Saturday, January 19, 2013

“မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေ မွေးရပ်မြေသို့ တစ်ခေါက်”




ုလုမ္ဗနီသာမောအင်ကြင်းတောရှိ မယ်တော်မာယာအိမ်

ုလုမ္ဗနီသာမော အင်ကြင်းတောရှိ အသောကကျောက်တိုင်

ဘုရားလောင်းဖွားတော်မူစဉ်က လှမ်းကြွခဲ့သော ခြေလှမ်း ၇လမ်းအထိမ်းမှတ်စေတီပုံစံများ



ရှင်တော်မြတ်ဗုဒ္ဓ၏ မွေးရပ်မြေဆိုသည်ကား သိဒ္ဓတ္ထ (ဘုရားလောင်း) ကို ဖွားမြင်ခဲ့သော လုမ္ဗနီသာမော အင်ကြင်းတောနှင့် သိဒ္ဓတ္ထကြီးပြင်းခဲ့သော ကပိလ၀တ္ထုရွှေမြို့တော်ကြီးကို ဆိုလိုပါသည်။ ထိုလ္ဗိုနီသာမော အင်းကြင်းတောကြီးနှင့် ကပိလ၀တ္ထု ရွှေမြို့တော်ကြီးကား အိန္ဒိယနိုင်ငံကြီးနဲ့ ကပ်လျက် တံတိုင်းနှစ်ခုသာ ခြားသော နီပေါနိုင်ငံအတွင်းမှာ တည်ရှိနေပါသည်။ တကယ်ကို အိမ်နီးချင်းနိုင်ငံတစ်ခုဟု ဆိုရမှာပါ။
        ရှင်တော်မြတ်ဗုဒ္ဓ ဖွားမြင်ခဲ့တော်မူသော လုမ္ဗနီသာမော အင်ကြင်းတော်ကြီးကို ရောက်ဖို့ တံခါးမရှိ တံတိုင်းမရှိ လွယ်လွယ်လေးတော့ မရောက်နိုင်ပါဘူး။ စာရေးသူ အရှင်တို့သည် ထိုအင်ကြင်းတောကြီးဆီသို့ ကုသိနာဂရ-ကုသိနာရုံကနေ ကားလေးဖြင့် သွားရောက်ခဲ့ကြပါသည်။ ကုသိနာရုံဆိုတာ ဗုဒ္ဓစာပေသမိုင်းမှာ ကုသိနာရုံ-မလ္လာမင်းတို့၏ အင်ကြင်းတောကြီးဟု ထင်ရှားခေါ်ဆိုခဲ့ကြပါသည်။
        ထို ကုသိနာဂရ-မလ္လာမင်းတို့၏ အင်ကြင်းတောမှာ ရှင်တော်မြတ်ဗုဒ္ဓ မဟာပရိနိဗ္ဗာန်ဝင်စံခဲ့သည်ပင် ဖြစ်ပါသည်။ စာရေးသူအရှင်တို့သည် “ ဖွား၊ ပွင့်၊ ဟော၊ စံ” ဆိုသည့်အတိုင်း အစဉ်အတိုင်းတော့ မဖြစ်ခဲ့ပါဘူး။ ခရီးစဉ်အရ ရှင်တော်မြတ်ဗုဒ္ဓ မဟာပရိနိဗ္ဗာန် ၀င်စံခဲ့တော်မူသော ကုသိနာရုံ-အင်ကြင်းတောကြီးကနေ ရှင်တော်မြတ်ဗုဒ္ဓ (သိဒ္ဓတ္ထ) မွေးဖွားတော်မူခဲ့သော လ္ဗိုနီသာမော အင်ကြင်းတော-မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေ မွေးရပ်မြေကို ထွက်ခွါလာခဲ့ခြင်း ဖြစ်ပါသည်။
        ကုသိနာရုံကနေ လုမ္ဗနီသာမော အင်ကြင်းတော-နီပေါသို့ မနက် ၇ နာရီမှ စထွက်ခွါခဲ့ကြပါသည်။ အတော်လေးတော့ ဝေးပါသည်။ မနက် ၁၀ နာရီဝန်းကျင်လောက် စွန်နောလီ-မြန်မာကျောင်းသို့ ရောက်ရှိခဲ့ကြပါသည်။ ထိုကျောင်းတော်ကြီးသို့ ခေတ္တခဏ ၀င်နားက နေ့ဆွမ်းဘုဉ်းပေးကြပါသည်။ ထိုကျောင်းဆရာတော်ကား ရခိုင်တိုင်းရင်းသားတစ်ပါးဖြစ်သော်လည်း သဘောမနော ကောင်းပါသည်။ ပွင့်လင်းပြတ်သားမှုလည်း ရှိပါသည်။
