Saturday, March 24, 2012

ရုပ်တရား၏ အလှသဘော!

           ရုပ်တရား၏အလှသဘော!
         အဆန်းတကြယ် ခြယ်သထားသည့် အရုပ်နှင့်တူသော အရိုးတို့အပြည့်ဖြင့် ထောင်းထားအပ်သော, အနာရောဂါတို့ စုဝေးရာဖြစ်သော, နာကျင်တတ်သော, များစွာသောလူတို့ ကြံစည်အပ်သော ခန္ဓာကိုယ်ကို ကြည့်လော့။ အမြဲတစေ တည်မြဲနေခြင်းသည် မရှိချေ။
         "Behold the paired image , a body full of wounds, put together, diseased, the object of thought of many, in which    here is neither permanence nor stability."
              ယဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။
              အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ။
       ဒီတရားတော်လေးကို မြတ်စွာဘုရားက သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်ကြီးမှာ သီတင်းသုံးစဉ် သီရိမာလို့ခေါ်တဲ့ ပြည်တန်ဆာမလေးကို အကြောင်းပြုပြီး ဟောကြားခဲ့ပါတယ်။ တစ်ခါတုန်းက ရာဇဂြိုဟ်ပြည်မှာ သီရိမာလို့ခေါ်တဲ့ အရမ်းကို ချောမောလှပတဲ့ ပြည်တန်ဆာမလေး နေထိုင်ခဲ့ပါတယ်။ သူမက နေ့တိုင်းရဟန်းရှစ်ပါးကို ဆွမ်းကပ်လေ့ရှိပါတယ်။ သီရိမာအိမ်ကိုဆွမ်းစားကြွဖူးတဲ့ ရဟန်းတော်တစ်ပါးက အခြားသော ရဟန်းတော်များကို သီရိမာရဲ့ လှပပုံ၊ နေ့စဉ်သံဃာတော်တွေကို အရသာရှိသော ဆွမ်းခဲဘွယ်များကို ကပ်လှူပုံကို ပြောပြပါတယ်။
     သီရိမာ အကြောင်းကိုကြားသိတဲ့ ကိုယ်တော်လေးတစ်ပါးက သီရိမာကို မမြင်ဘူးပါဘဲနဲ့ ချစ်မိသွားတယ်။ နောက်နေ့ ဒီကိုယ်တော်လေးက အခြားသော ရဟန်းတော်များနဲ့အတူ သီရိမာ အိမ်မ်ကို ကြွသွားခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီနေ့က သီရိမာလေးက အတော်လေးကို နေမကောင်းဖြစ်နေတာပါ။ ရဟန်းသံဃာတော်တွေကို ရှိခိုးဖို့တောင် သူရဲ့ မောင်းမတွေက သယ်မပေးရတာပါ။ သီရိမာကို မြင်တော့ ကိုယ်တော်လေးက" အော်-သီရိမာရယ် နေမကောင်းဖြစ်နေတာတောင် အရမ်းကို လှပနေပါလား" လို့ တွေးမိခဲ့ပါတယ်။ နောက်-ကိုယ်တော်လေးက သီရိမာအပေါ်မှာ အတော်လေးကို ဆန္ဒတွေက ပြင်းထန်ခဲ့ပါတယ်။ အတော်လေးကို ပိုပြီး တပ်မက်သွားခဲ့တယ်လေ။
     အဲ့ဒီညမှာပဲ-သီရိမာ သေသွားခဲ့တယ်။ ဘုရင် ဗိမ္ဗိသာရက မြတ်ဗုဒ္ဓအထံကို သွား လျှောက်တယ်။ ဇီဝကရဲ့ နှမတော်သီရိမာလေး သေရှာပြီဘုရား လို့။ ဘုရားက ပြန်မိန့်တယ်။ ဒကာတော် မင်းကြီး- အလောင်းကောင်-ခန္ဓာကိုယ်ကို သုဿန်ကို သယ်သွားပါ။ မီးမရှို့ဘဲ သုံးရက်ထားပါ။ ကျီးကန်းတွေ-လင်းတတွေကိုတော့စောင့်ရှောက်ပါလို့။ ဘုရင်က ဘုရား ဆန္ဒအတိုင်း ဆောင်ရွက်ခဲ့ပါတယ်။ လေးရက်မြောက်မှာ- သီရိမာရဲ့ အသေကောင် ကိုယ်ခန္ဓာကြီးဟာ အလှအပတွေ-တပ်မက်စရာတွေ မှရှိတော့ပါဘူး။ ဒွါရကိုးပေါက်မှ ပုတ်ပွ ဖောင်းကားလာပြီး လောက်တွေ တက်နေခဲ့ပါတယ်
