Saturday, February 16, 2013

အလင်္ကာပန်းတို့ လန်းစန်းရာမြေ သို့ ချင်နိုင်း-ချီဒါးဘရမ်းဌာနေ




           
အလင်္ကာပန်းတို့ လန်းစန်းရာမြေဆိုသည်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်းဖြစ်ပါသည်။ အိန္ဒိယ နိုင်ငံတောင်ပိုင်းမှာ တည်ရှိသော Chennai and Chidanbaram ဆိုသော တမီးလူမျိုးအများစု နေထိုင်ကြသော ဒီဒေသကြီးများမှာ အလင်္ကာပန်းတို့ လန်းစန်းနေကြပါသည်။
          အလင်္ကာပန်းဆိုသည်မှာ သီရိလင်္ကာတက္ကသိုလ်ကြီးများမှ မာစတာအောင်မြင်ပြီး PhD-ဒေါက်တာတည်းဟူသော အဆင့်မြင့်ဘွဲ့ဒီဂရီများကို ခက်ခက်ခဲခဲလေးလာ သင်ယူနေသော မြန်မာကျောင်းသား ရဟန်းတော်များကို ဆိုခြင်းဖြစ်ပါသည်။ ထိုဒေါက်တာလောင်းတည်းဟူသော PhD ဘွဲ့ကိုလေ့လာသင်ယူနေကြသော မြန်မာကျောင်းသားရဟန်းတော်များသည် ခက်ခက်ခဲခဲလေလာ သင်ယူနေရသော်လည်း ဒီအိန္ဒိယတောင်ပိုင်းမှာရှိသော ချင်နိုင်းနဲ့ ချီဒန်ဘရမ်မြို့တော်ကြီးများမှာ လန်းစန်းနေကြပါသည်။
          အိန္ဒိယမှာ ဒေါက်တာဘွဲ့လေ့လာရတာ လွယ်သယောင်ယောင်ရှိသော်လည်း နေရာတိုင်း တက္ကသိုလ်အသီးသီးတိုင်းမှာ အခက်အခဲကိုယ်စီတော့ ရှိနေကြသည်သာ။ ကိုယ်မြေ့၊ ကိုယ့်ဌာနေမှ မဟုတ်တာ ဘယ်လောက်ပဲလွယ်တယ်ပြောပြော ခြွေးတွေ၊ အားတွေ၊ ငွေတွေ မရင်းပဲတော့ ဒေါက်တာတည်းဟူသော ဘွဲ့ဒီဂရီကိုတော့ အောင်ပန်ဆင်နိုင်မည် မဟုတ်ပါ။
          ဟာသလူရွှင်တော်တွေ ပြောသလိုပြောရအုံးမယ်…စပ်မိစပ်ရာ ဘာညာကွိကဆိုသလိုပေါ့။ ကိုယ့်မြေ ကိုယ့်ဌာနေမဟုတ်တဲ့ သူများပြည် သူများဌာနေမှာ ပညာသင်ရတာနဲ့ ပက်သက်လို့ နည်းနည်းပါးပါးပေါ့။ ဒီအကြောင်းကို ပညာတော်သင် သူငယ်ချင်းများနဲ့ မကြာမကြာပြောမိပါတယ်။ လောကယ်ကျောင်းသားများနဲ့ ဖောရိန်းကျောင်းသားများအပိုင်းပေါ့။ အခု လက်လှမ်းမှီသလောက် ပြောရမယ်ဆိုရင် မြန်မာကျောင်းသားရဟန်းတော်များ B.A, M.A, M.Phil., PhD စသော ဘွဲ့ဒီဂရီများကို