ဒါနပါရမီ-ပေးကမ်းစွန့်ကြဲ လှူဒါန်းခြင်း ကောင်းမှုကုသိုလ်အကျင့်လေးကို
အရှင်အနေနဲ့ က-ခ-ဂ မြန်မာ့အက္ခရာစာကိုမျှ
မဖတ်တတ်ခင်၊ မိမိနာမည်ကိုမျှ မရေး တတ်ခင်၊ စာလေးတစ်ကြောင်းကိုမျှ မရေးတတ်ခင်ကတဲ့က အလေ့အကျင့်ဖြစ်
နေခဲ့တာပါ။ ပြောရမယ်ဆိုရင်တော့ ပေတေတေကလေးလေး ဘ၀ကတဲ့ကဆိုပါတော့။ မိဘကသင်ပေလို့လဲ မဟုတ်ပါဘူး။
စာပေတွေဖတ်ရလို့လဲ မဟုတ်ပါဘူး။ ဆရာတော် သံဃာတော်တွေ ဟောကြားထားတဲ့ မြတ်ဗုဒ္ဓဓမ္မတွေကို
နာကြားရလို့လဲ မဟုတ်ပါဘူး။ မွေးရာပါဗီဇအကျင့်တစ်ခုသာပါ။
ဘာဖြစ်လို့လဲဆိုတော့ အရှင်ရဲ့ ငယ်ဘ၀က သူများတွေဘ၀တွေနဲ့ အတော်လေး
ကိုကွာခြားခဲ့ပါတယ်။ လူလားမြောက်လို့ ကိုးနှစ်သားအရွယ်ထိ စာပေကိုသင်ကြားခွင့် မရခဲ့ပါဘူး။
ကျောင်းနေခွင့်မရခဲ့ပါဘူး။ တရားနာခွင့်ဆိုတာပိုဝေးပေါ့။ ၇-၈-၉ နှစ်သား အရွယ်တွေမှာတော့
အရှင်ဟာ မနက်မိုးချုပ် နွားတစ်အုပ်နဲ့ တောင်ယာလယ်ကွင်းမှာပဲ အချိန်ကုန်လွန်ခဲ့ရတာပါ။
ဒီတော့ ကျောင်းစိမ်းဝတ်စုံကိုဝတ် လွယ်အိတ်လွယ်ခွင့်တွေ။ ရွာဦးကျောင်းကဆရာတော်ထံမှာ
ဘာသာရေးစာပေသင်ကြားခွင့်တွေ၊ မြင့်မြတ်တဲ့ နေ့ရက်ဥပုသ်ကာလတွေမှာ သီလယူဥပုသ်စောင့်ခွင့်တွေ၊
မြတ်ဓမ္မတွေကို နာကြား ခွင့်တွေ၊ အမေ-အဖေတွေရဲ့ ဆုံးမစကားတွေကို နားထောင်ခွင့်တွေကို
မရခဲ့ဘူးဆိုပါ တော့။
ဒီတော့…ဒါနဆိုတဲ့အဓိပ္ပါယ်တွေ၊ လှူဒါန်းခြင်းရဲ့အကျိုးတွေ၊ စွန့်ကြဲပေး
ကမ်းခြင်းရဲ့ အနှစ်သာရတွေ ဘာဆိုဘာကိုမှ နားမလည်ခဲ့ပါဘူး။ ဒီအသက်ရွယ်မှာ ဒါတွေကို နားလည်ဖို့ဆိုတာ
အသာထား ကိုယ့်နာမည်လေးကိုတောင် မရေးတတ် မဖတ်တတ်ခဲ့တာပါ။ ဒါဆို..ဘယ်လိုလုပ်ပြီး ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း
အကျင့်ကို ဘာမှနာမလည်ဘဲ စာမတတ်ဘဲ ကလေးဘ၀မှာ ရရှိခဲ့တာလဲလို့ မေးစရာရှိပါတယ်။ အဖြေကတော့
ရိုးရှင်းလှပါတယ်။ မွေးရာပါဗီဇ ကြောင့်သာ ဖြစ်ပါတယ်။
ကဲ- ဒါနပါရမီကို မွေးရာပါဗီဇကြောင့် ဘာမှနားမလည်တဲ့ ကလေးဘ၀ကတဲ့က
