Monday, July 16, 2012

ကြိုးကြာတောင်ပံခတ်သံ သို့ သာသနာ့အားမာန် အပိုင်း (၃)


 
  ပညာရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ မိမိသည် တာဝန်ကျရာ နန့်ဖာ၊ အောင်မြေဆိုတဲ့ နာဂရွာနှစ် ရွာက အခြေခံမူလတန်းကျောင်းမှာ ဆရာ၊ ဆရာမများနဲ့အတူ လက်တွဲလို့ ကလေးတွေကို စာသင်ပေး ရပါတယ်။ အရှင်ကတော့ တစ်တန်းမှ လေးတန်းထိ အင်္ဂလိပ်စာကို တာဝန်ယူရပါတယ်။ လာဝယ်ဆိုတဲ့ ခန္တီးအကျဉ်းထောင်နားက ရွာလေးမှာတော့ မူလတန်းကျောင်းမှာ သင်ပေးစရာမလိုပါဘူး။ ကိုရင် ဆယ်ပါး ၀တ်ပေးထားတဲ့အတွက် ဒီကိုရင်တွေကိုပဲ ပရိတ်ကြီး၊ ဘုရားရှိခိုး သင်ပေးရပါတယ်။ ညပိုင်းမှာတော့ ဖယောင်းတိုင်ကို အားကိုးလို့ သူတို့လေးတွေကို စာဖတ်ခိုင်းရပါတယ်။ ကျောင်းစာရော ဘာသာရေး စာရောဆိုပါတော့။
          လိုအပ်တဲ့ စာအုပ်စာတမ်း၊ ကျောင်းစိမ်းများကိုလည်း ရှာဖွေကာထောက်ပံ့ပေးခဲ့ရပါတယ်။ သူတို့ လေးတွေကို နောက်ဆုံး ကစားစရာ၊ စားစရာကစ မြို့ကိုတက်ပြီး ၀ယ်ပေးခဲ့ရတာပါ။ မလွယ်ပါဘူး။ ရိုက်လို့မရ။ ငေါက်လို့မရဆိုပါတော့။ တစ်ချို့ရွာမှာတော့ မိဘများက သူတို့သား၊ သမီးကိုပြော တာဆို တာ ငေါက်တာရိုက်တာ မကြိုက်ကြဘူးလေ။ ဆဲဖို့ဆို ဝေလာဝေးပေါ့။
        နွေရာသီကျောင်းပိတ်ရက်ကာလမှတော့ အခြေခံအင်္ဂလိပ်စာအတွက် ဂရမ္မာနဲ့ စကားပြောကို ဗုဒ္ဓဘာသာစာပေ ယဉ်ကျေးမှုသင်းတန်းနဲ့တွဲဖက်ပြီး ခန္တီးမြို့ပေါ်ရှိ ထေရ၀ါဒဗုဒ္ဓဘာသာ တောင်တန်း သာသနပြု ခန္တီးဗဟိုရ်ကျောင်းမှာ တစ်လခွဲတိတိ သင်ကြားပေးခဲ့ရပါတယ်။ သူတို့လေးတွေ အင်္ဂလိပ်စာကို တကယ်စိတ်ဝင်စားတာကို တွေ့ခဲ့ရတဲ့အတွက် တကယ်လဲ ၀မ်းသာမိပါတယ်။ စကားပြော သင်တန်းကို မုံရွာမှာ တက္ကသိုလ်တက်နေကြတဲ့ ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသူလေးတွေလဲ လာတက်ကြပါတယ်။ နောက်.. စာမေးပွဲပြီးတဲ့အခါ ဆုပေးသဘင် အတွက်လဲ ပြုလုပ်ပေး ခဲ့ပါတ ယ်။ မြို့ပေါ်ကကလေး များကတော့ မိဘ အသိုင်းဝိုင်းက ပြေလည်သလို၊ ဥာဏ်ရည်ဥာဏ်သွေးလဲ မဆိုးပါ ဘူး။ တော်ကြပါတယ်။ တော်ဆို သူတို့ လေးတွေက နာဂတိုင်းရင်း သားစစ်စစ်က နည်းပါတယ်။ မုံရွာ၊ မန်းလေး၊ ဟုမ္မလင်း၊ စသော မြေပြန့် ဒေသကနေ စီးပွားရေး အခြေအနေရ ပြောင်းရွှေ့နေ ထိုင်လာကြသော မိဘများ၏ သား၊ သမီးများ ဖြစ်ကြပါသည်။