လေ့လာသင်ယူနေကြသော သီရိလင်္ကာနှင့် အိန္ဒိယဆိုပါတော့။ ဒီနိုင်ငံက တက္ကသိုလ်တွေမှာတော့ သူတို့နိုင်ငံသူ သား လောကယ်ကျောင်းသားများကို အခွင့်ရေးတွေပေး ထားပါတယ်။ တက္ကသိုလ်ဖီးကြေးတွေ သက်သာတာ၊ စိတ်တိုင်းကျဆောင်ရွက်ပေးတာ စသည်ပေါ့။ ဖောရိန်းကျောင်းသားဆိုတဲ့ ကိုယ့်တွေကျတော့ ဈေးကြီးပြီး မာမာပြောဆိုတယ်လေ။ ဘာဆိုဘာမှ အခွင့်ရေး မရှိပါဘူး။
          ကိုယ့်အမိမြေက တက္ကသိုလ်ကြီးများမှာတော့ နိုင်ငံခြားသား ဖောရိန်းကျောင်းသားဆို သိပ်ကို အခွင့်ရေးတွေပေးထားတာ။ စားစရာ၊ နေထိုင်စရာ၊ ပညာသင်လဲ အခမဲ မဟုတ်ပါလား။ မိသားစုစကားနဲ့ပြောရရင် ဖူးဖူးမုတ်ထားတယ်ဆိုပါတော့။ အမိမြေမှာ အမိမြန်မာလောကယ် ကျောင်းသားတွေ ရဟန်းတော်တွေ ဖောရိန်းကျောင်းသားတွေလို အခွင့်ရေးရ မရတော့ မသိဘူး။ သီရိလင်္ကာနဲ့ အိန္ဒိယနိုင်ငံမှာတော့ လောကယ်ကျောင်းသားတွေကို အခွင့်ရေးအများကြီး ပေးထားပါတယ်။ စပ်မိလို့ပြောမိလိုက်တယ်။ မှားချင်လဲ မှားမယ်၊ မှန်ချင်လဲမှန်မယ်၊ ကြိုက်ချင်လဲ ကြိုက်မယ်၊ မုန်းချင်လဲ မုန်းမယ်ပေါ့ဗျာ။
          ကဲ..ဆက်လိုက်အုံးမယ် ရှေ့ကိုလေ။ ချင်နိုင်းနဲ့ ချီဒန်ဘရမ်အကြောင်းပေါ့။ ချင်နိုင်းမြို့ဆိုသည်မှာ စီးပွားရေးမြို့တော်လို့လဲ ပြောကြပါတယ်။ သေးတယ်ထင်ရသော်လည်း မြို့ကြီးတစ်မြို့ပါပဲ။ ဒီမြို့မှာကား တမီးလူများ-ဟိန္ဒူဘာသာဝင်များ အများစုနေထိုင်ကြပါတယ်။ စကားကလဲ အိန္ဒိယမြောက်ပိုင်း ဂယာဘက်နဲ့ အတော်လေးကို ကွဲပါတယ်။ မတူဘူးဆိုပါတော့။ နောက်ပြီး..သီရိလင်္ကာနိုင်ငံနဲ့ အနီးကပ်ဆုံး အိန္ဒိယနယ်စပ်မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ အိန္ဒယနိုင်ငံရဲ့ ခံတပ်မြို့တစ်မြို့ဆိုလဲ မမှားပါဘူး။ ဒီအတွက်ကြောင့် ချင်နိုင်းမြို့လေးကို ၀င်ရ ထွက်ရတာ သိပ်တော့ မလွယ်ဘူး။ အတော်လေးကို စစ်ဆေးတယ်။ ကိုယ်တွေကိုရော ဘုန်းကြီးလို့ သိမယ်မထင်ဘူး။