ပါခဲ့ရှိခဲ့ ပြုလုပ်ခဲ့တာတော့ ဟုတ်ပါပြီ။ ဘယ်ကမှ ၀င်ငွေမရှိဘဲ အခကြေးငွေမရဘဲ ဘယ်လိုလုပ်ပြီး
ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း ကောင်းမှုကုသိုလ်ကို ပြုလုပ်နိုင် ခဲ့တာလဲလို့
မေးစရာရှိလာပါတယ်။ ဒီအဖြေကလဲ ရှင်းရှင်းလေးလေးပါပဲ။ တကယ် တော့ ဒါန-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်းဆိုတာ
ဝင်ငွေရှိမှ အခကြေးငွေရမှ ပြုလုပ်နိုင်တဲ့ အကျင့်ပါရမီတော့ မဟုတ်ပါဘူး။ ၀င်ငွေမရှိ
အခကြေးငွေမရှိလဲ ဖြည့်ကျင့်နိုင်တဲ့ အကျင့်ပါရမီတစ်ခုပါ။ ငွေကြေးမကုန်ဘဲ ဖြည့်ကျင့်လို့ရတဲ့
နည်းလမ်းတွေများစွာ ရှိနေပါတယ်။ အားလုံးလဲ သိပြီးဖြစ်မှာပါ။ အရှင်ကတော့ ဘာဝင်ငွေ အခကြေးငွေမှ
မရှိတဲ့ ကလေးဘ၀ကစပြီး ယနေ့အချိန်ထိ ဒါနပါရမီဆိုတဲ့ ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း ကောင်းမှုကုသိုလ်လေးကို
ဒီလိုဖြည့်ကျင့်ခဲ့ပါတယ်။
ကလေးဘ၀ ငယ်ရွယ်စဉ်တုန်းကတော့ အရှင်ဟာ ညီငယ်ညီမငယ်လေးများကို မွေးမေမေ
အိမ်မှာမရှိခိုက် ထိမ်းရပါတယ်။ အငိုတိတ်အောင်ချော့ရပါတယ်။ ဒီတုန်းက အမေက ကလေးတွေအတွက်
အတိုင်းတာတစ်ခုအနေနဲ့ ထမင်းဟင်းနဲ့ မုန့်ပဲသရီစာကို ပေးခဲ့တာပါ။ အမေပေးခဲ့တဲ့ ထမင်းဟင်းနဲ့
မုန့်ပဲသရီစာကို မိမိမစားဘဲ ညီငယ်ညီမ ငယ်တွေကိုပဲ ကျွေးခဲ့ပေးခဲ့တာပါ။ တကယ်တော့ မိမိအတွက်ဝေစုကို
မိမိမစားပဲ ညီငယ်ညီမငယ်လေးတွေကို ပေးခြင်း ကျွေးခြင်းကလဲ ဒါနပါရမီပင် မဟုတ်ပါလား။ ဒီအချိန်မှာ
အရှင်ဟာ စာမဖတ်တတ်သလို ၀င်ငွေလဲ မရှိသေးပါဘူး။
နောက်…မိမိ နွားကျောင်းသားလေးဘ၀ကဆိုပါတော့။ ကိုယ်ပိုင်အိမ်ကနွား
ကျောင်းရတာတော့ မဟုတ်ပါဘူး။ သူများအိမ်ကနွားကို လခစားနဲ့ထိမ်းကျောင်းရတာ ပါ။ မှတ်မှတ်ရရ
ဒီတုန်းက တစ်လကို မြန်မာကျပ်ငွေသုံးရာရပါတယ်။ ဒီနွားကျောင်း သားဘ၀မှာတော့ အရှင်ဟာ ၈-၉နှစ်သားအရွယ်သာရှိပါသေးတယ်။
စာသင်ခွင့် ကျောင်းနေခွင့်မရသေးပါဘူး။ နွားကျောင်းခ တစ်လကိုသုံးရာ ရတယ်ဆိုပေမဲ့။ မိမိမသုံး
ရပါဘူး။ အိမ်ကစည်းပွားရေးကြပ်တည်းနေချိန်မို့ အမေက တစ်လမပြည့် သေးဘူးလခ ကြိုထုတ်လေ့ရှိပါတယ်။
တစ်ခါတစ်လေဆို သုံးလေးလစာ မွေးမေမေက ကြိုထုတ် လေ့ရှိပါတယ်။ ဒီတော့.. လခငွေကို မိမိမထိရမကိုင်ရပါဘူး။
ဒါပေမဲ့.. အရှင်ရဲ့ ဒါန ပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း အကျင့်လေးကတော့ မပျက်ခဲ့ပါဘူး။
လခငွေကိုလဲ မရရှိ မသုံးရဘဲ ဘယ်လိုလုပ်ဒါနပါရမီ-ပေးကမ်းလှူဒါန်းခြင်း
အကျင့်ကိုပြုလုပ်နိုင်သလဲဆိုရင်တော့… မိမိဟာ နေ့စဉ်မနက် ၈နာရီခွဲလောက်မှာ သခင်အိမ်ကနေ
နွားအုပ်ကြီးကို မောင်းထုတ်ပြီး ကျယ်ပြန့်တဲ့စားကျက်မှာ ထိမ်း ကျောင်းပါတယ်။ ညနေ ၅နာရီကျော်မှ
တောကနေအိမ်ခြံကို ပြန်သွင်းရပါတယ်။ မနက် ၈ခွဲမှာတောထဲကိုသွား ညနေ၅နာရီမှာ ပြန်သွင်းဆိုပေမဲ့
သူများတွေလို ၀တ္တရာကျေ နွားတွေကိုထိမ်းကျောင်းတာမျိုး မဟုတ်ခဲ့ပါဘူး။ တကယ်ကိုတိရစ္ဆာန်ဖြစ်တဲ့
နွားတွေကို သက်ရှိလူသားဖြစ်တဲ့ မိမိလိုပဲ တန်ဖိုးထား သနားစိတ်နဲ့ အစာပေါတဲ့နေရာ-လယ်ကွင်း၊
မြက်နုနုလေးတွေရှိတဲ့နေရာ-လယ်ကွင်းနဲ့ ကန်စင်းရိုးတွေ၊ အခင်းဘေးတွေမှာ ဂရုတ စိုက်နဲ့
ထိမ်းကျောင်းကျွေးမွေးခဲ့တာပါ။ ဒါတင်ဘယ်ကမလဲ… နေ့လည်တစ်ကြိမ်း ညနေတစ်ကြိမ် နွားတွေကို
ရေပေါတဲ့ ချောင်းအင်းအိုင်တွေမှာ မောင်းပြီးရေ တိုက်ပေးပါတယ်။ တကယ်တော့..ဒါကလဲ ဒါနပါရမီ-အကျင့်ပဲ
မဟုတ်ပါလား။ ဘယ်မှာ အခကြေးငွေရှိလို့လဲ မရှိပါဘူး။
ဒီလိုမျိုး မိမိက နွားတွေကို သေချာဂရုစိုက်ပြီး ထိမ်းကျောင်းပေးတဲ့အတွက်
နွားတွေဟာ အသားရေ၀ဖြိုးပြီး တသားမွေးတသွေးလှလာကြပါတယ်။ နွားကောင်ရေ တွေလဲ တိုးပွားလာပါတယ်။
ဒီတော့..အိမ်ရှင်တွေက မိမိကို ဘောက်ဆူးအဖြစ် အ၀တ်ပုဆိုးတွေ၊ အစားအစာတွေ၊ မုန့်ဖိုးပဲဖိုးအဖြစ်ငွေအသပြာလေးတွေကို
ပေးလေ့ ရှိပါတယ်။ အိမ်ရှင်တွေက မိမိရဲ့တာဝန်ကျေမှု၊ စိတ်စေတနာမှန်မှုကိုအကြောင်းပြုပြီး
ပေးလာတဲ့ ဒီအ၀တ်စား၊ အစားအစာ၊ ငွေအသပြာလေးတွေကို မိမိကမသုံးစွဲပဲ မိဘညီကိုယ်မောင်နှမတွေ
သုံးဖို့စားဖို့ဝတ်ဖို့ ယူသွားလေ့ရှိပါတယ်။ ဒါလဲ ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း
