တကယ်တော့ အရှင်ဟာ ဒေသန္တရဗဟုသုတရရှိဖို့ ခရီးသွားလေ့ရှိပါတယ်။
မိမိရောက်ဖူးသည်ဖြစ်စေ၊ မရောက်ဖူးသည်ဖြစ်စေ အခွင့်သင့်တဲ့အခါ
သွားလိုက်တာပါပဲ။ ၀ါသနာပါသလို မြတ်ဗုဒ္ဓကလဲ “ စရထ ဘိက္ခဝေ၊ စာရိကံ ဒေသေထ” ဟု
မိန့်ခဲ့သည်မဟုတ်ပါလား။
မိမိရောက်သည့် နေရာဒေသတိုင်းမှာလဲ
အမှတ်တရဓာတ်ပုံလေးတွေရိုက်လေ့ရှိပါတယ်။ အမှတ်တရ ဆိုတာထက် တကယ့်တော့
မိမိသွားရောက်ခဲ့သည့် နေရာဒေသတစ်ခု၏ သမိုင်းအတွက်ဆို ပိုမှန်ပါလိ့မ်မယ်။
Diary ရေးလေ့ရေးထသိပ်နည်းနဲ့တဲ့ အရှင်အတွက် ဒီဓာတ်ပုံလေးတွေက
အတိတ်ကသမိုင်းဖြစ်စဉ်ကို ပြန်လည် ဖော်ပြပေးပါတယ်။ ဒါကြောင့်လဲ
ရောက်သည့်နေရာတိုင်း မှတ်တမ်းတင် ဓာတ်ပုံလေးတွေကို ရိုက်နေရသည် ဆိုပါတော့။
ဒီဓာတ်ပုံလေးတွေကနေတစ်ဆင့် အရှင်သွားရောက်ခဲ့သည့် နိုင်ငံတစ်ခု
နေရာဒေသတစ်ခု၏ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေ၊ ပညာရေး၊ နိုင်ငံရေး၊
အမျိုးသားရေး ယဉ်ကျေးမှု အခြေအနေတွေကို သိနိုင်မြင်နိုင်တွေးဆနိုင်ပါတယ်။
တကယ်တော့ နိုင်ငံတစ်ခု၏ သမိုင်းကိုစာပေဖြင့်ပြန်လည်ဖော်ပြနိုင်သလို
ဓာတ်ပုံဗွီဒီယိုမှတ်တမ်းများဖြင့်လဲ ပြန်လည်ဖော်ပြနိုင်ပါတယ်။ ဒါက အရှင်၏
အယူဆသာဖြစ်ပါတယ်။
အခုမလေးရောက်ပြောစရာလေးများ
ခေါင်းစဉ်အောက်မှာလဲ ဓာတ်ပုံများစွာကို အင်တာနက်စာမျက် နှာမှာ
တင်ပြပေးခဲ့ပါတယ်။ အမြင်အမျိုးမျိုး၊ ခံစားမှုအမျိုးမျိုး ရှိသည့်အနက်
အရှင်ကတော့ အကောင်း ဘက်ကနေ၊ အကျိုးရှိမဲ့ဘက်ကနေ မြင်ပြီးခံစားမိခဲ့ပါတယ်။
ဓာတ်ပုံကို ဓာတ်ပုံအမြင်ဖြင့်ပင် ခံစားမယ် ဆိုရင်တော့
ကြည့်သူမြင်သူတွေအတွက် တစ်စုံတစ်ခုသောအကျိုးက နတ္ထိသာဖြစ်နေပေလိမ့်မည်။
ဒီတော့ အင်တာနက်စာမျက်နှာပေါ်က ပုံတွေကိုခံစားတဲ့အခါ ဒီဓာတ်ပုံရဲ့
အဓိပ္ပါယ်ပေါ်အောင်ခံစားရမှာပါ။ ဒါမှလဲ တစ်စုံတစ်ခုသောအကျိုးက ဧကန်ဖြစ်မှာပါ။
အရှင်ရဲ့ မလေးရောက်ပြောစရာလေးများထဲမှာ တင်ဖြစ်လိုက်တဲ့ ဓာတ်ပုံတွေကို
ပြန်လည်ခံစား ကြည့်မယ်ဆို မလေးရှားနိုင်ငံ၏ ၁။ ဘာသာရေးဆိုင်ရာဓာတ်ပုံများ။
၂။ ပညာရေးဆိုင်ရာဓာတ်ပုံများ။ ၃။ စီးပွား ရေးဆိုင်ရာဓာတ်ပုံများ။ ၄။
နိုင်ငံရေးဆိုင်ရာ ဓာတ်ပုံများ။ ၅။ အမျိုးသားရေးဆိုင်ရာဓာတ်ပုံများကို
တွေ့မြင် နိုင်ပါတယ်။
ဘာသာရေးအခြေအနေကို ကြည့်မယ်ဆိုရင်