          သီဟိုဠ်နဲ့လဲ ရန်ငြိုးရန်စရှိတော့ အတော်လေးကို သတိထားနေရတယ်။ မြန်မာကျောင်းသား ရဟန်းတော်တွေကို ဆာဒူးကြီးတွေလို့ ထင်ထင်နေလို့ မြန်မာကျောင်းသား ရဟန်းတော်တွေလဲ အတော်လေးကို နေရထိုင်ရတာ အဆင်မပြေရှိလှပါတယ်။ ရင်းရင်းနီးနီးလဲ နေလေ့မရှိဘူးလေ။ ဒီတော့ ဒီလိုနေရာမျိုးမှာ ပညာသင်ရတာ လွယ်တယ်ပြောလို့ရမလား။ မရပါဘူး။ သိပ်ကိုခက်ခဲပါတယ်။ သီဟိုဠ်ထက် အစစအရာရာ ခက်ခဲတဲ့ ဒီနေရာမျိုးမှာ အဆင့်မြင့် ဒေါက်တာဘွဲ့ဒီဂရီကို လေ့လာသင်ယူနေသော အလင်္ကာပြန် ညီတော်နောင်တော်ကြီးများအတွက် ဂုဏ်ယူသလို စာလဲ စာနာမိပါတယ်။ ပညာရေးအတွက်မို့ ပျော်ရာမှာမနေ တော်ရာမှာနေ…ပေါ့။
          ဘာပဲပြောပြော အရှင်ကတော့ ဒီချင်နိုင်းမြို့လေးနဲ့ ချီဒန်ဘရမ်းမြို့လေးကို ရောက်ရှိခဲ့ပြီးပါပြီ။ ကိုယ်ကတော်လို့ တတ်လို့တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ ပညာသင်ယူနေကြတဲ့ အလင်္ကာပြန် ညီတော်နောင်တော်ကြီးများရဲ့ စေတနာ၊ မေတ္တာ၊ အကူအညီတွေကြောင့်ပါ။ ချင်နိုင်းမြို့လေးကိုတော့ အသွားအပြန်ဝင်ဖြစ်ခဲ့ပါတယ်။ ဦးတည်ရာနေရာဖြစ်တဲ့ ဒေလီကိုအသွား ချင်နိုင်းလေဆိပ်ကို ရောက်တော့ Arrival Card ဖြည့်ရတယ်။ သွားမဲ့နေရာလိပ်စာ အတိကျမဖြည့်နိုင်တဲ့အတွက် ပြဿနာတက်ပြီး မနက်ပိုင်း Flight မမီလိုက်ဘဲ ညနေပိုင်းလေယာဉ်ကိုစောင့်နေရတော့တယ်။ ကိုလံဘိုကနေ ချင်နိုင်းကိုရောက်ချိန်က မနက်-၇နာရီလေ။ ညနေ-၅နာရီလေယာဉ်ဆိုတော့ လေဆိပ်မှာတစ်ယောက်တည်း ယောင်ချာချာပေါ့ဗျာ။
          ဒါနဲ့ လက်မှတ်ကောင်တာတစ်ခုမှာ အကူညီတောင်းပြီး နောင်ကြီးညေယျဆီဖုန်းဆက် ပြောလိုက်ရတယ်။ သူဆီကိုဖုန်းသာဆက်လိုက်ရတယ်။ သူနေတာက Chidanbaram မှာဆိုတော့ အတော်လေးကို ဝေးသေးတာ။ ဒီတော့ ဘယ်လိုမှသူမလာနိုင်းဘူးလေ။ ဒါပေမဲ့ နောင်ကြီးက ချင်နိုင်းမှာ ကျောင်းတက်နေကြသော နောင်ကြီးတေဇ၀န္တ၊ ဦးကုသလ၊ ဦးဥတ္တမ၊ ဦးသြဘာတို့ကို ဖုန်းဆက်ပေးတယ်။ ဒီလိုနဲ့ Taxy ကိုခေါ်ပြီး အလင်္ကာပြန်နောင်ကြီးများရှိရာ အိမ်ဂေဟာကို ၀င်ဖြစ်ခဲ့ပါတယ်။ နောင်ကြီးများအားလုံး ဖော်ရွှေကြပါတယ်။ ကူညီကြပါတယ်။ နွေးထွေးစွာ ကြိုဆိုခဲ့ကြပါတယ်။ သူတို့အိမ်ဂေဟာလေးကိုရောက်တော့မှ အရှင်လဲ အမောတွေ သောကောတွေ ပြေခဲ့ရပါတယ်။