မဟုတ်ပါလား။ လက်ထဲမှာ ငွေအသပြာမရှိပေမဲ့ ဒါနပါရမီ ဆိုတာ ယူတတ်ရင်ရပါတယ်။
နောက်…. မိမိအနေနဲ့ တောထဲလယ်ထဲမှာ တစ်နေကုန်နွားတွေနဲ့ အချိန် ကုန်လွန်ခဲ့ရတယ်ဆိုပေမဲ့လဲ
အိမ်အတွက် လယ်တောထဲ ချောင်းထဲမြောင်းထဲမှာ သဘာဝအရအလိုလိုပေါက်နေတဲ့ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊
မန်းကျည်းရွက်စသည် ကိုလဲ အိမ်အတွက် ခူးသွားလေ့ရှိပါတယ်။ ဒါလဲ ဒါနပါရမီအကျင့်တစ်ခုပါပဲ။
နောက်… ၁၀နှစ်သားအရွယ်မှာတော့ ရွာဦးကျောင်းက
ဆရာတော်အထံမှာ ဘုန်းကြီးကျောင်းဖြစ်ခဲ့ပါတယ်။ အစမှာတော့ မနက်ပိုင်းနေ့လည်ပိုင်းစာသင်ပြီး
အိမ်ပြန်အိပ်ရပါတယ်။ နောက်တော့လဲ ကျောင်းမှာအိပ်ကျောင်းမှာစားတဲ့ ညအိပ် ကျောင်းသားအဖြစ်နဲ့နေခဲ့ပါတယ်။
ညအိပ်ကျောင်းသားဖြစ်လာတဲ့အခါမှာတော့ မနက် စောစောထပြီး ဟင်းပေါင်းအိုးနွေးခြင်း၊ ရေနွေးအိုးတည်ခြင်း၊
ဆရာသမား ဘုန်းကြီးများ အတွက် မျက်နှာသစ်ရေခပ်ခြင်း၊ ရဟန်းသာမဏေများ သုံးစွဲဖို့ ဘုန်ဘိုင်တွင်းရေ
နှိတ်ခြင်း၊ တံမြက်စည်းလည်း၊အမိုက်ကျုံး၊ သစ်ပင်ရေလောင်း၊ မြက်ထွင်၊ ဆွမ်းခွထွက်၊ မရှိဆင်းရဲသားတောင်းစားသူများကို
ဝေငှ၊ ကြောင်ခွေးကျီးကန်းခိုများကိုအစာကျွေး စသည်များကိုလုပ်ရပါတယ်။ ဒါတွေကလဲ ဒါနပါရမီ-စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းပင်
ဖြစ်ပါသည်။ ဒီဘုန်းကြီးကျောင်းသားဘ၀မှာလဲ အခကြေးငွေမရှိခဲ့ပါဘူး။ ငယ်စဉ် ကလေးဘ၀မှာတော့
အမေ့ကအရှင်အတွက် သီးသန့်မုန့်ဖိုးဆိုတာ ပေးရိုးထုံးစံ မရှိခဲ့ ပါဘူး။ သို့သော်လဲ အရှင်အနေနဲ့
မွေးရာပါဗီဇဖြစ်တဲ့ ဒါနပါရမီအကျင့်လေးကတော့ မရပ်တန့်ပဲ တည်မြဲခဲ့ပါတယ်။
စဉ်းစားမိပါတယ်။ တကယ်လို့ ငွေရှိမှ ပစ္စည်းဥစ္စာရှိမှသာ
ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း အကျင့်မြတ်ကို ပြုလုပ်ရမယ်ဆိုရင်တော့ အရှင်လို
ဆင်းရဲပြီး စာမတတ် ငွေကြေးမရှိတဲ့သူအတွက် ဘယ်မှာဒါနပါရမီကုသိုလ်အကျင့်ကို ပြုလုပ်နိုင်ပါ့မလဲလို့ပါ။
