Thursday, June 7, 2012

သာသနာနှင့် သာသနာပြု




ဘာသာရေးရှုထောင့်က ကြည့်လိုက်လျှင် ဗုဒ္ဓ၏ " အဆုံးအမ " မှန်သမျှကို " သာသနာ " ဟု ခေါ်ကြသည်။ သာသနာသည် ပရိယတ္တိ သာသနာ၊ ပဋိပတ္တိ သာသနာ၊ ပဋိဝေဓ သာသနာ ဟူ၍ လည်းကောင်း၊ သီလ သာသနာ၊ သမာဓိ သာသနာ၊ ပညာ သာသနာ ဟူ၍လည်းကောင်း အသီးသီး ခေါ်ကြ ပါသည်။ ဗုဒ္ဓ၏ အဆုံးအမ မှန်သမျှသည် နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော အဆုံးအမ ခြည်းသာဖြစ်ကြသည်။ " သာသနာ " ၏ အနက်အဓိပ္ပာယ် အပြည့်အစုံကို " နေတ္တိအဋ္ဌကထာ " တွင် " ဒိဋ္ဌဓမ္မိက သမ္ပရာယိက ယထာရဟံ သတ္တေ သာသတိ ၀ိနေတိ ဧတေနာတိ သာသနံ " ဟူ၍ ဖွင့်ပြထားသည်ကို တွေ့ရသည်။
အနက်အဓိပ္ပာယ်မှာ ..
" မျက်မှောက် အကျိုးစီးပွား၊ တမလွန် အကျိုးစီးပွား နှင့် ဘ၀သံသရာ မှ လွတ်မြောက်စေသော လောကုတ္တရာ အကျိုးစီးပွား တို့နှင့် ထိုက်သည့် အားလျော်စွာ သတ္တ၀ါတို့ကို ဆုံးမကြောင်း တရားစကား မှန်သမျှကို သာသနာ " ဟုခေါ်ကြောင်း တွေ့ရပါသည်။ ထို့ကြောင့် " သာသနာ " ဟူသော ပါဠိဝေါဟာရကို လေ့လာ သုံးသပ်ကြည့်ပါလျှင် သတ္တ၀ါဝေနေယျတို့ အတွက် မျက်မှောက် အကျိုးစီးပွား တမလွန် အကျိုးစီးပွား သာမက ဘ၀သံသရာမှ လွတ်မြောက်ကြောင်း လောကုတ္တရာ အကျိုးစီးပွားကိုလည်း ပေးစွမ်းနိုင်ကြောင်း တွေ့ရပါမည်။ အဆိုပါ အကျိုးစီးပွားများ ကင်းဆိတ်ခဲ့ပါလျှင် " သာသနာ " ဟူသော ဝေါဟာရကို မည်သည့် ဘာသာကပဲ ယူသုံးယူသုံး အဓိပ္ပာယ် လေးနက်မှု မရှိနိုင်ချေ။ အလွယ်တကူ ချေးငှားယူထားသော စကားလုံးဟုသာ ဆိုထိုက်တော့သည်။

သာသနာ
သာသနာ-ဆိုတာ ပြောခဲ့တဲ့တိုင်း ပါဠိစကားပါ၊ မြန်မာစကားနဲ့ဆိုရင် အဆုံးအမလို့ အဓိပ္ပါယ်ရပါတယ်၊ သူနဲ့ အဓိပ္ပါယ်တူတွေကတော့ ဘာသာ, ၀စန-ဆိုတဲ့ ပါဠိစကားတွေပေါ့၊ ဘာသာ-ဆိုတာက မြန်မာလို ရိုးရိုးလေး ပြောရရင် စကားပါ၊ တူတူပါပဲ ၀စန-ဆိုတာလည်း စကားပေါ့၊ သာသနာက အဆုံးမ၊ ဘာသာက စကား၊ ၀စန-စကား ဘယ်လိုတူလဲလို့ မေးရင်ဖြင့် သာသနာဆိုတဲ့စကားက