          အလင်္ကာပြန်နောင်တော်ကြီးများဖြစ်သည့်အတိုင်း အတော်လေးကို သဘောမနော ကောင်းကြပါတယ်။ ငှါးနေရာအိမ်ဂေဟာလေးက အလှတန်ဆာတွေ ဆင်မထားသော်လည်း နောင်ကြီးများရဲ့ စေတနာ၊ မေတ္တာအကြင်နာ၊ အကူအညီတွေကြောင့် သိပ်ကိုသာယာလှပ နေခဲပါတယ်။ မတူညီတဲ့ လူမျိုးတစ်ခု၊ ဘာသာတစ်ခု၊ တိုင်းပြည်တစ်ခုမှာ အခက်ခဲများစွာနဲ့ ပညာရေးအတွက် ဘ၀ကိုခေတ္တစတေးနေကြရသော်လည်း အချင်းအချင်းသမဂ္ဂ- ညီညွတ်မှုကြောင့် အပြုံးပန်းနဲ့အတူ အောင်ပန်းကိုခူးဆွတ်နိုင်ကြပါတယ်။
          ဒီချင်နိုင်းက အရောင်ခပ်မွဲမွဲအိမ်ဂေဟာလေးကာ သာယာအေးချမ်းပြီး ပျော်စရာကောင်းတဲ့ ဥယျာဉ်လေးတစ်ခုပါပဲ။ နေထိုင်နေကြတဲ့ ဥယျာဉ်မှူးကြီးများကလဲ အလင်္ကာပြန် ရဲရဲတောက် အာဇာနည်တွေပါပဲ။ ဒီအိမ်ဂေဟာလေးကား သေးငယ်ပြီး အလှဂုဏ်တွေကင်းနေသော်လဲ အရှင်တို့လို့ ခရီးသွားတွေအတွက် ခဏတာခိုနားရာ ဧည့်ဂေဟာလေးတစ်ပါ။ ဧည့်လာဂမုန်းပင် ဆိုက်မထား သော်လည်း ၀ါဆိုမိုးလို ရွှေဧည့်သည်များက ရောက်လာမဆဲ တသဲသဲဆိုပါတော့။ မြန်မာနိုင်ငံက ဘုရားဖူးတွေ ၀င်ရောက်တည်းခိုသလို၊ သီဟိုဠ်ကို အလည်ပတ်သွားကြသော အိန္ဒိယမြန်မာ ကျောင်းသား ရဟန်းတော်များ၊ အိန္ဒိယကို အလည်ပတ်လာကြသော သီဟိုဠ်မြန်မာကျောင်းသား ရဟန်းတော်များနှင့် အိန္ဒိယကို ဒေါက်တာဘွဲ့အတွက် လာရောက်လေ့လာကြသော မြန်မာကျောင်းသား ရဟန်းတော်များလဲ ၀င်ရောက်ခိုနားလေ့ရှိကြပါတယ်။ လာရောက်သူတိုင်းအားလုံး ပျော်ရွှင်အေးချမ်းမှုတွေ ခံစားကြရပါတယ်။ အစိမ်းအကျက် မခွဲသလို မာန်မာနဆိုတာလဲ ဒီအိမ်ဂေဟာလေးမှာ မရှိပါဘူး။ မောတယ်ပန်းတယ်ဆိုတာလဲ မရှိပဲ ကူညီပေးတတ်ပါတယ်။ ဒါကြောင့်လဲ နောင်ကြီးညေယျက “တကယ်တော့ ဒီအိမ်ဂေဟာလေးက ဘူတာရုံကြီးတစ်ခုလိုပဲ ခရီးသွားတည်းခိုသူတွေများတယ်။ နောက်ပြီး စားစရာ၊ သောက်စရာရိက္ခာအပြည့်အစုံ ထည့်ထားတဲ့ ဂိုဒေါင်ကြီးတစ်ခုလဲ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့..