    အဲ့ဒီနေ့မှာပဲ မြတ်စွာဘုရားက ရဟန်းတော်တွေကို သီရိမာရဲ့ အလောင်းကောင်ကြီးကို ရှုမှတ်စဉ်ခြင်ဖို့ သုဿန်သို့ ခေါ်လာခဲ့ပါတယ်။ ဘုရင်ကလဲ နောက်လိုက်များစွာနဲ့ သုဿန်သို့ ရောက်လာခဲ့ပါတယ်။ သီရိမာကို စွဲစွဲလန်းလန်း ချစ်ခဲ့သော ရဟန်းတော်လေးက သီရိမာ သေပြီဆိုတာကို မသိခဲ့ပါဘူး။ မြတ်စွာဘုရား နဲ့ သံဃာတော်တွေ သီရိမာဆီကို ကြွမယ်ဆိုတော့မှ သူက ထ လိုက်လာခဲ့ပါတယ်။ သုဿန်အရောက်မှာ မြတ်စွာဘုရားနဲ့သံဃာတော်တွေ၊ ရှင်ဘုရင်နဲ့ မှူးမတ်တွေ ခြံရံပြီး သီရီမာရဲ့ အလောင်ကောင်ကြီးကို ၀ိုင်းရံကြပါတယ်။
     နောက်--မြတ်ဗုဒ္ဓက - သီရိမာကို တစ်ညအသပြာတစ်ထောင်ပေးခြင်းငှါ စွမ်းနိုင်မည်လား လို့ကျေငြာဖို့ ဘုရင်ကို မိန့်ခဲ့ပါတယ်။ သို့သော် တစ်ယောက်မှ အသပြာတစ်ထောင်ဖြင့် သီရိမာကို လိုချင်သူ မရှိခဲ့ပါဘူး။ နောက်-အသပြာ ငါးရာ။ နောက်-အသပြာ နှစ်ရာငါးဆယ်။ နောက်-အခမဲ့တောင် သီရိမာကို လိုချင်သူ မရှိခဲ့ပါဘူး။
     နောက်--ဗုဒ္ဓက " ချစ်သား-ရဟန်းတို့ ! ကြည့်လိုက်စမ်းပါ သီရိမာကို။ သူမ အသက်ရှိစဉ်တုန်းကတော့ သူမနဲ့ အတူ တစ်ညတာပျော်ပါးဖို့ အသပြာတစ်ထောင် ပေးချင်သူတွေ များစွာရှိခဲ့ပါတယ်။ ခုတော့-အလကားပေးတာ-အခမဲ့ဆိုတာတောင် သူမကို ဘယ်သူမှ မလိုချင်ကြတော့ဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကြီးဟာ ဆွေးမြေ့ ယိုယွင်းသွားရတယ်-လို့။
 တရားဒေသနာတော်ရဲ့ အဆုံးမှာတော့ သီရိမာကို စွဲလန်းလို့ အသဲတွေကျွမ်းခဲ့ရတဲ့ကိုယ်တော်လေး သောတာပတ္တိ အဆင့်ကို ရောက်သွားပါတယ်။
      ဒီဒေသနာတော်လေးကို ဖတ်ပြီး အားလုံးသော သက်ရှိသတ္တ၀ါတွေသည် သေရမည်သာ ဖြစ်သည်။ အသက်ရှင်ခြင်းအစ သေဆုံးခြင်းသာ အဆုံးရှိခြေ၏။ ပျိုမြစ် လှပခြင်းအစ အိုမင်း ရင့်ရော်ခြင်းသာ အဆုံးရှိခြေ၏။ ချစ်ခြင်းအစ မုန်းခြင်းသာလျှင် အဆုံးရှိခြေ၏။ပြုံးခြင်း အစ- ငိုခြင်းသာလျှင် အဆုံးရှိခြေ၏။ တွေ့ဆုံခြင်းအစ-ကွေကွင်းခြင်းသာလျှင် အဆုံးရှိခြေ၏။ တရားသဘောကို နားလည်သဘောပေါက်ကာ လိုတာထက် ပိုမချစ်မိဖို့။ ရှိသင့်တာထက် သံယောဇဉ်တွေ ပိုမထားမိကြဖို့။ သတိတရားတွေအမြဲထားကာ-မသေခင် လူ့ဘ၀ခဏတာအချိန်လေးမှာ ဒါန-သီလ-ဘာဝနာတွေကို မမေ့ဖို့။ လူ့ဘ၀ဆိုတာ ရေဗွက်ပမာ ခဏလေးရယ်ပါ။
    နောက်--လှပသူတွေက အလှတရားအပေါ်မှာ ရှိသင့်-ထာသင့်သော မာနထက် ပိုမထားမိကြဖို့။ ချမ်းသာသော သူများကလဲ စည်းစိမ်ဥစ္စာအပေါ်မှာ လိုတာထက်ပိုပြီး မတွယ်တာကြဖို့-အသိလေးဝေငှခြင်းရယ်ပါ။ အားလုံး ကာယ -စိတ္တ နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ။ အရှင်--နရိန်။

No comments:

Post a Comment