ဗုဒ္ဓ-ဆိုတဲ့ပါဠိစကားလုံးနဲ့ တွဲသုံးပါမှ ဘာသာ, ၀စန-တို့ဆိုတာနဲ့ ပိုပြီး နီးစပ်လာပါတယ်၊ ဗုဒ္ဓဘာသာ, ဗုဒ္ဓ၀စန နဲ့ ဗုဒ္ဓသာသနာ-ဆိုတဲ့စကားလုံးတို့ဟာ အဓိပ္ပါယ်အားဖြင့် တစ်သွေမတိမ်း တူညီပါတယ်၊ ဒီနေရာမှာ ဗုဒ္ဓ-ဆိုတာက သစ္စာလေးပါးကို သိတော်မူသော မြတ်စွာဘုရားကို ရည်ညွှန်းပါတယ်၊ သာသနာဆိုတာ အဆုံးအမ စကား၊ ဘာသာ-ဆိုတာလည်း စကား အဆုံးအမ၊ ၀စနဆိုတာလည်း ထိုနည်းလည်းကောင်း စကား အဆုံးမပါ၊ ဘယ်သူ့စကားလဲလို့ မေးရင် မြတ်စွာဘုရား၏စကား၊ မြတ်စွာဘုရား၏အဆုံးအမပါ၊ ဒီတော့ ဗုဒ္ဓသာသနာဆိုတာ ဗုဒ္ဓရဲ့အဆုံးအမ ဗုဒ္ဓရဲ့စကားတွေကို ခေါ်ပါတယ်၊ အင်္ဂလိပ်လိုသုံးလိုက်ရင် ပိုပြီးတော့ ကျစ်လစ်သလို ရှိသွားပါမယ်၊ ဗုဒ္ဓ၀စန, ဗုဒ္ဓဘာသာ, ဗုဒ္ဓသာသနာ= The Teachings of the Buddha (ဒီလိုဆို ပိုရှင်းပါတယ်)၊ ဗုဒ္ဓစကားဆိုတာ ဘာတွေလဲ ထပ်မေးရပါမယ်။
ဗုဒ္ဓရဲ့စကား ဆိုတာတွေကတော့ မြတ်စွာဗုဒ္ဓ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီေ တ်ာတွေကို ဖြည့်ကျင့်ပြီးမှ သိလာရတဲ့ သစ္စာလေးပါး မြတ်တရား၊ ဒီသစ္စာလေးပါး မြတ်တရားကို သိစေဘို့ မြတ်စွာအရှင်ဟာ ဘုရားဖြစ်ပြီးတဲ့နောက် ခန္ဓပရိနိဗ္ဗာန်စံတော်မမူမီထိ (၄၅)နှစ်တာ ကာလကြာအောင် ဟောကြားခဲ့တဲ့ ပိဋကနဲ့ ရေတွက်ရင် သုံးပါး (သုံးပုံ)၊ နိကာယ်နဲ့ရေရင် ငါးခု၊ ဓမ္မက္ခန္ဓာနဲ့ရေတွက်ရင် ရှစ်သောင်းလေးထောင်၊ အင်္ဂါအားဖြင့် ကိုးတန်သော ဓမ္မတွေပဲဖြစ်ပါတယ်။ ဒီတရားတွေကိုပဲ သာသနာနဲ့ရေရင်ဖြင့် ပရိယတ္တိသာသနာ- ပိဋကတ်တော်များကို သင်အံ့ပို့ချ ကျက်မှတ်ကြခြင်း၊ ပဋိပတ္တိသာသနာ- သင်အံ့ပို့ချ ကျက်မှတ်ရတဲ့ ပိဋကတ်တော်များကပေးတဲ့ အသိတိုင်း လိုက်နာ ကျင့်ကြံပွားများ အားထုတ်ခြင်း၊ တရားအားထုတ်ခြင်း၊ ပဋိဝေဓသာသနာ- ပိဋကတ်တော်တွေထဲက အတိုင်း လိုက်နာကျင့်ကြံပွားများ အားထုတ်သဖြင့် ရရှိလာသော မဂ်၊ ဖိုလ်၊ နိဗ္ဗာန် အသီးအပွင့်တို့ပဲ ဖြစ်ပါတယ်။