      နောက်…အရှင်အနေနဲ့ ခန္တီးမြို့ကို တာဝန်အမျိုးမျိုးနဲ့ရောက်လာကြတဲ့ အစိုးရဌာနတော်တော်များက ၀န်ထမ်းတွေကိုလဲ Spoken English  အလွယ်ဆုံးနည်းဖြင့် ခန္တီးမြန်မာလေကြောင်း မန်နေဂျာရုံးခန်းမှာ တစ်ပတ်ကို ငါးရက် ညစဉ် ၇ နာရီကနေ ၉ နာရီထိ သင်ကြားပေးခဲ့ရပါတယ်။ ခန္တီးခရိုင် သာသနာရေး မှူး၊ ပြန်ဆက်ရေးမှူး၊ ခရိုင်တိကု ဆရာဝန် ၊လေယာဉ် မန်နေဂျာနှင့် ကျောင်းဆရာအချို့ လာရောက်တက် ကြပါတယ်။
       ဒီနွေရာသီကာလ ယဉ်ကျေးမှုနဲ့ အင်္ဂလိပ်စာသင်တန်း မပြီးဆုံးသေးခင် နေ့ရက်တွေမှာတော့ မိမိကျရာ သာသနာပြုဌာနကို တစ်ပတ်တစ်ရက်ပဲ ပြန်နိုင်ပါတယ်။ မနက်ပိုင်းကိုပြန်ကြွပြီး တစ်ည ကျိန်းကာ နောက်နေ့မနက်ပဲ မြို့ပေါ်ကို ပြန်လာရပါတယ်။ ရွာက နာဂတိုင်းရင်း သားလေးေ တွကတော့ နန်းတေကို မျှော်နေကြလေရဲ့။ နန်းတေဆိုတာ အောင်မြေနာဂရွာက လိုင်းနောင်အနွယ် နာဂတိုင်း ရင်းသားတွေက ခေါ်တဲ့ ဘုန်းကြီးကိုပြောတာပါ။ သူတို့လေးတွေဟာ နန်းတေပြန်လာမဲ့ရက်၊ အချိန်ကို မျှော်မှန်းပြီး ပျော်နေကြပါတယ်။
         နန်းတေဆိုတဲ့အရှင်ကလဲ ရွာကို တစ်ခါပြန်တိုင်း ပြန်တိုင်း စားစရာများ၊ ဆော့စရာများကို အနည်းဆုံး တစ်သောင်းဖိုးလောက် ၀ယ်ဝယ်သွားရပါတယ်။ ဒီတော့ မြို့ပေါ်က ဈေးဆိုင်တွေနဲ့လဲ အတော်လေးကို ရင်းနှီးခင်မင်ခဲ့ရပါတယ်။ သူတို့ကလဲ တတ်နိုင် သလောက်ပါရ မီဖြည့်စွက်ကာ ဈေးေ လျှာ့ပေးပါတယ်။ တစ်ခါတစ်လေ ကော်ဖီ၊ နို့ဆီများကိုလဲ လှူဒါန်းလိုက်ပါသေးတယ်။
       အရှင်ရဲ့ ဒီဈေးဝယ်ခြင်း ကိစ္စက ရွာတိုင်း အပေါ်မှာ ထားရှိတဲ့ ကျင့်ဝတ်ပါရမီဆိုတော့ မသိတဲ့ေ ဈးဆိုင် မရှိ သလောက် ပါပဲ။ မြို့ပေါ်နဲ့ အောင်မြေ ရွာလေးက သိပ်မဝေးလှပေမဲ့၊ ကားလမ်း မရှိပါဘူး။ နွေရာသီဆိုတော့ ချောင်းရေကျနေတာမို့ ဟွန်ဒါဆိုတဲ့ စက်လှေနဲ့လဲ သွားလို့မရပါဘူး။ ဒီတော့ ညနေသင်တန်းပြီးတာနဲ့ ၀ယ်ထားတဲ့ အထုပ်အပိုးကို မ လို့ ရွာကို ခြေကုန်သုတ် ရပါတော့ တယ်။ တောင်ဆင်းတောင်တတ်လမ်း၊ တောလမ်းဆိုတော့လဲ တစ်နာရီ ကျော်လောက်တော့ လျှောက် ရပါတယ်။ မောတော့မောတယ်၊ ဒါပေမဲ့ မမောဘူးဆိုပါတော့
