အစ္ဆရိယံ
ဝတ..ဆိုတာဘုရားဟော ပါဠိပါ။ အဓိပ္ပါယ်က သြော်..အံ့သြဖွယ်ဖြစ်လေစွ လို့
ဆိုလိုပါတယ်။ ခက်ခဲမှုတွေကို အောင်မြင်ပြီးသောအခါ၊ သူများထက် လုပ်နိုင်သော
အခါ၊ ထူးခြားမှုတွေ ဖြစ်ပေါ်လာသောအခါ အစ္ဆရိယံ ၀တ= သြော်..အံ့သြဖွယ်
ဖြစ်လေစွ။ အံ့သြဖွယ် ရှိလေစွလို့ ပြောဆိုလေ့ ရှိကြပါတယ်။
အခုလည်း..ဒီဘုရားဟောပါဠိတော်ကို ပြန်ကြားခွင့်ရခဲ့ပါတယ်။ မေ့နေခဲ့တာတောင်
အတော်လေးကြာပြီလို့ပြောရမှာပါ။ စာသင်သား ဘ၀တုန်းကတော့ ပါရာဇိကန် ပါဠိတော်
မှာ နေ့စဉ် လိုလို တွေ့ရ ကျက်ရ၊ ဖတ်ရ၊ မှတ်ရ၊ အံခဲ့ရပါတယ်။ ခုတော့..ဘိုဘိုကိုကိုရဲ့ ရုတ်တ ရက် နုတ်ထွက် စကားကြောင့် ပြန်လည် ကြားခဲ့ရတာပါ။
သူကလဲ အကြောင်းမဲ့ ထွက်ဆိုခဲ့တာ မဟုတ်ပါဘူး။ အရှင်တို့တစ်တွေ
သီရိလင်္ကာနိုင်ငံအတွင်း ထင်းရှား ထူးခြားသော ရှေ့ဟောင်းမြို့တော်များနဲ့
စေတီပုထိုးတော်များသို့ သြစထြေးလျနိုင်ငံ တွင်နေထိုင်သော ဒကာမကြီးဒေါ်
သီတာဆွေ၏ ကောင်းမှုကုသိုလ်ဖြင့် ဘုရားဖူးထွက်ခဲ့ကြပါတယ်။
ဒီဘုရားဖူးခရီးစဉ်မှာပဲ ဒီပါဠိတော်လေးကို ပြန် ကြားခဲ့ရတာပါ။
အရှင်တို့တစ်တွေ SARIPADA သို့ နောက်ဆုံးခရီးစဉ်အဖြစ် သွားရောက်လေ့လာ
ဖူးမော်ခဲ့ကြပါတယ်။ sripada ကို butterfly mountain လို့လဲ ခေါ်ဆိုကြပါတယ်။
နောက်..sacred footprint လို့လဲ နာမည်ကျော်ကြားပါတယ်။ သီရိလင်္ကာနိုင်ငံ၏
အလယ်ပိုင်းလောက်မှာ တည်ရှိပါတယ်။
အမြင့်အားဖြင့်
ပေအမြင့် 2,243 မီတာ (7,359 ft) ရှိပါတယ်။ တောင်ပေါ်မှာ မြတ်ဗုဒ္ဓရဲ့
ခြေတော်ရာ တည်ရှိပါတယ်။ ဒီတောင်ပေါ်ကို လူတွေများစွာ တက်ရောက်ကြပါတယ်။
ဒီလောက်မြင့် မားတဲ့တောင်ပေါ်ကို တက်ဖို့ဆိုတာ တကယ်ကို မလွယ်တာပါ။
တစ်လမ်းလုံးက အတက် ချည်ပါပဲ။ တောင်ထိပ်နားကိုရောက်လေ ပိုပြီးမက်စောက်လေပါပဲ။
လှေးခါး ဘေးဝဲယာမှာ သံဘောင်တွေ ကာရံထားရပါတယ်။ အောက်ပိုင်း
အလည်ပိုင်းကျော်ကျော်လောက်ထိတော့ တက်ရတာ အဆင်ပြေ တယ်ဆိုပါတော့။
တကယ်တော့ ဒီတောင်ထိပ်ကိုရောက်ဖို့ အနောက်တိုင်း နိုင်ငံခြားသား.
