Saturday, January 19, 2013

"လူ့ဘ၀ဆိုတာ သူတို့အတွက်တော့"



ဘ၀၀မ်းစာအတွက် အဖြေခက်နေသူများ..

မဂဓကျောင်းသာ သူငယ်ချင်းတစ်ပါးက သကြားလုံးဝေနေပုံ

သူတို့လေးတွေကို စာနာမိပါသည်....


သူငယ်ချင်းဖြစ်သူ မောင်ပဏ္ဍိဦးဆောင်၍ မဂဓကျောင်းသားများနဲ့အတူ ဂယာမြို့ရှိ ဥရုဝေလတောအုပ်- ဒုက္ကရစရိယတောင်သို့ သွားရောက် လေ့လာကြည့်ရှု ဖူးမြော်ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ဒုက္ကရ စရိယတောင်ဆိုသည်မှာ ဘုရာလောင်း သိဒ္ဓတ္ထ သဗ္ဗညုတဥာဏ်ရှိပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်ဖြစ်တော်မူဖို့ ခြောက်နှစ်ကြာ တရားဓမ္မများကို မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြင့် ကျင့်ကြံတော်မူခဲ့သော နေရာမြတ် တစ်ခုဖြစ်ပါသည်။

ဒီတောင်တော်မြတ်သို့ ကားဖြင့်သွားရောက် လေ့လာခဲ့ကြပါသည်။ စာရေးသူအရှင်တို့ နေထိုင်တည်းခိုရာ ကျောင်းသားကျောင်းတော်ကြီးကနေ လေးဆယ့် ငါးမိနစ်ခန့်လောက်စီးရပါသည်။ တောင်အောက်ခြေမှာ ဈေးဆိုင် သေးသေး လေးများရှိသလို တောင်ပေါ်ကိုတက်ဖို့ အထမ်းသမားများ များစွာကလဲ နေရာယူ စောင့်နေလျှက်ပါ။
ထို့အပြင် ဓာတ်ပုံတွင်မြင်ရသည့်အတိုင်း အိန္ဒိယလူမျိုး-ဆင်းရဲနွမ်းပါးသူများကလဲ ၀မ်းတစ်ထွာအတွက် ပုံစံအမျိုးမျိုးဖြင့် ဘုရားဖူးလာ ရွှေဧည့်သည်များအထံမှ အစားအစာ၊ ငွေအသပြာများ တောင်းခံနေကြသည်ကိုလဲ တွေ့မြင်ရမှာဖြစ်ပါသည်။ အဖိုး-အဘွား၊ အဖေ-အမေ၊ အစ်ကို-အစ်မ၊ ညီ-ညီမ၊ ကလေး-လူကြီး အစုံပါပဲ။

သူတို့ကိုကြည့်ပြီး အမိမြန်မာပြည်က မိမိလူမျိုးတွေ သိပ်ဆင်းရဲတာပဲ၊ ကံဆိုး လိုက်တာလို့ တွေးခဲ့တဲ့အတွေးလေးတွေ၊ စိတ်သောက၀မ်းနည်းမှုလေးတွေဟာ ဘာမှ မပြောလောက်ဘူးဖြစ်သွားတယ်။ ဒီတော့မှ သြော်.. အမိမြန်မာပြည်က တို့လူမျိုးတွေက တော်သေးတာပါလားလို့ စိတ်သက်သာရာလေးလဲ ရမိပါတယ်။ သူတို့တစ်တွေ အတော်လေးကို ဆင်းရဲကြတာပါ။ လူဦးရေကလဲ အတော်လေးကိုများပြားလွန်းပါတယ်။ ဘာကြောင့်များ သူတို့အစိုးရက ဖြေရှင်းမပေး နိုင်တာလဲလို့တောင် မဆီမဆိုင် တွေးမိလိုက်သေးတယ်။ ဒီတစ်နေရာတည်း မဟုတ်ပါဘူး ဘုရားဖူးတွေ စည်းကားတဲ့နေရာတိုင်းလိုလိုမှာ ဆင်းရဲပြီးတောင်းစား နေသူတွေ အတော်လေး ကိုများပြားလှပါတယ်။

တကယ်တော့ လူ့ဘ၀ဆိုတာ တိုတိုလေးပဲ မဟုတ်ပါလား။ တိုတိုလေးနေရတဲ့ အချိန်လေးမှာတောင် သိပ်ဆင်းရဲလွန်းနေပြန်တော့ လူ့ဘ၀ဆိုတာ ဘာပါလို့တောင် သိလိုက်ရမယ် မထင်ဘူး။ လူ့ဘ၀ဆိုတာ ရဖို့် သိပ်ခက်ခဲပါတယ်။ ရလာပြန်တော့လဲ စားရမဲ့၊ ၀တ်ရမဲ့၊ သောက်ရမဲ့၊ နေရမဲ့ ဘ၀မျိုးဆိုပြန်တော့ လူ့ဘ၀ဆိုတာ ဘာများ အဓိပ္ပါယ် ရှိဦးမှာလဲ။ သူတို့အတွက်တော့ လူ့ဘ၀ဆိုတာ ဘာမှ မဟုတ်သလိုပါပဲ။

