လူ့ဘဝမှာ အရေးပါတဲ့အချက် နှစ်ချက်ရှိတယ်။
တစ်အချက်က လူကြည့်တာနဲ့ နှစ်အချက်က လူလုပ်တာဖြစ်တယ်။
လူကြည့်တယ်ဆိုတာ စာဖတ်တာနဲ့တူပြီး လူလုပ်တယ်ဆိုတာ စာရေးတာနဲ့ တူတယ်။
ရှင်းရှင်းပြောရရင် လူဖြစ်အောင်သင်ယူတာနဲ့ လူ့ဘဝကို ဘယ်လို ရေးစပ်ခြယ်မှုန်းမယ်ဆိုတာဖြစ်တယ်။
လူရဲ့အပြင်ပန်းသဏ္ဌာန်ဟာ စာအုပ်တစ်အုပ်ရဲ့အဖုံးဖြစ်ပြီး လူရဲ့အတွင်းစိတ်က စာအုပ်တွင်းထဲမှာပါတဲ့ အကြောင်းအရာဖြစ်တယ်။
လူတချို့မှာ ကောင်းမွန်တဲ့ အဖုံးပါသလို အတွင်းစာသားတွေကလည်း
တပ်မက်စရာကောင်းတယ်။ လူတချို့မှာတော့ အဖုံးရော အတွင်းစာသားပါ
ကြမ်းတမ်းယုတ်နိမ့်တယ်။ တချို့ရဲ့အဖုံးက စွဲဆောင်မှုမရှိ၊ မခန့်ညားပေမယ့်
အတွင်းစာသားက ကြီးကျယ်မြင့်မြတ်တယ်။ တချို့ရဲ့အဖုံးက လက်လက်တောက်ပေမယ့်
အတွင်းစာသားက မြင်မကောင်း ရှုမပျော်ဖြစ်တယ်။
လူကောင်းက
စာအုပ်ကောင်းတစ်အုပ်နဲ့ တူတယ်။ ရှေ့စာမျက်နှာကို ဖွင့်လိုက်တာနဲ့
သင်းပျံ့မွှေးကြိုင်တဲ့ရနံ့တွေ လွှင့်ပြန့်ထွက်လာတယ်။ မကောင်းတဲ့လူက
ဖျတ်ခနဲတစ်ချက်ပဲကြည့်တဲ့ စာအုပ်နဲ့တူတယ်။ ရှေ့စာမျက်နှာကို
ဖွင့်လိုက်တာနဲ့ အနံ့ဆိုးတွေကို ရှုရှိုက်မိတယ်။
ပေါ့ပေါ့ပါးပါး၊ အံဝင်ခွင်ကျနေတတ်သူတွေဟာ စကားပြေတစ်အုပ်နဲ့တူတယ်။
အမြဲစိတ်ညစ်၊ စိတ်ထိခိုက်သူတွေဟာ လွမ်းလွမ်းဆွေးဆွေး ကဗျာတစ်အုပ်နဲ့တူတယ်။
အကောင်းမြင်၊ ပျော်ပျော်ပါးပါးနေတတ်သူတွေဟာ ဟာသတစ်အုပ်နဲ့တူတယ်။
တွေးတော ချင့်ချိန်နေတတ်သူတွေဟာ စာတမ်းတစ်အုပ်နဲ့တူတယ်။
အဖုံးလှပအောင် မလုပ်ပေးခဲ့လို့ဆိုပြီး အမေ့ကို အပြစ်မမြင်ပါနဲ့။ လှပတဲ့သရုပ်ဖော်ပုံတွေ ထည့်မပေးလို့ဆိုပြီး အဖေ့ကို အပြစ်မဆိုပါနဲ့။
သင့်ဘဝစာအုပ်ကို သင်ကိုယ်တိုင်ရေးယူမှ ရတယ်။ သင့်ရဲ့အင်အား၊ သတ္တိ၊ ချွေး၊
သွေး၊ အသိဉာဏ်တွေကို သုံးပြီး ရေးရပါမယ်။ ဘဝတစ်ခုလုံးကို ရေးခဲ့လည်း
အပြောင်မြောက်ဆုံး သင်ရေးချင်မှ ရေးနိုင်လိမ့်မယ်။ ဘဝတစ်သက်ရေးခဲ့လည်း
သင်နာမည်ကြီးချင်မှ ကြီးလိမ့်မယ်။ ဒါပေမယ့် ဒီအတွက် စိတ်ဓာတ်ကျပြီး
အပေါစားလို့ မသတ်မှတ်လိုက်ပါနဲ့။ ရေးခဲ့သမျှ ဘယ်သူမှမဖတ်ခဲ့လည်း
စာမျက်နှာတိုင်းကို သင်တန်ဖိုးထားရမယ်။ တာဝန်သိတတ်ရမယ်။
လူလုပ်တယ်ဆိုတာ စာရေးတာနဲ့ တူတယ်။ တကယ်လို့ လူတွေကသင့်ကို နှစ်နှစ်သက်သက် ဖတ်ရှုခဲ့မယ်ဆိုရင်
ဒါဟာသင့်ရဲ့ အကြီးမားဆုံး ပျော်ရွှင်ခြင်းဖြစ်တယ်။ တကယ်လို့ လူတွေက
သင့်ကိုစွဲစွဲမက်မက် အလွတ်ကျက် ရွတ်ဖတ်ခဲ့မယ်ဆိုရင် ဒါဟာ
သင့်ရဲ့ကြီးမြတ်တဲ့ ဂုဏ်ကျက်သရေဖြစ်တယ်။
အမေ့မေတ္တာအရှင်..
No comments:
Post a Comment