ဆူးနဲ့နှင်းဆီ
ပန်ခြင်းသည်သာ
အနီရင့်ရင့်
အပွင့်ရဲရဲ
အောင်ပွဲနိမိတ်
စိတ်ဓာတ်ကြံ့ခိုင်
ပိုင်ပိုင်ဆိုင်ဆိုင်
အလွမ်းဖြတ်မည်။
ဒီအားမာန်ကဗျာလေးကို ကြားမိ၊ ဖတ်မိလိုက်တော့ နာဂတောင်တန်းမှာ
ဖြူစင်ရိုးသား ပွင့်လင်းပြီး ချစ်စရာ သနားစရာကောင်းတဲ့ နာဂတိုင်းရင်းသား၊
သူလေးများအလယ်မှာ မိမိရဲ့ဘ၀ကို မြုပ်နှံလို့အကောင်းဆုံး
ပေးဆပ်ခွင့်ရခဲ့တဲ့အချိန်၊ အေးချမ်းပျော်ရွှင်ခဲ့ရတဲ့ ဘ၀ရဲ့နေ့ရက်လေးများကို
ပြန်လည်မြင်ယောင်မိလာတယ်။ မိမိသည်သာ မဟုတ်ပါဘူး အားလုံးသော
တောင်တန်းမြေမှာမိမိရဲ့ဘ၀ကိုမြုပ်နှံပြီး ပေးဆပ်ကာ နေ့ရက်တွေကို
ကျော်ဖြတ်ခဲ့ဖူးကြသူတိုင်း ဒီကဗျာလေးကို ဖတ်မိ၊ ကြားမိလိုက်ရင် ရင်မှာ
ခံစားမှုတွေ တသီကြီး ဖြစ်ပေါ်လာမှာပါ။ တကယ်တော့ နယ်စပ်နှင့်
တောင်တန်းဒေသတွေမှာ နယ်ပယ်အမျိုးမျိုနဲ့ အလွှာပေါင်းစုံ၊ ဌာနအသီးသီးက
လူသားတွေဟာ နိုင်ငံနှင့်လူမျိုး၊ အမျိုးဘာသာ သာသနာအတွက် ဘ၀တွေကို
ပေးဆပ်ခဲ့ကြတာပါ။ တစ်ချို့က ကျန်းမာရေးလုပ်သား အဖြစ်၊ တစ်ချို့က
ပညာရေးလုပ်သား အဖြစ်၊ တစ်ချို့ ကာကွယ်တိုက်ခိုက်ရေးလုပ်သား အဖြစ်၊
တစ်ချို့က သာသနာပြု လုပ်သားအဖြစ် စုံလို့ပါပဲ။တကယ်တော့ ဒီကဗျာလေးက “ကြိုးကြာတောင်ပံခတ်သံ” ဆိုတဲ့ ၀တ္ထုဇာတ်လမ်းတဲ့က ဘ၀ရဲ့အားမာန်အတွက်၊ ဆိုးရွားလွန်းတဲ့ လောကဓံတွေအတွက်၊ ရင်နင့်စရာ အဖြစ်အပျက်တွေအတွက် ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်ဖြတ်ကာ လှပတဲ့အနာဂတ်လမ်းကို ကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ နှင်းဆီကို ပမာပြုပြီး အားပေးနှစ်သိမ့်ခဲ့တဲ့ အားမာန်ကဗျာလေးပါ။ တကယ်ကို ဖတ်လိုက်တိုင်း ကြားလိုက်တိုင်း ခွန်အားတွေ၊ အားမာန်တွေ ဖြစ်ခဲ့ရတာပါ။ စိတ်ဓာတ်တွေ တက်ကြွလန်းစန်းခဲ့ရတာပါ။
ဒီ-ကြိုးကြာတောင်ပံခတ်သံ ဇာတ်လမ်းဟာ ဝေးလံကြမ်းတမ်းလှတဲ့ ချင်းတောင်တန်းမြေက ဖြူစင်ရိုးသားပွင့်လင်းပြီး သနားစရာကောင်း၊ ချစ်စရာကောင်းလှတဲ့ ချင်းတိုင်းရင်းသား၊ သူလေးတွေအလယ်မှာ အရာရာကိုမေ့၊ မိဘအသိုင်းဝိုင်း ခင်သူမင်သူ ချစ်သူအားလုံးကို စွန့်လွတ်ကာ “ လူသားတွေ-လူနာတွေကို ကုသပေးခြင်းသည် လူ့အသက်ကို ကယ်တင်ခြင်း=Curing is Saving. ဆိုတဲ့ အတွေးကို ရင်မှာပိုက်လို့” ဘ၀ကိုမြုပ်နှံခဲ့တဲ့ ဒေါက်တာဆရာဝန်တစ်ယောက်ရဲ့ အတုယူစရာ၊ သနားစရာ၊ ၀မ်းနည်းစရာ၊ ချီးကျူးစရာ ရသမျိုးစုံကို ဖော်ကြူးထားခြင်းရယ်ပါ။