      ရွာရောက်တဲ့အခါမှာတော့ နန်းတေကိုချစ်ရှာတဲ့ နာဂကလေးများက စောင့်ကြိုနေပါတယ်။ နန်းတေပြန်လာပြီ၊ နန်းတေပြန် လာပြီးအော်က အရှင်ဆီကိုပြေးလာကြပါတယ်။ သူတို့လေးတွေက 
နန်းတေမောလားလို့လဲ မေးကြပါတယ်။ မမောပါဘူး ကွာလို့ပြောေ နပေမဲ့ ရင်မှာတော့ တဟိုက်ဟိုက် ပါပဲ။ ရွာကတောင်အမြင့်မှာဆိုတော့ ကျောင်းကိုရောက်ဖို့ ၁၀ မိနစ်လောက် တက်ရသေး တယ်လေ။ အိမ်မျက် နှာပြင်ရှိဝါးခင်းပေါ်ကနေ ချက်ရင်းပြုတ်ရင်း” နန်းတေပြန်လာပြီးလား၊ နန်းတေကလဲ ကြာလိုက်တာ၊ တပည့် တော်တို့ကို ပစ်ထားတယ်၊ မခင်တော့ဘူးလား၊” ဆိုတဲ့ နာဂတိုင်းရင်းသူ အဖွား၊ အမေ၊ အစ်မ၊ ညီမလေးများရဲ့ စကားသံဝဲ၀ဲလေးကို အခုချိန်တိုင်း ပြန်ကြားေ ယာင်နေ ဆဲပါ။ ကျောင်း မရောက်မချင်း လက်ပြ နုတ်ဆက်ရလို့အမောတွေတောင် ဘယ်ရောက်ကုန်မှန်း မသိလော က်အောင်ပါပဲ။
     ကျောင်းရောက်တဲ့အခါမှာတော့ ခြေလက်ဆေးပြီး ကျောင်းပေါ်တက်၊ ဘုရားဦးချပြီးတာနဲ့ နောက်က ကပ်ပါလာတဲ့ ကလေးေ တွကို နေကြာစေ့၊ ချိုချဉ်၊ ပူဗောင်း များကို ဝေငှပေးရပါတယ်။ နောက်.. အရွယ်ရောက်နေတဲ့ မိန်းမပျိုလေးတွေကိုတော့ အချဉ်ပေါင်း၊ ပီကယ်၊ ကော်ဖီ၊ မုန့်များကို ကျွေးရပါတယ်။ အဘိုးအဘွားများနှင့် လူပျိုလေးများကိုတော့ ဆေးလိပ်၊ ကွမ်းယာ၊ ကော်ဖီနဲ့ ပေါင်မုန့် စသည် ကို ကျွေးရပါတယ်။ ကျောင်းသာ၊ ကိုရင်များအတွက်လဲ ခြင်း၊ ဘောလုံးစသည်ကို လဲဝယ်ပေး ရပါတယ်။
        ဒီလိုနဲ့ သူတို့လေးတွေရဲ့ဘ၀ကို ပျော်ရွှင်အောင်၊ ငြိမ်းချမ်းအောင်ဖန်းတီး ပေးခဲ့ ရပါတယ်။ ဒါက ပညာရေး ဆိုတဲ့ ခေါင်းစဉ်အောက်က အရှင်ရဲ့ ခန္တီနာဂတောင်တန်းမြေက သနားရ၊ ချစ်ရလွန်းတဲ့ နာဂတိုင်းရင်းသား၊ သူလေးတွေ အပေါ်မှာ ပြုကျင့်ခဲ့တဲ့ ပါရမီတစ်စိပ်တစ်ဒေသဆိုပါတော့။
အပိုင်း ၄ ကို ဆက်ပါအုံးမည်…အားလုံးရွှင်လန်းချမ်းမြေ့နိုင်ကြပါစေ။ အမေ့မေတ္တာအရှင်။

No comments:

Post a Comment