အရှင်ကတော့ အိမ်ဂေဟာရှင်တွေရဲ့ ဧည့်ဝတ်ဒဏ်တွေ ခံစားရမှုအတွက်လဲ ခံစားမိခဲ့ပါသေးတယ်။ ဧည့်သည်တစ်ယောက်အတွက် အိမ်ရှင်ရဲ့ တာဝန်တွေက မသေးလှဘူး မဟုတ်ပါလား။ ကျေးဇူးများပြားလှပါတယ်။
          ဒီအိမ်ဂေဟာလေးမှာ ဒေလီကိုအသွား တစ်နေ့တာတည်းခိုနေထိုင်ခဲ့ပြီး၊ သီဟိုဠ်ကိုအပြန် ခရီးလမ်းမှာတော့ သုံးရက်တာခိုနားခဲ့ပါတယ်။ ဒီအိမ်ဂေဟာလေးမှာ ခိုနားစဉ် သီဟိုဠ်ပြန် နောင်ကြီးများရဲ့ ပညာသင်ကြားမှု ပုံရိပ်တစ်ချို့၊ နေထိုင်စားသောက်မှုပုံရိပ်တစ်ချို့ကိုလဲ လက်တွေ့သိမြင်ကြားသိခဲ့ရပါတယ်။ အတုယူအားကျစရာတွေကို တွေ့ခဲ့သလို၊ ခက်ခဲမှုတွေကိုလဲ မြင်တွေ့ခဲ့ရပါတယ်။ ယဉ်ကျေးမှုမတူညီတဲ့ လူ့အသိုင်းဝိုင်းကြားမှာ အခက်ခဲတွေကို အန်တု လို့ကြိုးစားရင်း ရည်မှန်းချက်ပန်းတိုင်းဆီသို့ သီဟိုဠ်ပြန် နောင်ကြီးများကား ရင်ဆိုင်ကျော်လွှား နေဆဲပဲပါ။ သူတို့အတွက် အောင်မြင်မှုပန်းတိုင်ကလဲ လက်တစ်ကမ်းအလိုမှာပဲ ရှိနေပါတယ်။
          ဒီအိမ်ဂေဟာလေးကနေ သီဟိုဠ်ပြန်နောင်ကြီးများဖြစ်သော နောင်ကြီးညေယျ၊ ရွှေမန်းသား၊ ကိုတက်တိုး၊ ကိုနိုဗယ်လ်၊ ကိုဇနကနဲ့ အဘပဏ်တို့နေထိုင်ရာ Chidanbaram-အနားမလိုင်းနား တက္ကသိုလ်မြေကို လှမ်းခဲ့ပါတယ်။ ချင်နိုင်းနဲ့ချီဒန်ဘရမ်းဆိုတာ အခေါ်သာနီးပေမဲ့ အတော်လေးတော့ ဝေးသား။ သီဟိုဠ်မှာပညာသင်စဉ်က နောင်ကြီးညေယျတို့ပညာသင်ကြားရာ အနားမလိုင်းနား တက္ကသိုလ်ဆိုတာ ချင်နိုင်းမှာလို့တွေးခဲ့တာ သိပ်မဝေးဘူးပေါ့။ အခုတကယ်လဲ သွားရော Hight Wayမှာပြေးနေတဲ့ Express ကားကြီးနဲ့တောင် ငါးနာရီလောက်စီးရတယ်။ ကိုယ်မရောက်ဖူးတဲ့ ခရီးဒေသမို့ စိတ်ဝင်စားစရာတွေနဲ့အတူ ရင်မောစရာတွေလဲ ဖြစ်ခဲ့ပါတယ်။ ချီဒန်ဘရမ်းသို့သွားရာ ဟိုက်ဝေးကားလမ်းမကြီးဘေးမှာ စိမ်းဆိုနေတဲ့ လယ်ကွင်းတွေ၊ စပါးပင်တွေကို တွေ့ခဲ့ရပါတယ်။ ကိုယ်ကတောသားဆိုတော့ လယ်တောကြီးများကိုတွေ့တိုင်း ရွာကိုသတိရမိတယ်ဗျာ။