အရှင်အနေနဲ့ ဆင်းရဲပြီးမွဲတေနေသော်လည်း အသေးစာဒါန ပါရမီကုသိုလ်ကို ပြုလုပ်နိုင်ခဲ့ပါတယ်။
ဘ၀မျိုးစုံနဲ့ ပြုလုပ်ခဲ့ခြင်းပါ။ ကလေးထိမ်းဘ၀၊ နွားကျောင်းသားဘ၀၊ ဘုန်းကြီးကျောင်းသားဘ၀တွေပေါ့ဗျာ။
နောက်… ဒီစိတ်ကောင်းစေတနာကောင်း ဒါနပါရမီကုသိုလ်လေးတွေကြောင့်
ထင်ပါရဲ့ ၁၁နှစ်သားအရွယ်မှာတော့ ရှင်သာမဏေ၀တ်ခွင့် ကိုရင်ဖြစ်ခွင့်ရခဲ့ပါတယ်။ သူများတွေလို
နွားယာဉ်ကြီးတွေစီး၊ မြင်းကြီးတွေစီး၊ ဆင်ကြီးတွေစီးလို့ ရှင်လောင်း လှည့်၊ ဘိသိတ်မြောက်ပြီး
ဆိုင်းတွေဗုံတွေနဲ့ ကိုရင်ဖြစ်ခဲ့တာတော့ မဟုတ်ဘူးဗျာ့။ ရိုးရိုးလေး အမေနဲ့အဖေကို အသိပေးပြီး
ကျောင်းမှာပဲ ဆံချသရဏဂုံတည်၊ အ၀ါရောင် ပိတ်သင်္ကန်းလေကို ဆင်မြန်းပြီး ရှင်သာမဏေကိုရင်လေးဖြစ်ခဲ့တာပါ။
မိဘတွေက ဆင်းရဲတော့ သူများတွေလို အလှူကြီးတွေပေးပြီးတော့ ရှင်သာမဏေဖြစ် ခဲ့တာတော့ မဟုတ်ဘူးပေါ့ဗျာ။
ဘယ်လိုပဲ ကိုရင်ဖြစ်ခဲ့ဖြစ်ခဲ့ ရှင်သာမဏေဖြစ်ခဲ့ဖြစ်ခဲ့ အဲ့ဒီ ကိုရင်လေးက အခုတော့ ပြည်တန်ပတ္တမြားကြီး
မဟုတ်ပေမဲ့ စိန်ကောင်းတစ်ပွင့် ကျောက်ကောင်းတစ်ချပ်တော့ ဖြစ်နေပြီမဟုတ်ပါလား။ သာသနာအတွက်၊
ဘာသာ အတွက်၊ တိုင်းပြည်နဲ့လူမျိုးအတွက် သူရဲကောင်းကြီးတစ်ဦးမဟုတ်ပေမဲ့၊ တစ်ထောင့်
တစ်နေရာကနေတော့ အကျိုးပြုနိုင်ပြီ မဟုတ်ပါလား။ တန်ဖိုးရှိနေပြီမဟုတ်ပါလား။
ဒီနေရာလေးမှာ ပြောချင်တာက သားယောက်ျာလေးရလာရင်
အလှူပေးပြီး မောင်ရှင်လောင်းပြုပေးရမှ၊ သားအရွယ်မရောက်-အိမ်ထောင်မပြုခင် အလှူ ပေးဖြစ်မှ
တော်ကာကျမည်၊ နို့မဟုတ်ရင် ပတ်ဝန်းကျင်က ကဲ့ရဲ့လိမ့်မယ်ဆိုပြီး သူများ ဆီက ချေးငှါးပြီး
မနိုင်တနိုင်အလှူပေးလေ့ရှိတဲ့ မြန်မာလူမျိုးတွေ
အသိရ၊ သတိရ အမြင် မှန်ရစေချင်ပါတယ်။ အလှူကြီးပေးပြီး မောင်ရှင်လောင်းလုပ်ခွင့်ရမှသာ
လူရာဝင်မည်၊ လူဖြစ်ရကျိုးနပ်မည်၊ မိသားစုဂုဏ်သိက္ခာတက်မည်ဆိုပါလျှင် အရှင်ဟာ အခုချိန်မှာ
အမေ့မေတ္တာအရှင်, B.A. M.A ရယ်လို့ဖြစ်လာစရာဘယ်ရှိပါ့မလဲ။ စဉ်းသာစဉ်းစား ကြည့်ကြပေတော့..အမိမြန်မာတို့ရယ်။