ဒီတော့ ရှင်းရှင်းပြောရရင်- သာသနာဆိုတာ ဘုရားရှင်ရဲ့အဆုံးအမ စကားတော်များ၊ ပိဋကတ် တော်များပါပဲ၊ ပရိယတ္တိသာသနာ- စာသင်ခြင်း၊ ပဋိပတ္တသာသနာ- တရားအားထုတ်ခြင်း၊ ပဋိဝေဓသာ သနာ- မဂ်, ဖိုလ်, နိဗ္ဗာန် တို့ပါပဲ။ ဒီဓမ္မမှ အခြားအခြား တွေကတော့ဖြင့်၊ အဲဒီဓမ္မတွေရဲ့ အပြင်ကိုရောက် သွားပြီဆိုရင်တော့ဖြင့် ဗုဒ္ဓသာသနာ မဟုတ်တော့ပါဘူး၊ ဗုဒ္ဓသာသနာ အပြင်ဘက် ရောက်သွားပါပြီ၊ ဗေဒင်, ဓာတ်ရိုက် ဓာတ်ဆင်, ယတြာချေ စတာတွေဟာဖြင့် သာသနာမဟုတ်ပါ၊ ဗုဒ္ဓသာသနာရဲ့ အပြင်ဘက်ကို ရောက်သွားပါပြီ၊ ရှင်းရှင်းမှတ်ဘို့ကတော့ သာသနာ, ဗုဒ္ဓသာသနာ- မြတ်စွာဘုရားရှင်၏ အဆုံးအမတော် ပိဋကတ်တော်များသာ ဖြစ်ပါတယ်။
ကောင်းပါတယ်။ ပဏ္ဍိတာရာမ ဆရာတော်ဘုရား ကတော့ သာသနာပြုဆိုတဲ့ ဝေါဟာရကြီးဟာ ကြီး ကျယ်လွန်းလို့ မသုံးရဘူး။ ပြည်ပသွားတာ ဓမ္မဒူတခရီးလို့ပဲ အမည်တပ်တယ်။
ပရိယတ္တိမူလကံ သာသနံ လို့ ဋီကာ ဆရာတို့မိန့်ဆိုကြတယ်။ သာသနာရဲ့အခြေခံ ရေသောက်မြစ်ဟာ ပရိယတ္တိပဲ။ ဒါကြောင့် နံပါတ်တစ် သာသနာပြုပုဂ္ဂိုလ်စစ်စစ်ဟာ စာချပုဂ္ဂိုလ်ပဲ။ ဒီနောက်မှာတော့ တရားဟော၊ တရားပြပုဂ္ဂိုလ်တွေပေါ့။ ပရိယတ္တိက ရေကန်ကြီးရဲ့ ကန်ဘောင်နဲ့တူတယ်။ ပဋိပတ္တိက ရေကန်ထဲက ရေတွေနဲ့တူတယ်။ ပဋိဝေဓက ရေကန်ထဲက ပွင့်နေတဲ့ကြာမျိုး ငါးပါးနဲ့တူတယ်။ ပရိယတ္တိ ကန်ဘောင်ခိုင်မှ၊ ကောင်းမှ၊ လုံခြုံမှ၊ ပဋိပတ္တိရေတွေ ကြာရှည်တည်တံ့နိုင်တယ်။ ပဋိပတ္တိရေတွေ ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်း တည်ရှိမှ ပဋိဝေဓ ကြာပန်းတို့ပွင့်လန်းနိုင်တယ်။

သာသနာပြု
သာသနာ-ဘာဆိုတာကို ပြောလို့ပြီးပါပြီ၊ သာသနာပြု- ဆိုတဲ့စကားလုံးကို စဉ်းစား ကြရ အောင်ပါ၊ မြန်မာစကားလုံးလေးက ပြု-တဲ့၊ ပြုဆိုတာက မရှိသေးတာကိုလည်း ပြုရတယ်၊ ရှိပြီးသားကို လည်းပြင်ရ ပြုရတယ်၊ ပျက်နေတာကိုလည်း ပြုပြင်ရတယ်၊ မှားနေတာကို လည်း ပြင်ရမယ်၊ ပြု-ပြင်ဆိုတဲ့ စကားလေး နှစ်လုံးက အတော်လေး နီးစပ်တယ်၊ ပြုရမယ်၊ ပြင်ရမယ်၊ ဒီနေရာမှာက ပြု-ဆိုတဲ့စကားက သာသနာ-ဆိုတာနဲ့ဆက်ထားတယ်၊ သာသနာပြုရမယ်၊ ဘယ်သာသနာကို ပြုကြမှာ တုန်း၊ ပြုကြမှာလဲ၊ ပြုရမှာလဲ၊ ပြောခဲ့ပြီးသားပါ၊ ခု သုံးတဲ့သာသနာ-ဆိုတဲ့စကားက ဗုဒ္ဓသာသနာ ဗုဒ္ဓအဆုံးအမ၊ ဗုဒ္ဓစကား-ကိုပဲ ရည်ညွှန်းပါတယ်လို့၊ ဆိုတော့ ဗုဒ္ဓသာသနာ ဗုဒ္ဓအဆုံးအမ ဗုဒ္ဓစကားတွေကို ပြုရမယ်၊ ပြန့်ပွားအောင် လုပ်ရမယ်၊ မှားနေတဲ့ လုပ်ငန်းတွေ မှန်ကန်အောင်၊ မှားနေတဲ့ လက်ခံမှု ယုံကြည်မှုတွေကို မှန်ကန်အောင် ပြုပြင်ပေးရမယ်၊ မရှိသေးတဲ့ သူတွေရင်ထဲကို ဗုဒ္ဓအဆုံးအမ စကားတော်တွေ ရောက်အောင် ပို့ပေးရမယ်၊ မယဉ်ကျေးသေးတဲ့သူတွေကို ယဉ်ကျေး အောင်၊ လမ်းမှားနေသူတွေကို လမ်းမှန် ရောက်အောင် ပို့ဆောင် ပေးရမယ်။
သာသနာပြုဘို့၊ ဗုဒ္ဓဒေသနာတွေကို ပြန့်ပွားအောင်လုပ်ဘို့ ဒို့များ ဗုဒ္ဓဂေါတမ တစ်ဆူကသာ လမ်းညွှန်ခဲ့တာ၊ မိန့်ကြားခဲ့တာ မဟုတ်ပါဘူး၊ ဟိုရှေးဘုရားရှင်တွေလည်း အလားတူ အမိန့်စကား ရှိခဲ့ တာပါ၊ ဟိုရှေးက ဗန္ဓုမတီမင်းနေပြည်မှာ ၀ိပဿီမြတ်စွာဘုရားဟာလည်း သူ့ရဲ့တပည့်သာဝကတွေ တရားဟော ဒေသစာရီကြွဘို့၊ ဗုဒ္ဓတရားတွေ လူတွေ နတ်တွေ ဗြဟ္မာတွေ အားလုံး ရရှိကြဘို့၊ ချမ်းသာကြဘို့၊ အစီးအပွားဖြစ်ကြစေဘို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူ့ရဲ့တပည့်ရဟန်း တစ်သိန်း ခြောက်ေ သာင်း ရှစ်ထောင်ကို သာသနာပြုကြွကြဘို့- ဟောဒီလို မိန့်ခဲ့ပါတယ်…
``ရဟန်းတို့ များစွာသော လူတို့၏အစီးအပွားအလို့ငှာ များစွာသောလူတို့၏ ချမ်းသာ အလို့ငှါ လောကကို စောင့်ရှောက်ရန်အလို့ငှါ နတ် လူတို့၏ အကျိုးစီးပွား အလို့ငှါ ဒေသစာရီ လှည့်လည် ကုန်လော့၊ တစ်လမ်းတည်း နှစ်ဦးမသွားကြကုန်လင့်၊ ရဟန်းတို့ အစ၏ကောင်းခြင်း အလယ်၏ ကောင်းခြင်း အဆုံး၏ကောင်းခြင်းရှိသော အနက်နှင့်ပြည့်စုံသော သဒ္ဒါနှင့်ပြည့်စုံသော တရားကို ဟောကြကုန်လော့၊ အလုံးစုံပြည့်စုံသော စင်ကြယ်သော မြတ်သော အကျင့်ကို ဟောပြကြကုန်လော့၊ (ပညာ)မျက်စိ၌ (ကိလေသာ) မြူနည်းပါးသော သတ္တ၀ါတို့သည် ရှိကုန်၏၊ (ထိုသတ္တ၀ါတို့သည်) တရားကို မနာရသောကြောင့် ဆုံးရှုံးနေကုန်၏၊ တရားကို သိသူတို့သည် ရှိကုန်လတ္တံ့`` (မဟာပဒါနသုတ်၊ မဟာဝဂ္ဂပါဠိ၊ ဒီဃနိကာယ်၊ သုတ္တန္တပိဋက၊ စာမျက်နှာ-၄၁)။