          ချီဒန်ဘရမ်းမြို့လေးသည်လဲ တမီးလူမျိုး-ဟိန္ဒူဘာသာဝင်များနေထိုင်ရာ မြို့လေးတစ်မြို့ပါပဲ။ တမီးလူမျိုးများဖြစ်သော်လည်း ယဉ်ကျေးမှုတော့ရှိပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့နဲ့ ခပ်တူတူ လို့ပြောရမှာပါ။ ကူညီရိုင်းပင်းတတ်ပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကိုလဲ အလေး ထားမှု ရှိပါ တယ်။ အိန္ဒိယမြောက်ပိုင်း- ဂယာဒေသဘက်နဲ့ ချင်နိုင်းထက်တော့ ယဉ်ကျေးမှု ပိုတယ်လို့ ယူဆရ မှာပါ။ ဘယ်လောက်ကူညီတတ်သလဲဆိုရင် “ဘီးစီးရင်း မတော်တဆလဲကျသွားတဲ့အခါ ထူပေးဖို့ အပြေးအလွှားရောက်လာတတ်ကြတယ်ဆိုပဲ”။ ဘယ်လောက်ချစ်စရာ ကောင်းလိုက်သလဲ။ ဘာသာ စကားတွေကလဲ တစ်နေရာနဲ့တစ်နေရာ မတူပါဘူး။ မြန်မာနိုင်ငံနာဂတောင်းတန်းဒေသက နာဂလူမျိုး တွေလိုပဲ နှစ်ရွာကျော်သွားတာနဲ့ စကားမတူတော့ဘူးလေ။
          ဒီချီဒန်ဘရမ်းမြို့လေးကို ည-၈နာရီလောက်ရောက်သွားတယ်။ နောင်ကြီးညေယျ၊ ရွှေမန်းသား၊ ကိုဇနကတို့လာကြိုကြပါတယ်။ ခင်ကြမင်ကြချစ်ကြပါတယ်။ အူတူတူအူတတ ကိုယ်တော်လေး မို့ထင်ပါရဲ့ လာကြိုပေးကြတာလေ။ ကားဂိတ်နဲ့ ငှါးနေရာအိမ်ဂေဟာကား သိပ်တော့မဝေးလှပါဘူး။ မိနစ်-၂၀လောက်ပဲ သုံးဘီးကားစီးရပါတယ်။ အိမ်ကိုရောက်တော့ အဘပဏ်ကလဲ ရေနွေးကြမ်း-လ္ဘက်နဲ့စီးကြိုနေပါတယ်။ သဘောကောင်းလိုက်တာပြောမနေနဲ့ သီဟိုဠ်ပြန်တွေပဲလေ။ ညမှာတော့ အတွေ့အကြုံဗဟုသုတစကားတွေကို နှီးနောဖလှယ်ရင်း အိပ်စက်အနားယူခဲ့ပါတယ်။ ဒီအိမ်ဂေဟာ လေးကလဲ နွေးနွေးထွေးထွေးပါပဲ။ အိမ်လေးက သပ်သပ်ရပ်ရပ်ရှိသော်လည်း ဘေးမှာက ရေပုတ်တွေရှိနေတဲ့အတွက် အနံ့အသတ်ဆိုးဝါးပြီး ခြင်ယင်ပေါပါတယ်။ ဒါပေမဲ့ အိမ်လခကတော့ ဈေးအတော်ကြီးဆိုပဲ။ သူများနိုင်ငံမှာ ပညာသင်ရတာ အိမ်ငှါးပြီးနေရတဲ့ ဒုက္ခကလဲ မသေးဘူး ဆိုပါတော့။