        နေ့ဆွမ်းကိုကား ကုသိနာရုံမြန်မာကျောင်းတော်ကြီးကနေ အသင့်ယူလာသော ဆွမ်း-ဟင်းဖြင့် ဘုဉ်းပေးပြီး စွန်နောလိဆရာတော်နဲ့ နုတ်ဆက်စကားပြောကာ နီပေါသို့ ဆက်လက်ထွက်ခွါခဲ့ကြပါသည်။ စွန်နောလိဆရာတော်မှာလိုက်သော စကားများကား အိန္ဒိယ-Immigration Gateသို့ ရောက်သောအခါ မျက်မြင်ကိုယ်တွေ့ သိလိုက်ရပေသည်။
        ဆရာတော်ကား “အင်း.. ဦးဇင်းတို့ရေ အခုအိန္ဒိယ ဂိတ်က အရင်ကလိုတော့ မဟုတ်တော့ဘူး။ အားလုံးပြောင်းလဲကုန်ပြီ၊ အရင်ကတော့ မဂဓကျောင်းသားတွေ လို့ပြောပြီး လ္ဘက်ရည်ဖိုးလေး ဘာလေးပေးလိုက်ရင် ရတယ်။ အခုတော့ မရတော့ဘူး။ ဦးဇင်းတို့ Passport ပါတယ်မဟုတ်လား၊ အဆင်ပြေအောင်တော့ ပြောရမှာပေါ့” တဲ့။
        တကယ်ပါပဲ…ဟိုရောက်တော့ မင်းတို့ ထောက်ခံစာတွေ ဘာတွေ မပါလို့မရဘူး ဘာညာပေါ့။ ဒီကလဲ ကိုယ်တတ်သလောက်တော့ ပြောပြတယ် မရဘူး။ တတ်သလောက်ဆိုပေမဲ့ ဂိတ်ကလူတွေထက်တော့ သာအောင်ပြောခဲ့လိုက်နိုင်တယ် ထင်တာပဲ။ နောက်ဆုံးတော့…ဒါဆိုလဲ မင်းတို့အဆင်ပြေအောင်တော့ လုပ်ပေးကွာ၊ ငါတို့ကလဲ မင်းတို့အလိုကို လိုက်လျှောပါမယ်လို့ပြောလိုက်တော့မှ ဒါဆို တစ်ယောက်ကို တစ်ထောင် သုံးထောင်ပေးတဲ့။ သုံးယောက်စာအတွက်တောင်းတယ်။ သူငယ်ချင်းကလဲ များတယ်၊ နှစ်ထောင်လောက်ပြောလိုက်ကွာဆိုလို့ ပြောလိုက်တယ်။ တစ်ယောက်ကို ၅၀၀ပေါ့လေ။ (လာတာက လေးယာက်ကိုဗျာ။ ကိုယ်ကတော့ Tourist Visa ဆိုတော့ ပြဿနာ မရှိဘူးဆိုပါတော့။ သူငယ်ချင်းတွေက မဂဓကျောင်းသားတွေလေ စာရေးသူကို လိုက်ပို့ကြတာလေ။) နောက်ဆုံးတော့..၂၂၀၀ နဲ့အဆုံးသတ်သွားတယ်။ ဒီတော့မှ သူတို့ကိုယ်တိုင် ဒီပါချာဖောင်တွေဖြည့်ပေးပြီး လက်မှတ်ထုပေးလိုက်တာလေ။ “သူတို့လဲ လည်လာကြပြီ၊ ငွေရမှန်းသိတော့ တောင်းတတ်၊ ရစ်တတ်လာပြီ” လို့ သူငယ်ချင်းတွေကို ပြောမိလိုက်တယ်။
        မကြာဘူး…ငါးမိနစ်လောက် နေတော့ ဟိုဘက် နီပေါ့ဂိတ်ကိုရောက်ပါလေရော။ နီပေါဂိတ်ကိုဝင်ပြီ Arrival Visa အတွက် ဖောင်ဖြည့်ရတယ်။ လေးယောက်စာဆိုတော့ နည်းနည်းလေးကြာနေတယ်ဆိုပါတော့။ ဖြေနေစဉ်မှာပဲ ဂိတ်က လူတစ်ယောက်လာပြီး ဖြည့်ပုံနမူနာရေးပြတယ်။ သူကပြောသေးတယ်။ မင်းတို့ငွေပေးလိုက်ရင် အကုန်လုပ်ပေးတယ်တဲ့။ အော်…ဒီလိုလား။ ငါတို့က မသိဘူးကွာ။ သိလိုရှိရင်တော့ ဟုတ်တာပေါ့လို့ ပြန်ပြောလိုက်တယ်။ ဒါနဲ့ပဲ သူကိုကူဖြည့်ခိုင်းပြီး ပတ်စ်ပို့မိတ္တူဆွဲပြီး ငွေ ရူပီ ၅၀၀ ညှပ်ပေးလိုက်တယ်။ ဒီတော့မှ ကျေးဇူးဘာညာနဲ့လုပ်တာ။ စစ်တဲ့ကောင်တာက ၀န်းထမ်တစ်ယောက်ပေါ့။ နောက်..