နောက်..မိဘကို လုပ်ကျွေးနေသော ရဟန်းတစ်ပါးအား သီတင်းသုံးဖော် ရဟန်းများက ” လူဒကာ၊ ဒကာမတို့က သဒ္ဓါတရားနှင့် လှူဒါန်းသော ပစ္စည်းဖြင့် မိဘကို လုပ်ကျွေးရသလား” ဟု ကဲ့ရဲ့ပြစ် တင်ကြ သည်ကို ဘုရားရှင်က မိဘကိုလုပ်ကျွေးသည့်အတွက် သာဓုခေါ်တော်မူကာ ”သင်ချစ်သားသည် ငါဘုရားရဲ့ လမ်းစဉ်ကို လိုက်သူဖြစ်၏။ ငါကိုယ်တိုင်ပင် နုစဉ်ဘ၀က မိဘကိုလုပ်ကျွေးခဲ့သည်။” ဟု မိန့်တော်မူကာ သုဝဏ္ဏသာမ ဇတ်ကြောင်းကို ပြန်ဟောပြတော်မူသည်။
လကျာ်တော်ရံ အဂ္ဂသာဝက ရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ဘ၀နိဂုံးချုပ်ဆုံးခါနီးအချိန်မှာ မိခင် ပုဏ္ဏေးမကြီးအား မိစ္ဆာအယူကင်း၍ ဓမ္မအလင်းရအောင်၊ သောတာပန်ဖြစ်အောင် ဓမ္မဖြင့် ကျေးဇူးဆက် ခဲ့ပါသည်။ သို့ဖြစ်၍ မိဘကိုကျေးဇူးဆပ်ခြင်းသည် မြတ်ဗုဒ္ဓ၏ လမ်းစဉ်နှင့် တပည့်သာဝကတို့၏လမ်းစဉ်ပင် ဖြစ်ပါသည်။
တကယ်တော့ မိဘများက သားသမီးများကို ‘ငယ်သော်ကသား ကြီးသော်အား။ ငယ်သော်သမီး ကြီးသော်ထီး’ အဖြစ် မျှော်လင့်တတ်ကြ၏။ ထို့ကြောင့် မိဘတို့၏ အားကိုးစရာ သားမျိုးဖြစ်စေချင်ပါသည်။ ထီးသဖွယ် အရိပ်ပေး၍ အေးမြစေသော သမီးမျိုးဖြစ်စေချင်ပါသည်။ “ငယ်သော်ကသား ကြီးသော်ကျား” မဖြစ်စေချင်ပါ။ ကျားလိုကြောက်စရာကောင်းသော သားမျိုးဖြစ်ခဲ့လျှင် မိဘများ မျှော်လင့်ရကျိုးမနပ်ပါ။ “ငယ်သော်ကသမီး ကြီးသော် မီး” မဖြစ်စေချင်ပါ။ မီးကဲ့သို့ ပူလောင်အောင် ဒုက္ခအမျိုးမျိုးပေးတတ်သော သမီးမျိုးဖြစ်ခဲ့လျှင် မိဘတို့၏ မျှော်လင့်ချက်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းသဖွယ် ဖြစ်နေပါမည်။
သို့ဖြစ်ပါ၍ သားသမီးတိုင်း မိဘကျေးဇူးကို သိတတ်သော၊ ပြန်လည်ဆပ်သော သားမြတ်သမီးမြတ်များ ဖြစ်ရအောင်..
-မိဘတို့၏ မေတ္တာအေးရိပ်မှာ မှေးမှိတ်ကာ အနားယူဖူးသူ သားသမီးတိုင်း မေတ္တာကြွေးကို မိဘများအား ပြန်လည်ပေးဆပ်စေချင်ပါသည်။
-မိဘတို့၏ မေတ္တာရင်ခွင်မှာ ခိုဝင် နားခို ဖူးသူ သားသမီးတိုင်း နွေးထွေးသောမေတ္တာဖြင့် မိဘများကို တုန့်ပြန်စေချင်ပါသည်။
-မိဘတို့၏ မေတ္တာရေအေးကို သောက်သုံးဖူးသူ သားသမီးတိုင်း မေတ္တာရေအေးကို မိဘများအား ပြန်လည်တိုက်ပေးစေချင်ပါသည်။
မိဘကိုကျေးဇူးဆပ် သားသမီးမြတ်များ ဖြစ်နိုင်ကြပါစေ!
(ကျေးဇူးရှင်များအားလုံးကို ရည်ရွယ်၍) အမေ့မေတ္တာအရှင်!
No comments:
Post a Comment