နောက်…အရှင်ဟာ ၁၁နှစ်သားအရွယ်မှာ ရှင်သာဏေဖြစ်ဖြစ်ခြင်း
မန်းလေး ရွှေမြို့တော်ကြီးကို ပညာသင်ရောက်ရှိလာခဲ့ပါတယ်။ မန်းလေးရွှေမြို့တော်ကြီးမှာ
မူငယ်လတ်ကြီး ဘာသာရေးစာမေးပွဲများကိုလေ့လာ သင်ကြားရင်း ကိုရင်ဘ၀တစ် လျှောက်လုံး ဘုံဆွမ်းလောင်းတိုးကာ
ဆရာသမားများအား အရုဏ်ဆွမ်းကပ်လှူခြင်း ဆွမ်းအာဟာရဒါန၀တ်ကို မချွတ်ပြုခဲ့ပါတယ်။ နောက်..ရံဖန်ရံခါ
ဂိလာနဘတ်ကိုလဲ ပြုလုပ်လေ့ရှိပါတယ်။ မိမိဘုဉ်းပြီးတိုင်း ဆင်းရဲသားများအားလဲ ပေးကမ်းစွန့်ကြဲလေ့ရှိ
ပါတယ်။ မိဘများအားလဲ ဘုရားပွဲကထိန်ပွဲမှ ရလာသောမိမိလာဒ်လာဘများကို ခွဲခြမ်း၍ ထောက်ပံ့ပေးလေ့ရှိပါတယ်။
မန်းလေးရွှေမြို့တော်ကြီးဆိုတာ ဘုရားပွဲများ၊ ကထိန်ပွဲများပေါများသောဘာသာရေးမြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။
မန်းလေးမြို့သူ မြို့သားများဟာလည်း သဒ္ဓါတရားသိပ်ကောင်းပြီး သာသနာနဲ့သဃာကိုကြည်ညိုတတ်
ထောက်ပံ့တတ်သော ဗုဒ္ဓဘာသာဝင်များလဲ ဖြစ်ပါတယ်။ နောက်.. ပဌာန်းသံ၊ ဓမ္မသံတွေ မဆဲသောမြို့ကြီးတစ်ခု၊
ဘာသာ သာသနာထွန်းကားသော မြို့ကြီးတစ်ခုလဲ ဖြစ်ပါတယ်။ ဒါတွေသည်လည်း ဒါနပါရမီအကျင့်ပင်
မဟုတ်ပါလား။
နောက်….အရှင်ဟာ ရဟန်းဘ၀မှာတော့ မန်းလေး ဗုဒ္ဓတက္ကသိုလ်-
ဆူးခါးနဲ့ မန်းလေးနပသတက္ကသိုလ်ကြီးများမှာ တက္ကသိုလ်ပညာရပ်များကို ဆည်းပူးလေ့လာရင်း မရှိဆင်းရဲသားများအား
ထောက်ပံ့ပေးကမ်းခြင်း၊ လူနာများအားသွေးလှူခြင်း၊ စောင့် ရှောက်ပေးခြင်းများကို ပြုလုပ်လေ့ရှိပါတယ်။
ဗုဒ္ဓတက္ကသိုလ်ကိုတက်စဉ် အရှင်ရဲ့ မိခင် ချမ်းသားကြီးကျောင်းတိုက်လေးမှာ မူငယ်လတ်ကြီးစာဝါများကိုပို့ချပေးခဲ့ပါတယ်။
မိခင် ကျောင်းတိုက်လေးမှာလဲ မနက်တိုင်းလိုလို စာချင်သူငယ်ချင်းများအား မန်းလေးထုံးစံ
အတိုင်း လ္ဘက်ရည်နဲ့မုန့်အာဟာရကို ဒါနအဖြစ်ပြုလုပ်လေ့ရှိပါတယ်။ မိခင်နပသ တက္ကသိုလ်မှာတော့
ဒုတိယနှစ်မှစ၍ အင်္ဂလိပ်စာအခြေခံ ဂရမ္မာနဲ့ စကားပြော၊ ဓမ္မပဒ၊ What the Buddha taught စာအုပ်များကို
