနဲ့ အတူ ပျော်ရွှင်နေကြရပေါ့။ သူတို့လေးတွေက သတိရ-မရတော့ မသိဘူး။ ကိုယ့်ကတော့ သူတို့လေးတွေ သတိယ တမ်းတ လွမ်းဆမိပါတယ်။ အော်--သူတို့လေးတွေ အဆင် မှပြေရဲ့လား။ နေမှကောင်းရဲ့လား။ သင်္ကြန် အကတွေကို တိုက်များ တိုက်ဖြစ်ကြရဲ့လား။ ကျော်မန်းအသစ်- နန်းတေ အသစ်နဲ့ရော အဆင်မှပြေရဲ့လား။ သူတို့ သာသနာပြု ရဟန်းတော်အသစ်လေးများကရော ဂရုတစိုက်ရှိရဲ့လား စသည်ကို ပါ။ မေတ္တာအဖြူ တည်သက်သက်ရယ်ပါ။
      ကဲ--
နာဂတောင်တန်းကြီးကို လွမ်းတယ်။
ချင်းတွင်းမြစ်ကြီးကို တမ်းတမိတယ်။
နာဂရွာလေးများကို အောက်မေ့မိတယ်။
နာဂတိုင်းရင်းသူ-သားလေးများကို
သတိရမိပါတယ်။
အတိတ်ကဖြစ်ရပ်အားလုံးကို
မေ့ဖျောက်မရဘူး။
ပေးဆပ်ခဲ့သမျှကို ပြန်လည်
ခံစားမိတယ်။
အတိတ်က အလွမ်းသင်္ကြန်ကို
နှစ်သစ်သင်္ကြန်ရေနဲ့ပဲ
အစားထိုးကာ ဖြေလိုက်တော့မယ်။
နုတ်ဆက်လိုက်တယ် အတိတ်သင်္ကြန်ကို၊
ကြိုလင့်နေတယ်--- နှစ်သစ်ကို။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ---အမေ့မေတ္တာအရှင်။
Thursday, April 5, 2012
မြတ်ဗုဒ္ဓ၏ နိုင်ငံရေး အမြင် သို့ ကူဋဒန္တသုတ်
မြတ်ဗုဒ္ဓ၏ နိုင်ငံရေး အမြင်
သို့
ကူဋဒန္တသုတ်
       ကူဋဒန္တသုတ်တော်ဟာ  သုတ်တစ်သုတ်ဖြစ်ပါတယ်။ ဒီသုတ်တော်ဟာ မြတ်ဗုဒ္ဓရဲ့ နိုင်ငံရေးအမြင်နှင့် ပက်သက်လို့ အလွန် အရေးကြီးပါသည်။ ဒီသုတ်တော် အဆိုအရ နိုင်ငံတစ်နိုင်ငံဆိုတာ အခက်အခဲပြဿနာ (ဒဿုခီလ) တွေ ပြည့်နေပါတယ်။
       ဒီသုတ်တော်မှာ ဘုရားလောင်းက ရှင်ဘုရင်ကို ယဇ်နတ်ပူဇော်ဖို့အတွက် အသက်တွေ မသတ်ဖြတ်ဖို့ အကြံပေးပါတယ်။ နောက်--လူ့အဖွဲ့အစည်းတစ်ခု၊ တိုင်းပြည်တစ်ခု တည်ဆောက် တယ်ဆိုတာ ညီညီညွတ်ညွတ် (သံဝိဓာန) နဲ့ တစ်ဆင့်ခြင်းဖွဲ့စည်း တည်ထောင် ဖို့ကိုလဲ  ပြောခဲ့ပါသေးတယ်။
        ပထဦးဆုံး- -နိုင်ငံ အတွင်းမှာ လယ်ယာ စိုက်ပျိုးရေးကို လုပ်ကိုင်စားသောက် နေသော ပြည်သူ -ပြည်သားတွေရှိပါတယ်။ သူတို့မှာ ကျွဲ-နွားစသည် လိုအပ်ပါတယ်။ လယ်ယာ စိုက်ပျိုးရေးကို လုပ်ကိုင်စားသောက်သော ပြည်သူတွေဟာ ကျွဲ-နွားစသည် မပါပဲ သူတို့လယ်ယာစိုက်ပျိုးရေးကို မလုပ်ကိုင်နိုင်ပါဘူး။ ဒါကြောင့် ရှင်ဘုရင်က သူတို့ကို မျိုးစေ့ ရိက္ခာတွေကို ထုတ်ပေးရမှာပါ။ ဒါဟာ ရှင်ဘုရင်တစ်ယောက်၊ အစိုးရတစ်ယောက် ကျင့်သုံးရမယ့် ပထမဦးဆုံးအဆင့် တစ်ခုပါ။ ဒီနည်းလမ်းကို ကျင့်သုံးခြင်းအားဖြင့် တိုင်းသား -ပြည်သူတွေဟာ လွယ်ကူစွာ လယ်ယာ စိုက်ပျိုးရေတွေကို လုပ်ကိုင်နိုင်ကာ သူတို့ရဲ့ နေ့စဉ်ဘ၀အခက်အခဲတွေကိုလည်း မပင်မပန်းဖြေရှင်းနိုင်ပါလိမ့်မယ်။