          မနက်မိုးလင်းတော့ နောင်ကြီးညေယျ၊ ရွှေမန်းသား၊ ကိုတက်တိုးတိုက သူတို့အနားမလိုင်းနား တက္ကသိုလ်ကြီးကိုလိုက်ပြပေးပါတယ်။ တက္ကသိုလ်ကြီးကား ခန်းနားထည်ဝါလှပါ၏။ တက္ကသိုလ်ရဲ့ စာကြည့်တိုက်ကြီးကလဲ ကြီးမားလှပါဘိ။ တက္ကသိုလ်ဝင်းကြီးကား ကျယ်ဝန်းလှပါသည်။ တက္ကသိုလ်ဝင်းတစ်ခုတည်းမှာပဲ မေဂျာအသီးသီးခွဲပြီး သင်ယူလေ့လာရပါတယ်။ မေဂျာအားလုံး ပါဝင်ပါတယ်။ ဆေး၊ သင်္ချာ၊ ဓာတု၊ သိပ္ပံ၊ ပထ၀ီ၊ Buddhist Study, Philosophy, အားလုံးကို ပေါင်းထားပါတယ်။ နောက်..ဆေးမေဂျာအဆောင်ဆို ဆေးရုံနဲ့တောင် တွဲပေးထားပါတယ်။ အနားမလိုင်းနားတက္ကသိုလ်ကြီးရဲ့ မုတ်ဦးကြီးကလဲ ကြီးမားထည်ဝါလိုက်တာ ပြောမနေပါနဲ့။ အမိမြေက မန်းလေး-ရန်ကုန်နပသတက္ကသိုလ်ကြီးများ၏ မုတ်ဦးထက်တောင် ကြီးမားနေပါ သေးတယ်။
          တက္ကသိုလ်ကြီးကိုလိုက်ကြည့်နေစဉ်မှာပဲ ကိုရွှေမန်းသားကြီးက “ အင်း…ညီမောင်ရေ.. ကေလနိယနဲ့တော့ နင်လားငါလားဆိုရလောက်အောင် အတော်လေးကိုကွာလွန်းလှပါတယ်။ ရောက်တုန်း ရောက်ခိုက် တက္ကသိုလ့်အငွေ့သတ်လေး တ၀ကြီးခံစားသွားလိုက်အုံး၊ အမိမြေကို ပြန်ရင်လဲ တက္ကသိုလ်နဲ့ဝေးနေမှာလို့” ပြောခဲ့သေးတယ်။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ အတော်လေးကို ကွားခြားလွန်းပါတယ်။ ဒီတက္ကသိုလ်မုတ်ဦးကြီးရဲ့ အမည်နာမကိုကြည့်ပြီး ရန်ကုန်-မန်းလေးနပသတက္ကသိုလ်ကြီးများကို စပုံဖော်တည်ထောင်ပေးခဲ့သော ကျေးဇူးရှင်မင်းကွန်း ဆရာတော်ဘုရားကြီးကို အမှတ်ရအောက်မေ့မိကာ မနောကံဖြင့် ၀န္ဒနာမိခဲ့ပါ သေးတယ်။