ဝါသနာပါသူများအား ပို့ချ ဖတ်ပြပေးခဲ့ပါတယ်။ အဆောင်ကသူငယ်ချင်းများကိုလဲ မနက်အရုဏ်ဆွမ်းအဖြင့်
မြမြင့် မိုရ်မှာ ဒါနပြုလုပ်လေ့ရှိပါတယ်။ ဒီအလေ့အကျင့်များသည်လဲ ဒါနပါရမီကုသိုလ် ပင်
ဖြစ်ပါသည်။
နောက်…အရှင်ဟာ တက္ကသိုလ်မှာ လေးနှစ်တာပညာရပ်များကို
သင်ကြားပြီး နာဂတောင်တန်းဒေသကို သာသနာပြု ၂ နှစ်သွားရောက်ခဲ့ပါတယ်။ ထို ၂နှစ်တာကာလ
များမှာလဲ နာဂတိုင်းရင်းသားများအား ဘာသာရေးစာပေများသင်ကြားပေးခြင်း၊ အတန်း စာပေများသင်ကြားပေးခြင်း၊
ဘုရားကျောင်းကန်တံတားများ ဆောက်လုပ်ခြင်း၊ ဆွမ်းဆံစိမ်း လောင်းလှူပွဲများပြုလုပ်ပေးခြင်း၊
ကိုရင်သာမဏေများဝတ်ပေးခြင်း၊ ပဌာန်း ပွဲများ ကျင်းပပေးခြင်း၊ ဓမ္မစကြာသင်တန်းများပို့ချ၍
ဓမ္မစကြာအသင်းဖွဲ့ခြင်း၊ နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်များပို့ချပေးခြင်း၊ အင်္ဂလိပ်စာ
အခြေခံဂရမ္မာနဲ့ စကား ပြောသင်တန်းများ ပို့ချပေးခြင်း၊ ဆယ်ရက်စခန်းများ ပြုလုပ်ပေးခြင်း၊
တရားတော်များ ဟောကြားပေးခြင်း၊ သက်ကြီးပူ ဇော်ပွဲများ ပြုလုပ်ပေးခြင်း၊ ဆေးပဒေသာ ပင်များ
ဆိုက်ထူခြင်း၊ ကျောင်းသားကျောင်း သူများအား ပညာသင်စ ရိတ်ထောက်ပံ့ ပေးခြင်း၊ တောင်ယာလုပ်ကိုင်စားသောက်သူ
ရွာသားများအား အရင်းအနှီးဆိုက် ထုတ်ပေးခြင်း စသောသာသနာပြုလုပ်ငန်းများကို စေတနာ ၀ါသနာ
အနွံနာဖြင့် ဆောက်ရွက် ပေးခဲ့ပါသည်။ ဒါသည်ပင်လည်း ဒါနပါရမီ-ပေးကမ်းစွန့်ကြဲလှူဒါန်းခြင်း
သည်ပင် ဖြစ်ပါ သည်။
နောက်… သာသနတက္ကသီလဓမ္မာစရိယ,B.A Buddhism ဘွဲ့ကို
ရယူပြီး သီဟိုဠ် ကို ပညာသင်ရောက်ရှိလာခဲ့ပါတယ်။ သီဟိုဠ်မှာ မာစတာတည်းဟူသော ဘွဲ့ဒီဂရီကို
လေ့လာနေစဉ်မှာလဲ မိဘမဲ့ကျောင်းများအား သူငယ်ချင်းများနဲ့စုပေါင်း၍ ထောက်ပံ့ခြင်း၊ ဆန်းဒေးစကူးလ်ကျောင်းသားများအား
ထောက်ပံ့ခြင်း၊ သူငယ်ချင်းများ စာပေမျှဝေခြင်း၊ ကျောင်းပြင်ခြင်း၊ အတူနေကျောင်းသားများအား