အမျိုးသားတွေ ခြေလှမ်းနဲ့ဆို ၃ နာရီကြာပါတယ်။
အရှင်တို့တစ်တွေရဲ့ခြေလှမ်းဆိုရင် ၄/ ၅ နာရီလောက်ကြာပါတယ်။
အမျိုးသမီးတွေခြေလှမ်း ဆိုရင်တော့ တွက်သာ ကြည့်ပေတော့။
ဒီတောင်ထိပ်ကိုရောက်ဖို့ အတော်အတန် သဒ္ဓါတရား၊ ၀ီရိယအားနဲ့ မရပါဘူး။
အဓိဂမသဒ္ဓါတရား၊ အဓိဂမ ၀ီရိယကို ရှိမှပါ။
အရှင်တို့တစ်တွေ တောင်ထိပ်ကို တစ်ရွေ့ရွေ့နဲ့ ဖြေးဖြေးသထက်ဖြေးကာ
တက်ခဲ့ကြပါတယ်။ ဖြေးသထက်ဖြေးဆိုတာကလဲ ဒကာမကြီးဒေါ်သီတာဆွေပါ နေတာမို့ပါ။
ဒကာမကြီးဒေါ်သီတာဆွေရဲ့ သဒ္ဓါတရား၊ ၀ီရိယ အားကလဲ အတော်လေးကို
အံ့အားသင့်ခဲ့ရပါတယ်။ ခန္ဓာကိုယ်က ၀၀ဖိုင်းဖိုင်း၊ အသက်ရွယ်ကလဲ ၅၅ ရှိပြီလေ။
ဒီအသက်ရွယ်၊ ဒီခန္ဓာကိုယ်နဲ့ ဒီတောင်ထိပ်ကို တက်တယ်ဆိုတော့လဲ မအံ့သြပဲ
ရှိမလား။
ဒီအသက်ရွယ်၊ ဒီခန္ဓာကိုယ်ကိုနဲ့
ဒီတောင်ထိပ်ကိုကြည့်ပြီး ဘိုဘိုကိုကိုကလဲ ရေရွတ်မိလိုက်တယ် ထင်ပါတယ်…အစ္ဆရိယံ
ဝတ=သြော်..အံ့သြဖွယ်ကောင်း ပါလေ စွလို့။ အရှင်က..ဘုရားရဲ့ခြေတော်ရာက
အမိမြန်မာပြည်မှာလဲ ရှိနေတာပဲ ဘာလို့ ပင်ပင်ပန်းပန်း တက်နေမှာလဲ လို့
တွေးနေစဉ်မှာပဲ..အသက်ရွယ် ၆၀ ကျော် အဘွားကြီးတက်လာနေတာကို တွေ့လိုက်ရတယ်။
နောက်…လက်တစ်ဖက်မပါတဲ့ သီရိလင်္ကာနိုင်ငံသားတစ်ယောက်လဲ အမျိုးသ္မီး လက်ကို
တွဲပြီး တက်လာတယ်။ ဒါတင်ဘယ်ကမလဲ ..အမျိုးသားတစ်ဦးကလဲ သူ့ရဲ့ ၃ နှစ်အရွယ်
သားငယ်လေးကို ကျောပိုးလို့တက်လာခဲ့တယ်။ ဘယ်လောက် အံ့သြဖွယ်ကောင်းသလဲ
ဆိုတာကို စဉ်းစားတာကြည့်ပေတော့။ တကယ်ကို အံ့သြစရာပါ။ ဒီတောင်ထိပ်ပေါ်က
မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာကို ဖူးဖို့အတွက် မောမောပန်းပန်း တက်နေတဲ့
ဒီလူအလွှာမျိုးစုံရဲ့ သဒ္ဓါတရား၊ ၀ီရိယအားကတော့ တကယ် အံ့မခန်းပါပဲ။
အစ္ဆရိယံ ၀တဆိုတဲ့ ဒီအံ့သြဖွယ်ကောင်းတာတွေကို ပြန်လည်ကြည့်တဲ့အခါ..
လက်တစ်ဖက်မပါတဲ့ အမျိုးသားရဲ့ ဇနီးမယားအပေါ်ထားရှိတဲ့ မေတ္တာ တရား။
နောက်..သားငယ်လေးကိုကျောပိုးခဲ့တဲ့ အမျိုးသားရဲ့ ဖခင် မေတ္တာတရား။
နောက်..အသက် ၅၀ကျော် ဒကာမကြီး ဒေါ်သီတာဆွေနဲ့ ၆၀ ကျော် အဘွားအိုတွေရဲ့
သဒ္ဓတရား၊ ၀ီရိယအားတွေကိုတွေ့ရှိရပါတယ်။
နောက်..ဒီ
sripada တောင်ပေါ်ရှိ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာကို ပြည်သူလူသားတွေ
ဖူးနိုင်အောင် လမ်းတွေ..လှေခါးတွေ..စေတီတွေ ..အဆောက်အဦးတွေ တည်ဆောက်
ပြုလုပ်ပေးတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဘုရင် သမ္မတနဲ့ ပြည်သူတွေရဲ့ စေတနာ၊
ခွန်အားတွေကလဲ အစ္ဆရိယံ ၀တပါပဲ။ နောက်…ဒကာမကြီးဒေါ်သီတာဆွေနဲ့
အရှင်တို့အားလုံး ဘေးကင်း အောင်မြင်စွာနဲ့ ဘုရားရှင်ရဲ့ခြေတော်ရာကို
ရှိခိုးကန်တော့လို့ ဖူးနိုင်ခဲ့ပြီး တောင်အောက်ကို ပြန်လည်
ဆင်းသက်နိုင်ခဲ့ တာကလဲ အစ္ဆရိယံ ၀တပါပဲ။
နောက်ဆုံး…ဒီတောင်ထိပ်ပေါ်မှာ မြတ်ဗုဒ္ဓရဲ့ခြေတော်ရာ တည်ရှိနေခြင်းကလဲ အစ္ဆရိယံ ၀တပဲ မဟုတ်လား။
အားလုံးရွှင်လန်းချမ်းမြေ့ကျပါစေလို့…
http://en.wikipedia.org/wiki/Sripada
No comments:
Post a Comment