Saturday, January 26, 2013

အမေ့သို့တမ်းချင်း....


အမေ...အမေ့သားမောင်ပဉ္ဇင်းက
အခု ရှင်တော်မြတ်ဗုဒ္ဓ မွေးဖွားတော်မူခဲ့တဲ့ နေရာ၊
ဒုက္ကရစရိယာ ကျင့်တော်မူခဲ့တဲ့နေရာ
ဘုရားဖြစ်တော်မူခဲ့တဲ့နေရာ၊
ပရိနိဗ္ဗာန် ၀င်စံတော်မူခဲ့တဲ့နေရာတွေရှိတဲ့ မစ္ဇျိမဒေသ အိန္ဒိယနဲ့ နီပေါနိုင်ငံတွေကို ရောက်နေပါတယ်...အမေ့။
အမေ့သာရှိနေသေးရင် အမေ့ ဂုဏ်ယူနေမယ်ဆိုတာ
သား သိပါတယ်..အမေ့။
အမေ့ကို ပြောပြရအုံးမယ်..အမေ့၊
သားတို့ ရှင်တော်မြတ်ဗုဒ္ဓက၊
မဟာသက္ကရာဇ်-၆၈ခုနှစ်၊ ကဆုန်လပြည့်၊ သောကြာနေ့၊
လုမ္ဗိနီသာမော အင်ကြင်းတောကြီးမှာ မယ်တော်မာယာက မွေးဖွားတော်မူခဲ့တာပါ။
သားက..ခရစ်သက္ကရာဇ် ၁၉၈၁၊ ဒီဇင်ဘာ-၁၅ရက်၊ စနေနေ့၊
လယ်တောတွေပေါတဲ့ ၀က်လက်နယ်က တောရွာလေးမှာ အမေ မွေးခဲ့တာပါ။
ဒါပေမဲ့ သားဒီတောရွာလေးကို ချစ်ပါတယ်..အမေ။
သြော်..အမေ! သိဒ္ဓတ္ထ ဘုရားလောင်းက ကြီးကျယ်ခန်းနားတဲ့ နန်းတော်ကြီးမှာ ဖွားခဲ့တာပါ။
သားက..ဓနိမိုး၊ ထရံကာ အိမ်စုပ်လေးမှာ အမေ မွေးခဲ့တာပါ။
ဒါပေမဲ့ သား နွေးထွေးခဲ့ပါတယ်....အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက ဖွားဖွားခြင်း ခြေ ၇လှမ်း ကြာပန်းပေါ်မှာ လှမ်းခဲ့ပါတယ်။
သားကတော့ အမေသိပ်တဲ့ ဖျာပန်းပေါ်မှာ ငိုရီနေခဲ့ပါတယ်။
ဒါပေမဲ့...သား မမောခဲ့ပါဘူး..အမေ။
မယ်တော်မာယာက ဘုရားလောင်း သိဒ္ဓတ္ထကို မွေးဖွားပြီး ၇ ရက်အကြာမှာ နတ်ရွာစံခဲ့ပါတယ်။
အမေ့ကတော့ သားကို မွေးဖွားပြီး ၂၁ နှစ်ကြာမှ ဘ၀သစ်ကို ကူးခဲ့တာပါ။
ဒါပေမဲ့...သား အမေခေါ်လို့ မ၀-အားမရခဲ့ပါဘူး..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက မင်းသားအဖြစ် ထင်ပေါ်ခမ်းနားခဲ့ပါတယ်။
သားက..နွားကျောင်းသားအဖြစ် ဆင်းရဲခဲ့ပါတယ်။
ဒါပေမဲ့....သား အားမငယ်ခဲ့ပါဘူး..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက ငယ်ငယ်ရွယ်ရွယ်နဲ့ အဌာရသ ၁၈ ရပ်ကို စုံအောင် သင်ယူတတ်မြောက်ပြီး ၁၆ နှစ်မှာ ချောမောလှပတဲ့ ဖွားဖက်တော်လေး ယသောဓရာ မင်းသမီးလေးနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။
သားက..အရွယ်နှောင်းမှ ဘာသာရေးစာပေတွေ သင်ယူခဲ့ပြီး ကိုရင်ဘ၀၊ ရဟန်းဘ၀ကို ရရှိခဲ့တာပါ။
ဒါပေမဲ့..သားဘ၀ မခါးခဲ့ပါဘူး လှပခဲ့ပါတယ်..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက ဘုရင်အဖြစ်နဲ့ ကပိလ၀တ်ထီးနန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။
