မယ်တော်မာယာသည် လုမ္ဗိနီသာမော အင်ကြင်းတောမှာ သိဒ္ဓတ္ထဘုရားလောင်းကို ဖွာင်းမြင်ပြီးနောက် ဒေ၀ဒဟသို့ ဆက်မသွားတော့ပဲ ကပိလ၀တ္ထုရွှေမြို့တော်ကြီးသို့ ပြန်လာခဲ့သည်။
ဤဘဒ္ဒကမ္ဘာမှ ရှေးဦးစွာသော အန္တရကပ်တွင် ဖြစ်ကြသော ကမ္ဘာဦးသူလူအပေါင်းတို့၏ ဦးစွာမင်းသည် ဘုရားအလောင်းတော်ဖြစ်လေ၏။ အလောင်းတော်သူမြတ်သည် လူအပေါင်းတို့က အုပ်ချုပ်သူအဖြစ် သဘောတူဆုံးဖြတ် တင်မြှောက်ထားသောကြောင့် မဟာသမ္မတဟူသောအမည်ကိုလည်းကောင်း၊ လယ်ယာမြေတို့နှင့်ပက်သက်၍ ဆုံးဖြတ်ပိုင်ခွင့်ရှိသောကြောင့် ခတ္တိယဟူသော အမည်ကိုလည်းကောင်း၊ လူအပေါင်းတို့အား ကောင်းမွန်ဖြောင့်မှန်သော မင်းကျင်းတရားဖြင့် စီရင်အုပ်ချုပ်နှစ်သက်မြတ်နိုးချစ်ကြည်စေတတ်သောကြောင့် ရာဇဟူသောအမည်ကိုလည်းကောင်း ရရှိတော်မူခဲ့ပါသည်။
ဤဘဒ္ဒကမ္ဘာ-လူမင်းတကာတို့တွင် ဤအမည်နာမသုံးမျိုးကို ဘရားလောင်း မြတ်သာလျှင် ရှေးဦးစွာရရှိခဲ့လေသည်။ ဘုရားအလောင်းတော် မဟာသမ္မတမင်းမှစ၍ သြက္ကာကမင်းတိုင်အောင် မင်းဆက်ပေါင်း (၂၅၂၅၅၆) နှစ်သိန်း ငါးသောင်း နှစ်ထောင် ငါးရာ ငါးဆယ့် ခြောက်ဦးရှိခဲ့သည်။ နောက်ဆုံးမင်းမှာ သြက္ကာကမင်းဖြစ်လေသည်။ စကားပြောသောအခါ အာခံတွင်းမှ ၀င်းဝင်းလတ်လတ် ဥက္ကာရောင်-မီးရှူးရောင် ထွက်သောကြောင့် သြက္ကာကမင်းဟု ခေါ်ခဲ့ကြခြင်းဖြစ်သည်။ သြက္ကာကမင်းကြီးမှာ ဟတ္ထာ၊ စိတ္တာ၊ ဇန္တု၊ ဇာလိနီ၊ ၀ိသာခါဟူသော မိဖုရားငါးဦးရှိခဲ့လေသည်။
အကြီးဆုံးဖြစ်သော ဟတ္ထာမိဖုရားကြီးမှ သားတော်လေးပါး၊ သမီးတော်ငါးပါး ဖွားခဲ့သည်။ ဟတ္ထာမိဖုရားကြီး နတ်ရွာစံသောအခါ မင်းကြီးသည် အခြားမင်းသမီးငယ် တစ်ယောက်ကို မိဖုရားကြီးအဖြစ်တင်ကောက်လေသည်။ ထိုမိဖုရား ဇန္တုမည်သော သားတော်တစ်ပါးဖွားမြင်ခဲ့သည်။ မင်းကြီးသည် သားတော်ကို နှစ်သက်သောကြောင့် လိုရာဆုတစ်ခုကို တောင်းယူပါဟု မိဖုရားကြီးအား ပြောလေသည်။ ထိုအခါ မိဖုရားသည် သားတော်အား မင်းအဖြစ်ပေးပါဟု တောင်းလေသည်။ မင်းကြီးသည် အပြစ်ပြောကာ ငြင်းဆန်ခဲ့သည်။ မိဖုရားကထိုဆုကို အကြိမ်ကြိမ်အခါအခါ တောင်းနေသောကြောင့် မင်းကြီးသည် သားတော်ကြီးလေးပါးတို့အား ခေါ်၍အကျိုးအကြောင်းပြောပြကာ တိုင်းပြည်မှ ထွက်သွားပြီးတ္တေရှောင်နေကာ သူ့နတ်ရွာစံမှ တိုင်းပြည်ကို ပြန်လည်သိမ်းပိုက်ပါဟု မိန့်တော်မူကာ အမတ်ကြီးရှစ်ယောက်နဲ့အတူ စေလွတ်သည်။ မင်းသားများသည် မင်းသမီးများနဲ့အတူ စစ်အင်္ဂါလေးပါးခြံရံလျက် ဟိမ၀န္တာတောအုပ်သို့ ထွက်ခွါခဲ့ကြသည်။
ထိုအချိန်က ဘုရားအလောင်းတော်သည် ဥစ္စာကြွယ်ဝသော ဗြဟ္မဏမဟာသာလအမျိုးဝင် ကပိလအမည်ရှိသော ပုဏ္ဏားဖြစ်လေသည်။ သူဌေးအဖြစ်ကိုစွန့်လွတ်ပြီး တောထွက်ရသေ့ရဟန်းပြုလျက် ဟိမ၀န္တာတောင်နံပါးတွင် သစ်ရွက်မိုးကျောင်းဆောက်လုပ်၍ နေချိန်ဖြစ်သည်။ ကပိလရသေ့သည် ဘူမိဇာလခေါ် မြေကြန်အင်္ဂါကို သိသောအတတ်ကို ကျွမ်းကျင်သူဖြစ်သည်။
ဥက္ကာမုခ စသောမင်းသားတို့သည် ကပိလရသေ့၏ ညွန်ကြားချက်အတိုင်း ဤဟိမ၀န္တာအရပ်တွင် မြို့နန်းတည်ဆောက်ကာ ကပိလ၀တ္ထုဟု အမည်ပေးခဲ့သည်။ မင်းသားတို့သည် အသက်ရွယ်ရလာသောအခါ အမျိုးကိုထိန်းသိမ်းသောအားဖြင့် အကြီးဆုံးဖြစ်သော ပိယာမင်းသမီးကို အမိအရာမှာထား၍ မောင်နှမအချင်းချင်း ထိမ်းမြားမင်္ဂလာပြုလျက် နေထိုင်ခဲ့ကြသည်။ ထိုအကြောင်းကို ခမည်းတော်မင်းကြီး
ကြားသိသောအခါ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး မှူးမတ်ဆွေမျိုး ပရိသတ်အလည်မှာ “သကျာ ၀တ ဘော ကုမာရာ- အို အချင်းတို့ ငါ၏ သားတော်, သမီးတော်တို့သည် စွမ်းနိုင်ကြပေတကား။ ပရမာ သကျာ ၀တ ဘော ကုမာရာ- အို အချင်းတို့ ငါး၏ သားတော်သမီးတော်တို့သည် လွန်ကဲမြင့်မြတ်သည်ဖြစ်၍ စွမ်းနိုင်ကြပေစွတကား” ဟူ၍ချီးကျူးစကားကျူးရင့်တော်မူလေသည်။
ထို သကျာ ၀တ= စွမ်းနိုင်ကြပါပေစွတကား ဟူသော သြက္ကာကမင်းကြီး၏ ချီးကျူးစကားကိုအကြောင်းပြု၍ ဥက္ကာမုခစသော မင်းသားမင်းသမီးတို့မှ ဖွားမြင်ဆင်းသက်လာသော မင်းမျိုးအဆက်ဆက်တို့ကို သကျ-သာကိယ-သာကီဝင်-သာကီမျိုး+သာကီနွယ်ဟု ခေါ်ဝေါ်ထင်းရှားခဲ့ခြင်းဖြစ်သည်။