ဗီဇာထု-ငွေ Us 25 ဒေါ်သွင်းရတဲ့ကောင်တာရောက်တော့လဲ ၀န်ထမ်းကုလားမက လေးပါးစာ Us 100 သွင်းပြီးတဲ့အခါ ကုလားလို “ပါဏိ ကျရေ” လို့ပြောလိုက်တော့။ သူငယ်ချင်းဖြစ်သူ မောင်ပဏ္ဍိကတော့ အိန္ဒိယ-ကုလားစကားကို နည်းနည်းပါးပါးပြောတတ်တော့ နားလည်သလိုရှိတယ်လေ။ ဒါနဲ့..ဟိုဘက်ကောင်တာမှာ မင်တို့အားလုံးအတွက် ငွေ ငါးရာကြီးများတောင်ပေးပြီးပြီလို့ ပြောလိုက်ရတယ်။ ဒီကုလားမက မယုံသင်္ကာနဲ့ ဟုတ်လို့လားမေးပြီး တစ်ဘက်က ကောင်တာကိုလှမ်းမေးလိုက်သေးတယ်။ အင်း..ကြည့်ရတာတော့ ဒီဝန်ထမ်းတွေလဲ လစ်ရင်လစ်သလို သုတ်တတ်တဲ့ သဘောရှိမယ်ထင်ပါရဲ့လို့တော့ တွေးမိလိုက်တယ်။
        နီပေါ အင်မီဂရေးရှင်းဂိတ်မှာ အတော်လေးကြာသွားတယ်။ ပြီးတာနဲ့ ခရီးဆက်ခဲ့တယ်။ မြို့တွင်းကိုရောက်တော့ မြန်မာကျောင်းတော်ကြီးအတွင်းကို ၀င်ဖို့ကားအတွက် ၀င်ခွင့်လက်မှတ်ဖြတ်ရတယ်။မင်းတို့ဘယ်သွားမှာလဲ မေးတော့ မြန်မာကျောင်းကိုသွားမှာလို့ပြောလိုက်တယ်။ ဂိတ်စောင့်က ထပ်ပြောတယ်။ ငါးနာရီထိုးမှ အတွင်းကိုဝင်ရမယ်တဲ့လေ။
        ဒါနဲ့ ကပိလ၀တ္ထုရွှေမြို့တော်ကြီးကို သွားရောက်ခဲ့ကြတယ်။ ကပိလ၀တ္ထုကို သွားရာလမ်းမှာ ထူးထူးဆန်းဆန်း ရှင်တော်မြတ်ဗုဒ္ဓ၏ နောက်ဆုံးသကျ မျိုးနွယ်ဝင်ဆိုသော မိသားစုတိုက် အိမ်လေးကို တွေ့ခဲ့ရပါတယ်။ ၀မ်းသာပီတိတွေလဲ ဖြစ်ခဲ့ရပါတယ်။ ရင်ထဲမှာ တစ်မျိုးခံစားမိပါတယ်။ အိန္ဒိယ ခရီးစဉ်တစ်လျှောက် မြတ်ဗုဒ္ဓ၏ ဇာတိချက်ကြွေ မွေးရပ်မြေဖြစ်သော လုမ္ဗနီသာမော အင်ကြင်းတောကြီးနဲ့ ကပိလ၀တ္ထုမှာတော့ နီပေါသူလေးများကို ကြည့်ရမြင်ရတော့ အတော်လေး ကိုကြည်နူးမိပါတယ်။ အရမ်းလဲ ဂုဏ်ယူမိပါတယ်။ တိုက်အိမ်ကလေးမှာ အပေါ်ထပ်မှာ မြတ်ဗုဒ္ဓရုပ်ပွားတော်ကြီးတစ်ဆူ တည်ထားပူဇော်ထားပါတယ်။ နောက်ပြီး… အခြားတစ်ဘက်ခန်းမှာလဲ ဘုရားလောင်းဖွားမြင်တော်မူပုံကို အုဋ်အင်္ကတေးဖြင့် ပုံဖော်ထားပါသည်။ ဒီအိမ်က ကလေးမလေးနှစ်ယောက်နဲ့အတူ အမှတ်တရ ဓာတ်ပုံရိုက်ပြီး မုန့်ဖိုးပေးကာ ကပိလ၀တ္ထုကို ခရီးဆက်ခဲ့ကြပါတယ်။ (ကပိလ၀တ္ထုအကြောင်းကို-ဆက်ရန်)
အားလုံးပျော်ရွှင်ချမ်းမြေ့ သာယာအေးချမ်းပါစေလို့..အမေ့မေတ္တာအရှင်၊ ခေတ္တ-ဂါယာ။

No comments:

Post a Comment