လူ့ဘ၀-လူ့ဘုံဆိုတာ အလယ်အလတ်ဘုံဌာနကြီးတစ်ခုပါ။ အထက်ကို တက်မလား၊ အောက်ကိုဆင်းမလား။ ကြိုက်တာကိုရွေးလို့ရပါတယ်။ နောက်ပြီး လူတွေဆိုတာလဲ ကိုယ့်ထက်သာတဲ့လူလဲ ရှိတယ်။ ကိုယ့်ထက် နိမ့်ကျတဲ့လူလဲ ရှိတယ်။ ကိုယ်က အလယ်ကပါ။ ဘာများ မာနကြီးစရာ၊ မောက်မာနေစရာ၊ ၀မ်းနည်းစရာ၊ အားငယ် စရာတွေ ရှိဦးမှာလဲ။ ကိုယ်ကချမ်းသာနေလို့လဲ မာနကြီးစရာ၊ မောက်မာနေစရာ မလိုသလို၊ ကိုယ်က ဆင်းရဲနေလို့လဲ ဘာများ ၀မ်းနည်မျက်ရည်ကျနေရမှာလဲ။ လူ့ဘ၀ဆိုတာ အားငယ်စရာ မဟုတ်ပါဘူး။ အထက်ကိုတက်ဖို့ လှေခါးထစ်တွေများစွာ ရှိနေတာပဲ။ ကိုယ့်ဘက်က မှန်မှန်လေး လှမ်းနေဖို့ပဲလိုပါတယ်။

အခုကြည့်လေ… အရှင်လဲ တစ်ချိန်က အမိမြေမှာ နေစဉ်က ကိုယ်တိုင်းပြည်ကလူတွေ သိပ်ဆင်းရဲတာပဲဆိုပြီး မိမိကိုယ်ကို အားမရသလို နိုင်ငံခေါင်းဆောင်တွေအပေါ်ကိုလဲ စိတ်တိုမိတယ် မဟုတ်ပါလား။ အခုလို..အိန္ဒိယဘက်ကို သီဟိုဠ်ကနေ အလည်အပတ် ရောက်လာတော့မှ မျက်မြင်ကိုယ်တွေ့ အိန္ဒယတိုင်းသားတွေ့ရဲ့ ဘ၀အခြေအနေကို တွေ့မြင်ခဲ့ရပါတယ်။
သီရိလင်္ကာမှာတော့ ဆင်းရဲတဲ့သူတွေ၊ အခုလိုတောင်းစားတဲ့သူတွေ ရှိတယ်ဆိုသော်လဲ အိန္ဒယလောက်တော့ မဆိုးပါဘူး။ သို့သော် အိန္ဒိယက နိုင်ငံကြီးပြီး လူဦးရေလဲ သိပ်သည်းထူထပ်များပြားတာတော့ အမှန်ပါပဲ။

 ဘာပဲဖြစ်ဖြစ်လေ မြန်မာပြည်သူတွေ အနေနဲ့ ဘယ်လောက်ပဲ ဆင်းရဲနေပါစေ စိတ်ဓာတ်မကျဖို့၊ ပုံမှန် လှော်ခတ်နေဖို့ လိုအပ်ပါတယ်။
တကယ်တော့ လူသားတိုင်း ရည်ရွယ်ရာပန်းတိုင်ဆိုတာ ရှိကြတာပါပဲ။ မိမိတို့ ရည်ရွယ်ရာ ပန်းတိုင်ကို အသက်ရှင်သန်နေသမျှ ရယူပိုင်ဆိုင်ခွင့်ရှိကြပါတယ်။ သို့သော် ပုံမှန်ချီတက်နေမှုတော့ ရှိရမှာပါ။ ရည်ရွယ်ရာပန်းတိုင်ကတော့ အမျိုးမျိုး ကွဲပြား နေမှာပါ။ တစ်ချို့က လက်ရှိဘ၀ပစ္စုပ္ပန်အတွက်ပဲ ရည်ရွယ်ထား ကြတာပါ။ တစ်ချို့ ကတော့ အနာဂတ်သံသရာထိ ရည်ရွယ်ထားကြတာပါ။
ဒီတော့ မိမိတို့ရည်ရွယ်ပန်းတိုင်ကို စွဲစွဲရှိရှိနဲ့ လှပစွာ၊ အေးချမ်းစွာ ရယူ ပိုင်ဆိုင်နိုင်ဖို့အတွက် ဆင်းရဲချမ်းသာမရွေး လူမျိုး ဘာသာမရွေး ပုံမှန်လှော်ခတ်ကြိုးစား ချီတက်ကြရမှာပါ။ ဆင်းရဲနေလို့ ၀မ်းနည်းငိုကြွေး နေစရာမ လိုသလို ချမ်းသာနေလို့လဲ မောက်မာ ၀င့်ကြွားနေစရာ မလိုပါဘူး။ အားလုံးဟာ လူသား တွေပါပဲ။ အားလုံးတန်းတူ အခွင့်အရေးရှိနေပါတယ်၊ မွေးဖွားပြီး သေကြရမှာပဲလေ။ ဒါက စစ်မှန်တဲ့ သဘာဝတရား တစ်ခုပါပဲ။
ကဲ..အားလုံး လိုအင်ဆန္ဒတွေပြည့်ဝပြီး ပျော်ရွှင်ချမ်းမြေ့ နိုင်ပါစေလို့။ အမေ့မေတ္တာအရှင်..

No comments:

Post a Comment