ဆွမ်းဆံ၊ ဆီစသည်လှူဒါန်းခြင်း၊ အရုဏ်ဆွမ်း နေ့ဆွမ်းဆက်ကပ်ခြင်း စသောသာသနာပြု ပရဟိတလုပ်ငန်းများကို
လုပ်ဆောင်နေဆဲဖြစ်ပါသည်။ ဒါသည်ပင် ဒါနပါရမီ-ပေးကမ်း စွန့်ကြဲလှူဒါန်းခြင်းသည် ဖြစ်ပါသည်။
အရှင်သည် ဘယ်နေရာဘယ်ဒေသရောက်ရောက် ဒါနပါရမီကို
ဖြည့်ကျင့်လေ့ ရှိပါသည်။ ရှိလို့လှူသည်လဲ မဟုတ်သလို နာမည်ရခြင်း ဂုဏ်လိုချင်လို့လဲ
မဟုတ်ပါဘူး။ မွေးရာပါဗီဇနဲ့အတူ မြတ်ဗုဒ္ဓ၏ အဆုံးအမဓမ္မများက လမ်းညွန်ပေးနေသောကြောင့်သာ
ဖြစ်ပါသည်။ ဟိုတစ်ချိန် ကလေးဘ၀စာမတတ်ခင် နွားကျောင်းသားဘ၀ သံဃေဒိန္နံ မဟပ္ဖလံဆိုတာလဲ
နားမလည်၊ ဒါနံသဂ္ဂဿ သောပါဏံဆိုတာလဲ မသိ၊ ငွေးကြေး ဥစ္စာဆိုတာလဲ မရှိခဲ့ပေမဲ့၊ အခုတော့
မြတ်ဗုဒ္ဓ၏ ဒါနပါရမီကို ချီးမွှမ်းပုံကိုလဲ နားလည်ခဲ့ပါပြီ၊ ငါ့ဘုရားဟောတဲ့ ဒါနအကျိုးကိုနားလည်မယ်ဆိုရင်
ပါးစပ်ဖြားက ထမင်းလုပ်တောင် စွန့်ကြဲပေးကမ်းလိမ့်မယ်ဆိုတဲ့ မြတ်ဗုဒ္ဓ၏ အဆုံးအမစကားတွေလဲ
ခံစားတတ်ခဲ့ပါပြီ၊ ဒါနနည်းတော့ မွဲ၊ သီလနည်းတော့ ရောဂါကြွယ်၊ ဘာဝနာနည်းတော့ သံသရာလည်ဆိုတာကို
သဘောပေါက်ခဲ့ပါပြီ၊ ရှေ့ဘ၀က ဒါနပါရမီနည်းခဲ့လို့ ဒီဘ၀မှာ ဆင်းဆင်းရဲရနေရတယ်ဆိုတာကိုလဲ
လက်ခံခဲ့ပါပြီ။ ရှေ့ကကောင်းလို့ အခုကောင်း သည်၊ အခုကောင်း နောင်ကောင်းပါလိမ့်မည်။
ရှေ့ကမကောင်းလို့ အခုမကောင်းသည် အခုမကောင်း နောင်မကောင်းပါလိမ့်မည် ဆိုတာကိုလဲ တွေးတတ်ခဲ့ပါပြီ။
နောက်.. ဆိုးပင်ပျိုးက ဆိုးကျိုးရ၊ ကောင်းပင်ပျိုးက ကောင်းကျိုးရ လောကဓမ္မတာဆိုတာကိုလဲ
ဖွင့်ဆိုတတ်ခဲ့ပါပြီ။
ဒီတော့.. မရှိလို့မလှူ၊ မလှူလို့မရှိတဲ့။ လူ့ဘ၀ဆိုတာ
တကယ်ကိုတိုတိုလေးပါ၊ ခဏတာပွက်တဲ့ ရေဗွက်ပမာ၊ ရွှံ့နဲ့လုပ်ထားတဲ့ အရုပ်ပမာ ကြေလွယ်ကွဲလွယ်
ပျက်စီး လွယ်တတ်တယ်။ အသက်ဝိညာဉ်ကင်းတဲ့တစ်နေ့ ထင်းတုံးပမာ အသုံးမ၀င် တော့တဲ့ ဒီခန္ဓာကိုယ်ကြီး
တွယ်တာတပ်မက်မနေဘဲ လူ့လောကအတွက် သာသနာအတွက် သံသရာအတွက် နာနာလေးခိုင်းပေးမှသာ တော်ကာကျမည်…..။
အားလုံးဒါန-သီလ-ဘာဝနာဖြင့်
ပျော်မွေ့တတ်ပါစေ။
အမေ့မေတ္တာအရှင်…