          အင်း….တက္ကသိုလ်ကြီးတွေက ခန်းနားထည်ဝါသလို ဈေးတွေကလဲကြီး အခက်ခဲတွေကလဲ တသီကြီးဆိုပါလား။ နောင်ကြီးညေယျက…” ကိုယ်လူရေ ဒေါက်တာလုပ်မယ်ဆို ဒီတော့မလာခဲ့လေနဲ့။ ငွေကြေးကုန်ကျများတာထက်၊ စည်းမျဉ်းစည်းကမ်းတွေက တင်းကြပ်လွန်းတယ်။ PhDကျောင်းသား ဆိုပေမဲ့ နားတယ်လို့မရှိဘူး။ အမြဲတမ်းကျောင်းကိုသွားပြီး စာကြည့်တိုက်မှာ အချိန်ပေးရတယ်။ ခွင့်ရက်လဲ တစ်နှစ်မှ တစ်လပဲ ရှိတယ်၊ ကျန်းမာရေးမကောင်းရင် ခွင့်ယူရတာ အနည်းငယ် ခက်ခဲတယ်။ ဒါကြောင့် ဒေါက်တာလုပ်မယ်ဆို ဒီကိုတော့ မလာနဲ့လို့ “ ပြောခဲ့ပါတယ်။
          ကိုရွှေမန်းသားကတော့ “အိန္ဒိယမှာ ဒေါက်တာလုပ်ရတာ လွယ်တယ်ဆိုရင် ဒီကိုလာပြီး လေ့လာစေချင်တယ်။ မလွယ်ဘူးလို့” ထပ်ပြောခဲ့ပါသေးတယ်။ ဒါနဲ့..ကိုတက်တိုးကြီးကို လှမ်းစလိုက်မိတယ်..” ဒါကြောင့်ထင်တယ်..ကိုတက်တိုးလဲ ဒီရောက်မှ အရပ်တောင်ပို ပုသွားတယ် ထင်တယ်လို့” ပေါ့။ ကိုတက်တိုးကား ရယ်နေလေရဲ့။
          ဘာပဲပြောပြော ဒီသီဟိုဠ်ပြန်နောင်ကြီးများလဲ အခက်ခဲတွေကို ကျော်ဖြတ်၊ ဆင်းရဲ့ပင်ပန်းမှု ဒဏ်တွေကို တွန်းလှန်ပြီး ရည်မှန်းချက်ပန်းတိုင်းကို လှော်ခတ်နေကြလေရဲ့။ တစ်ချို့က ပန်းဝင်ခါ နီးပြီး။ တစ်ချို့ ပန်းဝင်လမ်းပေါ်သို့ ရောက်နေကြလေပြီ။ ထို…အနားမလိုင်းနားတက္ကသိုလ်က သီဟိုဠ်ပြန်နောင်ကြီးများအတွက်လဲ ဂုဏ်ယူလေးစားမိပါတယ်။ တကယ်တော့ အမြင့်ကို ရောက်လိုသူတိုင်းအတွက် အခက်ခဲအတားအဆီးတော့ ရှိနေမှာပဲ။ အဆင်မပြေမှုတွေ၊ ဆင်းရဲကြမ်း တမ်းမှုတွေ၊ ဆိုးလောကဓံတွေကိုလဲ တွေ့ကြုံခံစားရမှာ အမှန်ပါပဲ။
          ဒီလောကဓံတွေကို မြတ်ဗုဒ္ဓ၏ အဆုံးအမအတိုင်း သတ္တိ၊ဗျတ္တိ၊ ၀ီရိယ၊ သတိ၊သမာဓိ၊ ပညာဖြင့် အတ္တ-ပရနှစ်ဖက်မျှပြီး အမျိုးဘာသာ သာသနာနဲ့ နိုင်ငံနဲ့လူမျိုးအတွက် ရင်ဆိုင်ကျော်ဖြတ်ရမည်သာ ဖြစ်သည်။
          အားလုံး ဘ၀ကုန်ဆုံးချိန်တွေ မရောက်ခင် အတ္တဟိတ-ပရဟိတကို စွမ်းအားရှိသမျှ ထုတ်သွားနိုင်ကြပါစေလို့….
အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေလို့..အမေ့မေတ္တာအရှင်..
         
         
         

No comments:

Post a Comment