မလေးရှားနိုင်ငံဟာ ယနေ့အနေထားအရ အစ္စလန် ဘာသာကိုကိုးကွယ်သော
မွတ်ဆလင်နိုင်ငံတစ်ခုသာဖြစ်သည်။ မွတ်ဆလင်ကြီးစိုးသော ဒီနိုင်ငံမှာ အခြားသော
ဘာသာတွေအတွက် နေရာတစ်ခုရဖို့သိပ်ကိုခက်ခဲပါတယ်။ ဒီမိုကရေစီနိုင်ငံမို့
အခြားသောဘာသာတွေအ တွက် နေရာလေးတစ်နေရာရသည်ထားအုံး ပေးဆပ်ရတဲ့အရင်းနှီးတွေက
အတော်လေးကိုများပြားလွန်းပါ တယ်။
မလေးရှားနိုင်ငံမှာ
ဗုဒ္ဓဘာသာအခွင့်အရေးအနေနဲ့ကြည့်မယ်ဆိုရင် အတိုင်းတာတစ်ခုထိ အောင်မြင်နေ
သည်ဟုဆိုနိုင်သော်လည်း ဘာသာရေးခေါင်းဆောင် မြန်မာရဟန်းတော်များအနေနဲ့
အတော်လေးကို ခက်ခဲ ပင်ပန်းစွာ သည်းခံစိတ်အပြည့်ဖြင့် ကြိုးစားနေရဆဲဖြစ်သည်။
တစ်ချို့ မြန်မာရဟန်းတော်များ ဦးဆောင်နေ သော ဗုဒ္ဓဘာသာကျောင်းများဆို
မိမိလက်မိမိခြေမဟုတ်ပဲ တရုပ်ဗုဒ္ဓဘာသာအဖွဲ့အစည်း၏ လက်အောက်မှာ သာရှိနေပေသည်။
သို့သော်လည်း မွတ်ဆလင်နိုင်ငံဖြစ်သော မလေးရှားမှာ
ဗုဒ္ဓဘာသာသာသနာပြန့်ပွားအောင် ကြိုးစားဆောက်ရွက်နေသော
မြန်မာရဟန်းတော်များကို ချီးကျူးဂုဏ်ယူရမည်သာဖြစ်သည်။
ဒီရဟန်းတော်၊ ဆရာတော်များ၏ ကျေးဇူးကြောင့်ယခုဆို
မလေးရှားမွတ်ဆလင်နိုင်ငံမှာ ထေရ၀ါဒ
ဗုဒ္ဓဘာသာမြန်မာဘုန်းတော်ကြီးကျောင်းများကို တွေ့မြင်နေရခြင်းဖြစ်ပါသည်။
ဒီသာသနာပြုဆရာတော်များ၏ သာသနာပြုဆောင်ရွက်ချက်များကြောင့်
မလေးရောက်မြန်မာအလုပ်သမားများ၊ စီးပွားရေးပညာရှင်များသည် လည်း
ဘာသာစိတ်သာသနာစိတ် အပြည့်ဖြင့် ပစ္စည်းလေးပါးထောက်ပံ့ကာ
ဆရာတော်များနဲ့ညီညာစွာ လက်တွဲပြီး ဗုဒ္ဓဘာသာသာသနာပြန့်ပွားအောင်
ပါရမီဖြည့်ဆည်းနိုင်ကြပါသည်။
ထိုသာသနာပြုဆရာတော်များ၏
အဆုံးမများကြောင့် မြန်မာအလုပ်သမားများသည် အားလပ်ရပ် အလုပ်နားရက်
စနေတနင်္ဂနွေနေ့တွေမှာ မြန်မာရဟန်းတော်များရှိရာ ဗုဒ္ဓဘာသာကျောင်းများသို့
သွားရောက် လှူဒါန်း၊ ဝေယျာဝစ္စလုပ်၊ အဆုံးအမတရားများကိုနာယူလေ့ရှိပါသည်။
အခါကြီးရက်ကြီးနေ့များမှာလည်း မြန်မာဗုဒ္ဓဘာသာဝင်များ
သာသနာပြုကျောင်းများမှာစည်ကားလျှက်ရှိနေပါသည်။ ကထိန်ပွဲ၊ ၀ါဆိုပွဲ၊
နှစ်သစ်ကူး သင်္ကြန်ပွဲများတွင်လဲ ကြေးစည်သံတေ၀၀ဖြင့် ဓမ္မသံများ၊
သာဓုခေါ်သံများ နှစ်ထောင်းအားရကြားနေရပါသည်။ နောက်…
လူမှုရေးပရဟိတအသင်းအဖွဲ့များလည်း ဖွဲ့စည်းတည်ထောင်ထားကြပါသည်။ သာသနာပြု