     ဒုတိယ အဆင့်  နည်းလမ်းကတော့--  လယ်ယာစိုက်ပျိုးရေးကို ကောင်းမွန်စွာ လုပ်ကိုင် ရသောကြောင့် များစွာသော ပြည်သူ- သားတွေဟာ နိုင်ငံ အတွင်းမှာ အရောင်းအ၀ယ်ကို ကောင်းစွာ လုပ်ကိုင်ပါလိမ့်မယ်။ နိုင်ငံအတွင်း ကုန်ရောင်း ကုန်ဝယ်ကို ကောင်းမွန်စွာလုပ်ကိုင်နိုင်ဖို့ အရင်းအနှီးတွေကို ထုတ်ပေးရပါလိမ့်မယ်။ အဲ့ဒီလို ထုတ်ပေးခြင်းအားဖြင့် အရောင်းအ၀ယ်၊ ကုန်သည် သမားတွေဟာ ပြည်တွင်း -ပြည်ပ နှစ်ခုလုံးမှာ အရောင်း အ၀ယ်တွေကို ပြုလုပ်နိုင်ပါတယ်။ နောက်-- အခြားသော အိမ်နီးချင်း နိုင်ငံတွေကိုလည်း မိမိနိုင်ငံထွက် ကုန်များကို တင်ပို့ပြီး။ အခြားသောနိုင်ငံထွက် ကုန်များကိုတင်သွင်းနိုင်ပါတယ်။
          တတိယအဆင့် နည်းလမ်းကတော့-- ရှင်ဘုရင်ဟာ ပြည်သူတွေနဲ့ လိုက်လျှောညီထွေမှု ရှိအောင် အုပ်ချုပ်ရပါ့မယ်။ မိမိနိုင်ငံမှာ နိုင်ငံတာဝန်၊ အစိုးရတာဝန်တွေကို ထမ်းဆောင်နေသော ပြည်သူ-သားတွေကို လုံလောက်သော လစာ၊ အစာရိက္ခာတွေကို စီမံပေးရပါမယ်။ ဒါမှသာ သူတို့ရဲ့နေ့စဉ်ဘ၀ ၀မ်းစာရေး အခက်အခဲကို လွယ်ကူစွာ ဖြေရှင်းနိုင်ပါလိမ့်မယ်။ သူတို့ကို လုံလောက်သော လစာ၊ အစာရိက္ခာကို ထုတ်ပေးခြင်းအားဖြင့် နိုင်ငံဝန်းထမ်းများကလဲ တာဝန်အသီးသီးကို စည်းကမ်းနှင့်အညီ ထမ်းဆောင်ကြပါလိမ့်မယ်။ နောက်--လာဘ်စားမှုတွေကိုလဲ ရှောင်ကြဉ်ကြပါလိမ့်မယ်။
 ဒီ--ဘုရားဟော နည်းလမ်း အဆင့်သုံးသွယ်က နိုင်ငံသူ- သားတွေရဲ့ ဘ၀ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းဖို့နဲ့ နိုင်ငံသူ- သားတွေ တိုးတက်ဖို့ တကယ်ကို အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ ဒီနည်းလမ်းအဆင့် သုံးသွယ်က အဓိကနေရာက ရှိနေပါတယ်။ ဒီနည်းလမ်းသုံးမျိုးကို လိုက်နာကျင့်သုံးပါက နိုင်ငံရေးရာ အားလုံး ကောင်းမွန် အဆင်ပြေပြီးကာ နိုင်ငံတော်ကြီးတိုးတက် လာပါလိမ့်မယ်။ အဲ့ဒီအခါမျိုး၊ အဲ့ဒီလို ရှင်ဘုရင် အစိုးရက လိုက်နာကျင့် သုံးမယ်ဆိုပါက အားလုံးသော တိုင်းသား-ပြည်သူ၊ နိုင်ငံသူ- သားတွေက သူတို့ရဲ့ တာဝန် အလုပ်တွေကို လေးလေးနက်နက် လုပ်ကိုင်ကြပါလိမ့်မယ်။ နိုင်ငံတော်ကိုလည်း နှောက်ယှက်မှုတွေ ဆူညံမှုတွေကို ပြုလုက်ကြမှာ မဟုတ်ပါဘူး။ နောက်--နိုင်ငံက အေးချမ်းနေသောကြောင့် နိုင်ငံတော် ဘဏ္ဍာရေးတွေကလဲ တိုးတက်လာပါလိမ့်မယ်။ နောက်-- တိုင်း နိုင်ငံသည်လည်း ညီညွတ်စွာနဲ့ သာယာအေးချမ်း လာပါလိမ့်မယ်။ သူခိုး-ဓားမြ-သူပုန်တွေလဲ ကင်းနေပါလိမ့်မယ်။ နိုင်ငံသူ-သားတွေ အားလုံးလည်း သူတို့ မိသားစုတွေနဲ့ အတူ ပျော်ပျော်ရွှင်ရွှင်၊ အချင်းချင်းလဲ ယုံမှား  သံသယရှင်းရှင်း၊ ဘေးကင်းစွာဖြင့် နေထိုင်နိုင်ကြပါလိမ့်မယ်။
