မှတ်မိနေပါတယ်၊ သာသနတက္ကသီလဓမ္မာစရိယ, B.A Buddhism ဘွဲ့ကို
ရယူပြီး ပြည်ပကို မြင့်မားသော ပညာရပ်ဒီဂရီတွေကို
သွားရောက်သင်ကြားမယ်ဆိုတော့ ရဟန်းဒကာ-ဒကာမမိသားစု များဝမ်းသာနေလိုက်တာ
မျက်စိထဲကကိုမထွက်ပါဘူး။ သူတို့ခမျာ တောသူတောင်သားဆိုတဲ့အတိုင်း
ရန်ကုန်မြို့တော်ကြီးကို ဘွဲ့သွားယူစဉ်ကတဲ့က “ဆွေးမျိုးအသိုင်းဝိုင်းတွေကို
ဂုဏ်ယူဝင့်ကြွားစွာ မမောတမ်း ပြောဆိုနေခဲ့တာပါ၊ ငါ့တို့ သားတော်ရဟန်းကတော့
အခု ရန်ကုန်မှာ ဘွဲ့သွားယူနေတာတဲ့၊ ပြီးရင် နိုင်ငံခြားကို
ပညာသင်သွားမှာတဲ့” ဆိုပြီး ရွှေမျက်နှာ အပြုံးထင်လျှက်ပါ။
နောက်..ပြည်ပကိုသွားမယ်ဆိုတော့လဲ သူတို့ရင်မှာ သိပ်ကိုဝမ်းသာနေခဲ့တာပါ။
သူတစ်ပါး ရင်ကမွေးဖွား သားများကို ရှင်ပြု၊ ရဟန်းခံပေးတာဆိုပေမဲ့
အားလုံးသော ရဟန်းဒကာ၊ ဒကာမများက မိမိတို့ရင်မှ ကိုးလလွယ် ဆယ်လဖွား
အသက်သွေြးေ ခွးတွေနဲ့ မွေးဖွားပေးခဲ့သော သားအရင်း ခြာကဲ့သို့
သဘောထားကြပါတယ်။ တစ်ချို့များဆို သားအရင်းထက်တောင် ပို၍ သံယောဇဉ်ြ ဖစ်ကြပါ
သေးတယ်။ မိမိကိုယ်တိုင် ဘ၀လက်တွေ့ပဲမဟုတ်ပါလား။
အခုလဲ မိမိရဟန်းတစ်ပါးက ပြည်ပကို သွားရောက်ပညာသင်တော့မယ်ဆိုတော့ ရဟန်းဒကာ၊
ဒကာမမိသားစုများဟာ ၀မ်းသာပေမယ့် အပူသောကလေးကတော့ ၀င်လာတယ်လေ။ ဘာအပူ
သောကလဲဆိုတော့ နိုင်ငံခြားဆိုတာ ကိုယ်မြေ့ကိုယ်ရေ၊ ကိုယ်ရင်ခွင်မှ မဟုတ်တာ။
ဒီတော့ အဆင် ပြေမယ်လို့ ဘယ်မှာယုံကြည်စိတ်ချနိုင်မှာလဲ။ သူတို့ကွယ်ရာ
သားတော်ရဟန်း တစ်ပါးက နေထိုင်ကာ ပညာသင်ရမှာဆိုတော့ ငွေအလုံအလောက်ပါသွားမှ
အဆင်ပြေမှာပေါ့လို့တွေးပြီး သူတို့သား တော်ရဟန်းကို မျက်နှာ
တစ်ချက်မညှိုးရအောင် သားတော်ရဟန်းကို ထောက်ပံ့နိုင်ဖို့ ကြိုးစားရ ရှာတယ်။
စီးပွားရေးအဆင်ပြေတဲ့ ရဟန်းဒကာ၊ဒကာမများအတွက်တော့ ၀မ်းသာမှုနောက်
ပျော်ရွှင်ခြင်း ပီတွေပဲပေါ့။ စီးပွားရေးအဆင်မပြေတဲ့ ရဟန်းဒကာ၊
ဒကာမများကြပြန်တော့လဲ အငိုမျက်လုံးအပြုံး မျက်နှာဆိုသလိုပါ။ ဘယ်လောက်ပဲ
ခက်ခဲနေပါစေ သားတော်ရဟန်းရှေ့မှာတော့ အမြဲတမ်းကိုပြုံးပြ နေကြရတာပါ။
ဒါကိုလဲ မိမိကိုယ်တိုင်း နဖူးတွေ့ဒူးတွေ့ပဲ မဟုတ်ပါလား။
အခုလဲ အရှင်သီရိလင်္ကာကို ပညာသင်ထွက်ခွါတော့မယ်ဆိုတော့ ဒုတိယ(ကံထပ်) ရဟန်း
ဒကာ-ဒကာမများရှိရာ ကချင်ပြည်နယ်၊ ရွှေကူမြို့လေးကို ကြွရောက်ခဲ့ပါတယ်။
ကြွရောက်ရခြင်း အကြောင်းရင်းကတော့ ဘွဲ့ယူစဉ်က သူတို့ခမျာ အခက်အခဲအ
မျိုးမျိုးကြောင့် မလိုက်နိုင်ခဲ့ရှာဘူး။ မိမိသားအရင်းကဲ့သို့
ချစ်မြတ်နိုးရသော၊ မိမိရဟန်းပြုပေးထားသော သားတော်ရဟန်းတစ်ပါးဘွဲ့ ယူတာကို