နောက်.. မင်းသားတို့သည် အလောင်းတော်ကပိလအရှင်ရသေ့၏ နေရာကျွန်းတောကြီးအတွင်းမှာ မြို့နန်းသစ်တည်ထောင်ပြီး ကြီးပွားချမ်းသာခြင်းသို့ ရောက်အောင် နေထိုင်ကြသူများဖြစ်သောကြောင့် “ သာက-ကျွန်းပင်ဟူသောအနက်မှ သာကိယ-ကျွန်းတော်၌ နေထိုင်သူ” ဟူသောအဓိပ္ပါယ်ဖြင့် သာကီဝင်+သာကီမျိုးဟု အမည်ရရှိခဲ့ခြင်းဖြစ်သည်။
ကပိလ၀တ္ထုနန်းတော်ကြီးတွင် နေထိုင်အုပ်ချုပ်ခဲ့သော မင်းဆက်အပေါင်းကား ဥက္ကာမုခမင်းမှစ၍ သားစဉ်မြေးဆက် မင်းအဆက်ဆက်-ဘုရားအလောင်းတော် ခမည်းတော်မင်းကြီးတိုင်အောင် မင်းဆက်အပေါင်း ရှစ်သောင်း နှစ်ထောင် တစ်ဆယ့်နှစ်ပါး-၈၂၀၁၂ ရှိခဲ့သည်။
ယခုအခါ ကပိလ၀တ်နန်းတော်နေရာသည် လုမ္ဗိနီဥယာဉ်၏ အနောက်မြောက်ဘက် ၁၇ မိုင်ခန့်အကွာ တောလိဟ၀ါ- Tauli-hawa မြို့၏ မြောက်ဘက် တိလောရကုတ်- Tilaurakot အရပ်တွင် တည်ရှိသည်။ နန်းမြို့ရိုးတံတိုင်းနှင့် အနောက်ဘက်ဝင်ဂိတ်နေရာ၊ တောထွက်တော်မူခဲ့ရာ အရှေ့ဘက်ဂိတ်တံခါးနေရာ၊ အလည်တွင် နန်းဆောင်တစ်ခု အုတ်မြစ်ရိုးနေရာများကို တွေ့ရှိခဲ့ပါသည်။
နောက်.. နန်းမြို့ရိုး၏ အရှေ့မြောက်ဘက် တစ်မိုင်ခန့်တွင် မယ်တော်မာယာ၏ အရိုးအိုးဂူနှင့် သုဒ္ဓေါဒနမင်းကြီး၏ ဓာတ်တော်စေတီတို့ကိုလည်း တွေ့ရှိခဲ့ပါသည်။ နန်းတော်၏ အရှေ့ဘက်ဂိတ်တံခါးအနီးတွင် အလောင်းတော်တောထွက်စဉ်က နန်းတော်ကိုပြန်လှည့်ကြည့်လိုစိတ် ဖြစ်ပေါ်လာသောကြောင့် ကဏ္ဍကမြင်းကို ရပ်တန့်ရာအရပ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟ အဆိုရှိသော စေတီကုန်း ကမုတစ်ခုကိုလည်း တွေ့ရှိခဲ့ပါသည်။
နောက်.. တောလိဟ၀ါမြို့၏ အရှေ့မြောက်ဘက်သုံးမိုင်ခန့်အကွာတွင် လဲကျနေသော ကျောက်တိုင်တစ်ခုရှိပြီး ယင်းနေရာကို ကောဏာဂမနဘုရားရှင် ဖွားတော်မူရာဌာနဟု ခေါ်တွင်ပါသည်။ တောလိဟ၀ါမြို့၏ အနောက်ဘက် နှစ်မိုင်ခွဲခန့်အရပ်တွင် ထိပ်ပိုင်းပြတ်နေသော ကျောက်တိုင်းအကျိုးတစ်ခုတည်ရှိပြီး ယင်းနေရာကို ကကုသန္ဓဘုရားရှင် ဖွားတော်မူရာဌာနဟု အဆိုရှိပါသည်။ သို့သော်လည်း ထိုဘုရားရှင်တို့သည် နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သောကြောင့် အတိကျပြောဆိုနိုင်ဖို့ ခဲယဉ်းနေသည်သာ။
(အမေ့မေတ္တာအရှင်-ခေတ္တ-နီပေါ)