   နောက်ဆုံး-- ပြဿနာ တွေအားလုံး၊ အခက် အခဲတွေ အားလုံး လုံးဝပြေလည် သွားပါလိမ့်မယ်။ နိုင်ငံအ၀ှမ်း ကံကြမ္မာကောင်းတွေနဲ့ အတူ ကျော်ကြားမှုတွေ ရလာပါလိမ့်မယ်။ နိုင်ငံရေး၊ စီးပွားရေးနှင့် အညီ ငြိမ်းချမ်းသော တိုင်းပြည်-နိုင်ငံတစ်ခု တည်ဆောက်ဖို့ အုပ်ချုပ်သူ၊ ဘုရင်၊ အစိုးရ တစ်ယောက်ဟာ အထက်ပါ နည်းလမ်း သုံးသွယ်ကို လိုက်နာ ကျင့်သုံးရပါမယ်။ တကယ်တော့ နိုင်ငံအဖွဲ့ အစည်းတစ်ခု တိုးတက်အောင်မြင်ဖို့ နိုင်ငံရေးရော စီးပွားရေးရော ကောင်းမွန်ဖို့ လိုအပ်ပါတယ်။
       ဒါကြောင့်--နိုင်ငံတစ်ခု၊ တို်င်းပြည်တစ်ခုကို အုပ်ချုပ်၊ ခေါင်းဆောင်သော သူတွေအတွက် ဒီ ကူဋဒဏ္ဍသုတ်လာ နည်းလမ်း သုံးသွယ်က တကယ်ကို အရေးပါ၊ ပဓာနကျပါတယ်။ ဒီနည်းလမ်းသုံးခုကို လိုက်နာ ကျင့်သုံးသော နိုင်ငံ့ခေါင်းဆောင်၊ အစိုးရတွေအားလုံး ပြည်သူတွေရဲ့ ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ အားကိုး အားထားပြုခြင်း၊ ရိုသေလေးစားခြင်း၊ ချီးမွှမ်းဂုဏ်ပြုခြင်းကို ခံရပါလိမ့်မယ် ဆိုတာ ကို မြတ်ဗုဒ္ဓက ဟောကြားဆိုဆုံးမခဲ့ပါတယ်။
       အထက်ပါနည်းလမ်းသုံးသွယ်ကို မလိုက်နာ မကျင့်သုံးသော အစိုးရ ဘုရင်ကို ပြည်သူ-သားတွေက အလိုရှိမှာ မဟုတ်သလို။ သူ့အုပ်ချုပ်သော နိုင်ငံ- တိုင်းပြည်ကလည်း သာယာ အေးချမ်း၊  မဟုတ်ပါဘူး။ နောက်-- ယနေ့ မျက်မှောက် ခေတ်ကာလမှာ နိုင်ငံ- တိုင်းပြည်တွေမှာ စစ်ပွဲတွေ၊  ခိုက်ရန်ဖြစ်မှုတွေ၊ အညှင်းပွား မှုတွေ၊ ပဋိပက္ခတွေ၊ အသက် ဘ၀တွေ-  သွေးတွေ ပေးဆပ်နေ ရတယ်၊ ဖြစ်နေရ တယ်ဆိုတာ အထက်ပါ နည်းလမ်းသုံးသွယ်ကို မလိုက်နာ မကျင့်သုံး လို့ဖြစ်တယ် ဆိုတာကိုလဲ သိနိုင်ပါတယ်။
       ဒီတော့--ကမ္ဘာလောကကြီးနှင်း လူသားတွေ ငြိမ်းချမ်းသာယာလှပစေဖို့ နိုင်ငံခေါင်းဆောင်တိုင်း၊ အစိုးရတိုင်း၊ အုပ်ချုပ်သူတို်င်း အထက်ပါ နည်းလမ်းသုံးသွယ်ကို လိုက်နာကျင့်သုံးနိုင်ကြပါစေလို့----
                                                                                                    အမေ့မေတ္တာအရှင်။။