သားက..ရဟန်းအသွင်နဲ့ သာသနာ့ဘောင်ကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့..သား သာသနာ့ဘောင်ကို တန်ဖိုးထား မြတ်နိုးပါတယ်..အမေ။
ဘုရားလောင်းသိဒ္ဓတ္ထက သက်တော်၂၉မှာ သားရာဟုလာကို မွေးဖွားခဲ့ပါတယ်။
သားက...တပည့်တပန်းတွေ များစွာ မွေးခဲ့ပါတယ်။
ဒါပေမဲ့ ..သား အေးချမ်းခဲ့ပါတယ်..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက သက်တော် ၂၉ မှာ သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဟူသော နိမိတ်ကြီးလေးပါးကို မြင်ပြီး သံဝေဂရကာ တောထွက်ခဲ့ပါတယ်။
သားက..အခုချိန်ထိ နိမိတ်ကြီးလေးပါးကို မြင်နေရပေမဲ့ သံဝေဂ မရနိုင်သေးပါဘူး။
ဒါပေမဲ့ သား..ကြိုးစားနေဆဲပါ..အမေ။
ဘုရားလောင်းသိဒ္ဓတ္ထက တောကြီးမှာ ဝေနေယျများစွာအတွက် ဒုက္ကရစရိယ အကျင့်ကို ၆ နှစ်ကြာကြာ ကျင့်ခဲ့ပါတယ်။
သားက...သာသနာ့ဘောင်မှာ ရဟန်းအသွင်နဲ့ နေပြီး ဒီအသက်အရွယ်တိုင်အောင် ကိုယ့်အတွက်ပဲ အားထုတ်နေဆဲပါ။
ဒါပေမဲ့..သား အများအတွက် ပေးဆပ်ဖို့ကိုလဲ ရ့ည်မှန်းချက်တွေ ရှိနေပါတယ်..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက ၃၅ မှာ ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။
သားက...အခုချိန်ထိ ဘာတရားထူးမှ မရသေးပါဘူး။
ဒါပေမဲ့..သား ကြိုးစားနေဆဲပါ..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက လေးဆယ့်ငါးနှစ်ကြာ တရားဓမ္မတွေကို ဝေနေယျများစွာအား ဟောကြားပေးခဲ့ပါတယ်။
သားက..၃၁ နှစ်ကြာ အတတ်ပညာ အသိပညာတွေကို သင်ကြားနေဆဲပါ။
ဒါပေမဲ့..သား တတ်သိသလောက် ပြန်လည် ချပြနေပါတယ်..အမေ။
ဘုရားလောင်း သိဒ္ဓတ္ထက နောက်ဆုံး မိခင်ကျေးဇူးကို ဓမ္မရေအေးဖြင့် အကျေဆပ်နိုင်ခဲ့ပါတယ်။
သားက..အမေ့ကျေးဇူးကို ဓမ္မဖြင့် မဆပ်နိုင်ခဲ့ပါဘူး။
ဒါပေမဲ့ သား..လောကီနည်းဖြင့်တော့ အမေ့ကျေးဇူးတွေကို သားစွမ်းအားရှိသမျှ ပေးဆပ်ခဲ့ပါတယ်။
အမေ့နို့နှစ်လုံးဖိုး မကျေခဲ့ရင်တောင် အမေ့နို့တစ်စက်ဖိုးတော့ ကျေမယ်လို့တော့ သား ယုံကြည်ပါတယ်။
သို့သော်..သား..အားရမှု ကျေနပ်မှုတော့ မရှိခဲ့ မရခဲ့ပါဘူး..အမေ။
အခုလဲ ထပ်ပြီး အမေ့ မရှိတော့ပေမဲ့ အမေ့ကျေးဇူးတွေကို အမေ့နေ့လေးမှာ
ရေးစပ်သီကုံးလို့ အင်တာနက်မျက်နှာပြင်ထက်မှာ သား ဖေါ်ကြူးလိုက်ပါတယ်..အမေ။
(ဘာပဲဖြစ်ဖြစ် သား ကျေနပ်ပါတယ်..အမေ)
သားသမီးများအားလုံး၊ အမေအဖေရှိသူများ အားလုံး မိဘကျေးဇူးကို နားလည်တန်ဖိုးထားပြီး ပြန်လည်ပြုစုလုပ်ကျွေး ပေးဆပ်နိုင်ပါစေလို့..အမေ့မေတ္တာအရှင်-ခေတ္တ-Chidanbaram)

No comments:

Post a Comment