ဆရာတော်များက ဓမ္မစကူးလ်သင်တန်းများပို့ချပေးခြင်း၊
ဗုဒ္ဓစာပေအဆုံးများသင်ကြားပေးခြင်း၊ ၀ိပဿနာ သင်တန်းများပို့ချပေးခြင်း၊
ရိပ်သာစခန်းများဖွင့်၍ လက်တွေအားထုတ်ခိုင်းခြင်းဖြင့် ဘာသာရေး၊ သာသနာရေး
ရာများကို ဆောက်ရွက်နေသလို၊ မလေးရောက် မြန်မာဗုဒ္ဓဘာသာ အလုပ်သမားများ၊
စီးပွားရေး သမားများ သည်လည်း ပြည်ပမွတ်ဆလင်နိုင်ငံမှာ ရောက်နေသော်လည်း
ကျောင်းမဝေး၊ ဘာသာရေးမကွယ်၊ ရဟန်း သံဃာများကို ကိုးကွယ်ဆည်းကပ်နေသောကြောင့်
အတိုင်းမသိဝမ်းသာပီတိဖြစ်ရပါသည်။
နောက်…
ပညာရေးဆိုင်ရာဆိုလဲ ဒီနိုင်ငံမှာကား မိခင်ဘာသာစကားဖြစ်တဲ့ မလေးဘာသာကို အဓိက
ထားပြီးသင်ကြားပေးပါတယ်။ သူ့နိုင်ငံမှားကျောင်းတတ်မည်၊
တက္ကသိုလ်တတ်မည်ဆိုလျှင် မဖြစ်မနေ သူ့ဘာသာကိုသင်ယူရပါသည်။ အခြားသောဘာသာစကား
မည်မျှပင်ကျွမ်းကျင်နေအုံးတော့ သူတို့မလေး ဘာသာကိုမကျွမ်းကျင်၊ မလေးစကားကို
မပြောတတ်ဘူးဆိုပါက ဘွဲ့ဒီဂရီများရဖို့သိပ်ကိုခက်ခဲပါတယ်။ ဒီလို ပညာရေးမှာ
သူ့တို့မိခင်ဘာသာစကားကို အလေးထားသတ်မှတ်ထားခြင်းသည် သူတို့နိုင်ငံ၏
တိုးတက်ရာ တိုးတက်ကြောင်း နည်းလမ်းကောင်း တစ်ခုပင်ဖြစ်နေပါသည်။
International Languageဖြစ်တဲ့ အီဘာသာစကားကို
ရေးနိုင်ပြောနိုင်ဖတ်နိုင်သောလည်း မလေး လူမျိုးများကား
သူတို့မိခင်ဘာသာစကားကိုပဲ အဓိကထားပြောဆိုကြပါသည်။ အီစကားကိုကား မဖြစ်မနေ
အခါမှသာပြောဆိုလေ့ရှိကြည်ပါသည်။ နောက်… အခြားသောနိုင်ငံက
အလုပ်သမားအများစုသည်လည်း သူတို့ မလေးစကားကိုပင်ပြောဆိုကြပါသည်။
ဘယ်နေရာသွားသွား၊ ဘာပဲလုပ်လုပ်၊ ဘယ်သူနဲ့ပဲပြောပြော သူ့နိုင်ငံ မှာတော့
သူတို့ဘာသာစကားတတ်မှသာ အဆင်ပြေပါသည်။ ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ English
တောင် မလေးလိုနိုင်ငံမျိုးမှာ သိပ်အလုပ်မဖြစ်တာ၊ အသုံးမ၀င်တာကိုတွေ့ရမှာပါ။
မြန်မာအလုပ်သမားအများစု အင်္ဂလိပ်စကားမပြောတတ်ပဲ မလေးစကားကိုသာ
ပြောဆိုတတ်တာကိုတွေ့ရမှာပါ။ နောက်ဆုံး.. မလေးမှာဖွား မြန်မာကလေးများ၊
မလေး-မြန်မာကပြားကလေးများ မြန်မာစကားမပြောတတ်ပဲ မလေးစကားကိုသာပြောဆို
နေကြပါတယ်။ ဒါကြောင့်လဲ မလေးမှာရီးသွားရတာ မလေးစကားမတတ်ရင် သိပ်အဆင်မပြေဘူး
လို့ပြောရ မှာပါ။
အားလုံးရွှင်လန်းချမ်းမြေ့ပါစေ…!
အမေ့မေတ္တာရှင်-ခေတ္တ-မလေး
No comments:
Post a Comment