မလိုက်နိုင်တဲ့အတွက် စိတ်မကောင်းဖြစ်နေရှာတဲ့ကြား တကယ်လို့များ မိမိက
ပြည်ပကြွ တာတောင်လာရောက်မတွေ့ဘူးဆို ပို၍ စိတ်မကောင်းဖြစ်ရရှာမယ်လေ။
ဒါကြောင့် စိတ်မကောင်း မဖြစ်ဖို့၊ ဘာမှ မပူဖို့ အရင်ကတိုင်း ကျန်းမာချမ်းသာ
သောကကင်း ကင်းနေထိုင်ဖို့ စသည်ကိုပြော ကြား အားပေးဖို့ ကြွရောက်ခဲ့တာပါ။
မိမိရောက်သွားတော့ မိသားစုအားလုံး
အပြုံးပန်းများနဲ့တကယ်ကိုပျော်ရွှင်နေကြပါတယ်။ ရဟန်းဒကာ-ဒကာမ မိသားစုတွေကို
ကြည့်ပြီး မိမိသည်လည်း ခွန်အားတွေ တိုးခဲ့ရပါတယ်။ စကား တွေလဲ မှာလိုက်တာ
မိမိကို ကလေးတစ်ယောက်လိုပဲ။ ကျန်းမာရေးကိုဂရုစိုက်ဖို့၊
စာကိုကြိုးစားဖို့၊ နိုင်ငံရေးတွေကို မလုပ်ဖို့၊ မိသားစုအတွက်
စိတ်သောကမဖြစ်ဖို့ မပူဖို့ စသည်စုံနေတာပါပဲ။
မန်းလေးကို ပြန်ကြွမယ်ဆိုပြန်တော့လည်း မိသားစုတွေအားလုံးစုပြီး
ညမှာတတ်နိုင် သလောက် အရှင်ရဲ့ပညာရေးအတွက် ပြည် ပမှာအ ဆင်ပြေဖို့
နဖူးကခြွေး ခြေမကျအောင် နေပူကြဲကြဲ မိုးသဲသဲနဲ့ နှင်းဖွဲဖွဲကြားမှာ
တစ်နေ့လုပ် တစ်နေ့စား လုပ်အားခလေးတွေကို သဒ္ဓါကြည်ဖြူ စုပေါင်းလို့
ပေးလှူခဲ့ကြပါတယ်။ နည်းတာများတာအသားထား သူတို့ကိုကြည့်ပြီး အရှင့်မှာ
ခွန်အားပီတွေ သတ္တိ တွေ ဖြစ်ခဲ့ရပါတယ်။
အမှန်တော့
ရဟန်းအမတွေသိပ်အဆင်မပြေဘူးဆိုတာကို မိမိကိုယ်တိုင်က သိနေ၍ ဒီထောက်ပံ့မှု
ပညာဒါနကို လက်မခံချင်ခဲ့တာ အမှန်ပါ။ ယူရမှာလဲ အရှင့်ရင်မှာ
စို့နင့်နေပါတယ်။ သို့သော်လည်း လက်မခံဘူးဆိုပါက ရဟန်းဒကာ-ဒကာမ မိသားစုကို
ထပ်ပြီး စိတ်ဆင်းရဲမှုတွေကို ဖြစ်စေပါလိမ့်မည်။ သူတို့ရဲ့ ကြည့်ဖြူးစွာ
လှူဒါန်းနေတဲ့ဒါနစိတ်ကိုလဲ နောက်သွားစေပါလိမ့်မည်။ သူတို့စိတ်မှာ
ငါတို့လှူတာ နည်းများနည်းလို့လားဆိုတဲ့ အတွေးမျိုးကိုလဲ မ၀င်စေချင်ဘူးလေ။
ဒါကြောင့် ကချင်ပြည်နယ် -ရွှေကူမြို့က တောသူေ တာင်သား ရဟန်းဒကာ-ဒကာမ
မိသားစုရဲ့ အထောက်အပံ့ကို လက်ခံ၍ သီရိလင်္ကာကို ကြွရောက်
ပညာသင်နေခဲ့ပြီမဟုတ်ပါလား။
အခု အရှင် သီရိလင်္ကာ
ကိုလံဘိုမြို့မှာရှိတဲ့ Kelaniya University မှာ ပညာသင်ယူနေ နိုင်တာ
ဒီရဟန်းဒကာ-ဒကာမများရဲ့ အထောက်ပံ့တွေ၊ ကျေးဇူးတွေ မကင်းဘူး မဟုတ်ပါလား။
ဒါကြောင့် ဒီကျေးဇူးတရားများကို မမေ့အမြဲတမ်းသတိရလျှက် ကျေးဇူးတရား များကို
ပြန်ဆပ်သည့် အနေအားဖြင့် ကြိုးစားပန်းစား ၀ီရိယထားလို့
သင်ယူနေပါကြောင်းနှင့် ဆုတောင်းမေတ္တာ နေ့စဉ်ပို့ သပါကြောင်း….
ကချင်ပြည်နယ်-ရွှေကူနယ်က ရဟန်းဒကာ-ဒကာမ မိသားစုများနှင့်အတူ အားလုံးသော
ကျေးဇူးရှိခဲ့ဖူးသူများ ဝေနေယျများ အားလုံး
ရွှင်လန်းချမ်းမြေ့ပါစေလို့..အမေ့မေတ္တာအရှင်..
No comments:
Post a Comment