တကယ်တော့ ဒီဇာတ်အိမ်ထဲက ဆရာဝန်ဟာ ရန်ကုန်ဆေးတက္ကသိုလ်ကြီးမှာ ဆေးပညာတွေကို ဆည်းပူးလေ့လာပြီး အလုပ်သင်ဆရာဝန်အဖြစ်နဲ့ နယ်စပ်နှင့်တောင်တန်းဒေသတွေမှာ လူနာတွေကို ကုသပေးကာ အသက်တွေကို ကယ်တင်ပေးခဲ့ရတာပါ။ သူလို ဆရာဝန်က ရှိတော့ ရှိတယ် ရှားလွန်းပါတယ်။ ဆေးကျောင်းသားတစ်ယောက်ပဲ မိဘအသိုင်းဝိုင်းက ငွေကျေးချမ်းသာကြပါတယ်။ ဒါပေမဲ့ သူက သူကျတဲ့ မဖွံ့ဖြိုးသေးတဲ့ ဝေးလံခေါင်းပါး ကြမ်းတမ်း၊ ဆင်းရဲလှတဲ့ ချင်းတောင်တန်းကို အရောက်သွားခဲ့ပါတယ်။ အတုယူစရာကောင်းတာက သူအနေနဲ့ နှစ်အတော်ကြာ သင်ကြားခဲ့တဲ့ အမိ ရန်ကုန်ဆေးတက္ကသိုလ်ကြီးဆီက လွမ်းစရာ နှလုံးသားရေးရာတွေကို အတတ်နိုင်ဆုံး မေ့ထားပြီး သူဝါသနာပါတဲ့ ဆေးကုခြင်း၊ လူနာတွေကို စောင့်ရှောက်ခြင်း၊ စားချိန်၊နားချိန်ဆိုတာ မထား မရှိပဲ အချိန်မရွေး ဘယ်လောက်ဝေးဝေး ကြမ်းတမ်းကြမ်းတမ်း တောလမ်းတောင်လမ်းတွေကို ခြေလျင်ဖြင့်သာ လိုက်လံကုသပေးခြင်း၊ သူကိုယ်တိုင် သွေးလှူခြင်း၊ ကိုယ်တိုင် လူနာတွေကို သယ်ပိုး ပွေ့ချီပေးခြင်း၊ ခွဲစိပ်လူနာတွေကို သွေးလဲ လှူ၊ ကိုယ်တိုင်လဲ ခွဲစိပ်ပေးခြင်းများဖြင့်သာ ပျော်မွေ့နေထိုင်ရှင်သန်နေခဲ့တာပါ။
ချင်းတောင်တန်းက စေတနာ၊ ၀ါသနာ၊ အနွံနာတွေနဲ့ မိမိဘ၀ကို မြုပ်နှံကာ လူနာတွေကို ကုသကယ်တင်ပေးခဲ့တဲ့ ဆရာဝန်ကောင်းတစ်ဦးလို မိမိသည်လည်း မန်းလေး နပသ မိခင်တက္ကသိုလ်ကြီးမှာ လေးနှစ်တာ ဘာသာရေးစာပေတွေကို သင်ကြားဆည်းပူးလေ့လာပြီး လက်တွေ့သာသနာပြုတာဝန်များကို ၂ နှစ်တာ ထမ်းဆောင်ဖို့ ခန္တီး နာဂတောင်တန်းဒေသကိုကြွရောက်ခဲ့ရပြီး နာဂတိုင်းရင်းသား၊သူလေးများကို ဘ၀ကိုမြုပ်နှံလို့ သူတို့လေးတွေရဲ့ဘ၀အခက်ခဲတွေကို ဖြေရှင်းပေးခဲ့ရပါတယ်။ ဒါပေမဲ့ ချင်းတောင်တန်းက ဆရာဝန်ကောင်းလိုတော့ ချမ်းသာကြွယ်ဝတဲ့ မိဘအသိုင်းဝိုင်းနယ်ပယ်က မဟုတ်ခဲ့ပါဘူး။ မန်းလေးအမိ တက္ကသိုလ်ကြီးမှာ လေးနှစ်တာ ခိုလုံခဲ့ရပေမဲ့ ဆရာဝန်လေးလို အချစ်အလွမ်းဇာတ်တော့ မရှိခဲ့ပါဘူး။ ရှိစရာလား မိမိက….တူမှ မတူတာလေ။ သို့သော်လည်း လေးနှစ်တာအတူနေခဲ့ကြ၊ တွေ့ဆုံခဲ့ကြတဲ့ ချစ်သူငယ်ချင်းများနဲ့ အမိတက္ကသိုလ်ကြီးကို လွမ်းခဲ့ပါတယ်။ သူငယ်များနဲ့စုပေါင်းပြီး ဖိုင်နယ်မှာ အမှတ်တရ အလွမ်းတမ်းချင်း ရင်တွင်းဖြစ် စာအုပ်လေးတောင် ရေးသားထုတ်ဝေခဲ့ကြသေးတယ်။ ရိုးရိုးလေးအလွမ်းပေါ့။ ရင်နင့်စရာ အလွမ်းမဖြစ်ခဲ့ဘူးလေ။
အပိုင်း (၂)ကို ဆက်ရန်...အားလုံးရွှင်လန်းကြည်နူးနိုင်ကြပါစေ...အမေ့မေတ္တာအရှင်..
No comments:
Post a Comment