မိမိတို့ဂေါတမဗုဒ္ဓအရှင်မြတ်လည်း ဗာရာဏသီပြည်၊ ဣသိပတနမိဂဒါဝုန်တော်၌ သီတင်း သုံးစဉ် တပည့်ရဟန်းသံဃာ ခြောက်ဆယ်ပြည့်တဲ့အချိန်မှာ အလားတူ သာသနာပြုမိန့်ခွန်းကို အလားတူပဲ မိန့်တော်မူခဲ့ပါတယ်၊ (မာရကထာ၊ မဟာခန္ဓက၊ မဟာဝဂ္ဂပါဠိ၊ ၀ိနယပိဋက၊ စာမျက်နှာ- ၂၇။ ဒုတိယမာရပါသသုတ်၊ သဂါထာဝဂ္ဂပါဠိ၊ သံယုတ္တနိကာယ်၊ စာမျက်နှာ-၁၀၆) မိန့်တော်မူပြီးသည်နှင့် ကိုယ်တော်တိုင်လည်း ဥရုဝေဠတော၊ သေနာနိဂုံးသို့ တရားဟောတော်မူရန် ကြွချီတော်မူခဲ့ပါတယ်၊ ဘုရားရှင်တို့မိန့်ကြားသော သြ၀ါဒအဆုံး တပည့်သံဃာ အများစုသည်လည်း အချိန်မဆိုင်းဘဲ ထိုနေ့မှာပင် နေ့ချင်း တရားဟောလှည့်လည်ရန် ဇနပုဒ်အသီးသီးသို့ ကြွတော်မူခဲ့ ကြပါတယ်။
ဆိုတော့ ဘုရားရှင်တို့နှင့်တကွ တပည့်သားသံဃာတော်အရှင်မြတ်တို့ ပြုခဲ့ကြသောသာသနာ သည် လူတို့အစီးအပွား၊ နတ်တို့အစီးအပွား၊ ဗြဟ္မာတို့အစီးအပွား သတ္တ၀ါအားလုံးတို့၏အစီးအပွား အလို့ငှါ ချမ်းသာအလို့ငှါ သာသနာပြုခဲ့ကြတာပါ၊ ပညာမျက်စိ ရှိကြကုန်သောသူတို့အတွက် သာသနာ တော် အဆုံးအမတော်များကို ရင်တွင်းရောက်အောင် ဟောပြောပို့ချ ဆိုဆုံးမကြဘို့ပဲဖြစ်ပါတယ်၊ ဒီထဲမှာ ဗေဒင်တွေ, ဓာတ်ရိုက် ဓာတ်ဆင်တွေ, ယတြာချေတာတွေ မပါပါဘူး၊ ရှေးအခါက အယူလွဲမှား ဖောက်ပြန်ကုန်သော ယဇ်ပူဇော်မှု၊ သူများအသက်တို့ကို သတ်ဖြတ်ပြီး နတ်ဘုရားတင်မှု စသည့် သတ္တ၀ါတစ်ဦး ချမ်းသာစေဘို့ သတ္တ၀ါတစ်ခုကို သတ်ဖြတ်ခြင်းစသည်တို့ကို မပြုရလေအောင် ဓမ္မအစစ်ကို သတ္တ၀ါတို့ ရင်ထဲရောက်အောင် ပြုလုပ်ခဲ့ကြတာပါ။
သာသနာကိုချစ်မြတ်နိုးတန်ဖိုးထား စောင့်ရှောက် ထိန်းသိမ်း၊ ပြုနိုင်ကြပါစေ...


No comments:

Post a Comment